သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ဆွစ်ဇာလန် ရောက်


မြန်မာသမ္မတဦးသိန်းစိန်နှင့်အစိုးရအဖွဲ့ ဆွစ်ဇာလန်နိုင်ငံကအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်။ (စက်တင်ဘာ ၅၊ ၂၀၁၄။ ဓာတ်ပုံ/ ဦးရဲထွဋ်-ဖဘ)
မြန်မာသမ္မတဦးသိန်းစိန်နှင့်အစိုးရအဖွဲ့ ဆွစ်ဇာလန်နိုင်ငံကအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်။ (စက်တင်ဘာ ၅၊ ၂၀၁၄။ ဓာတ်ပုံ/ ဦးရဲထွဋ်-ဖဘ)

ဥရောပ သုံးနိုင်ငံခရီးစဉ်ထွက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အခု ဆွစ်ဇာလန်နိုင်ငံကို ရောက်ရှိနေပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဥရောပ နိုင်ငံတွေနဲ့ သံတမန်ရေး ရင်းနှီးဆက်ဆံမှု ပိုနီးစပ်လာနေတာလည်းဖြစ်ပါတယ်။ ဥရောပအစိုးရတွေအနေနဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း မြန်မာအစိုးရရဲ့ လက်တွေ့ကျတဲ့ဆောင်ရွက်မှုတွေရှိ မရှိ သတိထား စောင့်ကြည့်ဆက်ဆံဖို့ ဥရောပရောက်မြန်မာတွေက သတိပေး ပြောဆိုကြပါတယ်။ သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ် နောက်ဆုံးရသတင်းကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

စက်တင်ဘာလ (၁) ရက်နေ့ကစလို့ ဆယ်ရက်တာကြာမြင့်မယ့် အနောက်ဥရောပ သုံးနိုင်ငံခရီးစဉ်အတွင်း ဂျာမနီနိုင်ငံ ခရီးစဉ်အပြီးမှာတော့ စက်တင်ဘာလ ၄ ရက်နေ ညနေပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံကို မြန်မာသမ္မတဦးသိန်းစိန်နဲ့ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်က ဆွစ်ဇာလန်သမ္မတ Didier Burkhalter နဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ပြုပြင် ပြောင်းလဲရေး ဖော်ဆောင်နေတဲ့အချိန် ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေနဲ့အတူ ဆွစ်ဇာလန်နိုင်ငံဘက်က မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ထောက်ခံ အားပေးကူညီမှုတွေနဲ့ပတ်သက်လို့ နှစ်နိုင်ငံ သမ္မတနှစ်ဦး ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲ အပြီးမှာတော့ နှစ်နိုင်ငံသမ္မတ နှစ်ဦး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က သတင်းဖော်ပြထားပါတယ်။

မြန်မာသမ္မတဦးသိန်းစိန်နဲ့ ဆွစ်ဇာလန်သမ္မတ Didier Burkhalter တို့ သတင်းစာရှင်းလင်းပွဲ။ (စက်တင်ဘာ ၅၊ ၂၀၁၅/ ဓာတ်ပုံ- ဦးရဲထွဋ်( ပြန်ကြားရေးဝန်ကြီး) ဖဘ)
မြန်မာသမ္မတဦးသိန်းစိန်နဲ့ ဆွစ်ဇာလန်သမ္မတ Didier Burkhalter တို့ သတင်းစာရှင်းလင်းပွဲ။ (စက်တင်ဘာ ၅၊ ၂၀၁၅/ ဓာတ်ပုံ- ဦးရဲထွဋ်( ပြန်ကြားရေးဝန်ကြီး) ဖဘ)

အခုလို သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေဆီ ချဉ်းကပ်မှုတွေ အရှိန်တိုးမြင့်လာမှုနဲ့ ဥရောပနိုင်ငံတွေ ဘက်ကလည်း စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအချို့လျှော့ချပေးလိုက်သလို ချေးငွေအချို့လျှော်ပေးတာမျိုးနဲ့ အကူအညီတွေ ပိုတိုးပေးလာတဲ့ အနေအထားအပေါ် ဥရောပရောက်မြန်မာတွေဘက်က သတိထား ဆက်ဆံဖို့ကို ဥရောပအစိုးရတွေကို သတိပေးပြောဆိုမှုတွေရှိပါတယ်။

ဦးသိန်းစိန်အစိုးရဟာ အပြောနဲ့လက်တွေ့ညီတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေသလားဆိုတာ ဥရောပခေါင်းဆောင်တွေ ဆန်းစစ်ဖို့လိုတယ်လို့လည်း နယ်သာလန်ရောက် မြန်မာအရေးလှုပ်ရှားသူ ဦးမြတ်သီဟက ဆိုပါတယ်။

“စီးပွားရေးဖွံ့ဖြိုးမှုတွေကို စတင်ပြီးတော့ ဖွင့်ပေးလိုက်တဲ့အချိန်မှာ ဥရောပသမဂ္ဂနေပြီးလည်း တောက်လျောက်ဖွင့်ပေးလိုက်တဲ့အချိန်မှာ ဒီဘက်ကနေပြီးတော့ ဖွင့်ပေးလိုက်တဲ့စီးပွားရေးတွေ၊ ဒီဘက်က ထပ်ပြီးတော့ ပေးချင်တဲ့ အတတ်ပညာတွေ၊ အသိပညာတွေပေါ့- ထပ်ပေးချင်တယ်၊ ဒါပေမယ့် သူ ယနေ့လာခြင်းသည် သူတို့ နောက်ဆုံး တတိယလိုင်းအနေနဲ့ ရှေ့ဆက်ပြီးတော့ ၂၀၁၅ ကို ကျော်နိုင်ဖို့အတွက်၊ ဒါမှမဟုတ် ၂၀၁၅ ရွေးကောက်ပွဲကို အချိန်ဆွဲချင် ဆွဲလိုက်မယ်။ နောက်တနှစ်ဆွဲလိုက်မယ်။ ဒါမှမဟုတ် ၂၀၁၇ အထိ ဖြစ်ရင် ဖြစ်သွားမယ်။ ဒီကြားထဲမှာ သူတို့အလုပ်လုပ်ဖို့ အတွက်ကို တဘက်ကနေပြီး အယောင်ပြဖို့ လာခြင်းဖြစ်သလို တဘက်ကလည်း သူတို့ရဲ့အကူအညီတွေနဲ့ သူတို့ရဲ့ထွက်ပေါက်အတွက် ထပ်ပြီးတော့ အသက်ရှူချောင်အောင် ကြိုးစားခြင်းဖြစ်တဲ့အတွက် နယ်သာလန်ရောက်နေတဲ့ တတ်နိုင်တဲ့ညီအကိုတွေကနေပြီးတော့ နယ်သာလန်အစိုးရကို ဦးသိန်းစိန်အစိုးရနဲ့ပတ်သက်ပြီးတော့ သူတို့ လုပ်ဆောင်နေတဲ့ အလုပ်တွေသည် လက်တွေ့ကျမှုတွေ မရှိဘူး၊ ပြောဆိုမှုတွေကို သတိထားပြီးတော့ ဆောင်ရွက်ပါလို့ အကိုတို့က ဒါမျိုး တိုက်တွန်းထားတာရှိတယ်။”

သမ္မတဦးသိန်းစိန်ဟာ ဆွစ်ဇာလန်ခရီးစဉ်ပြီးရင်တော့ သူ့ရဲ့ဥရောပခရီးစဉ်အတွင်း နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ နယ်သာလန်နိုင်ငံကို စက်တင်ဘာလ ၇ ရက်နေ့မှာ ခရီးဆက်မှာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ နယ်သာလန်ခရီးစဉ်အတွင်း လက်ရှိမြန်မာနိုင်ငံတွင်း က နိုင်ငံရေးအခြေအနေ ပြုပြင် ပြောင်းလဲရေး ဖော်ဆောင်နေမှုတွေကို တိုက်ရိုက်ဆွေးနွေးခွင့်ရဖို့ နယ်သာလန်ရောက်မြန်မာနိုင်ငံသားတွေက နယ်သာလန်နိုင်ငံခြားရေးဌာနကို တောင်းဆိုထားပါတယ်။ နယ်သာလန်ရောက်မြန်မာတွေက သမ္မတဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာပေးဖို့ စီစဉ်ထားတဲ့အကြောင်း နယ်သာလန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က ဒုဥက္ကဋ္ဌ ဦးမိုးကျော်က ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်ရက်လောက်က နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ပြီးတော့ သူလာမယ်ဆိုတာ သိတာနဲ့ ကျနော်တို့ မေးထားတယ်။ ဘယ်အချိန် လာမှာလဲ၊ ဘယ်နေ့လာမလဲပေါ့နော်။ အဲလိုမေးတော့ ကျနော်တို့ဆီကို အကြောင်းပြန်ကြားလာတယ်။ ၇ ရက်နေ့ကနေ စရောက်ပြီးတော့ ဆယ်ရက်နေ့ အထိ နေမယ်လို့ ပြောသွားတယ်လေ။ ကျနော်တို့က သူလာတဲ့အချိန်မှာ ဆန္ဒပြတာထက်ကို ရင့်ကျက်တဲ့နိုင်ငံရေးသမားတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ပဲ လုပ်ဖို့ စဉ်းစားထားတယ်လေ။ သူလာတဲ့အချိန်မှာ ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေပြောပြီးတော့ ဆန္ဒပြမှာတော့ မဟုတ်ဘူး။ ကျနော်တို့ရဲ့ သဘောထား ထုတ်ပြန်ကြေညာချက်ကို သူ့ကို အိတ်ဖွင့်ပေးစာ တစ်စောင်ပေးမယ်။ ပြီးလို့ရှိရင် ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း တစ်စောင် ပေးမယ်ပေါ့နော်။ လက်ရှိဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ်မှာ-စသဖြင့်ပေါ့။ အဲဒါကို တောင်းဆိုပြီးတော့ သူတို့ကို ရှင်းပြ၊ ပြောပြမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သဘောထား ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်တဲ့အခါမှာ အဲဒီအစိုးရကိုလည်း ဒီထုတ်ပြန်ကြေညာချက်တွေကို အသိပေးမယ့်အပြင်ကို ကျနော်တို့အနေနဲ့ လက်ရှိအစိုးရအနေနဲ့ သူတို့ပြောထားတာနဲ့ လက်တွေ့လုပ်နေတာ တခြားစီဖြစ်နေတာလေ၊ သိပ်ပြီးတော့ ယုံကြည်မှုသဘောထားတွေ မလွယ်ဖို့နဲ့ တခြားလိုအပ်တဲ့အကူအညီတွေ တအားကြီး လွန်ကျွံပြီးတော့ ယုံကြည်မှုမရှိလိုက်ဖို့ အဲဒါကို ရှင်းပြ၊ ပြောပြပြီးတော့ တောင်းဆိုမှာ ဖြစ်ပါတယ်။”

နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ပြည်ထောင်စု ဝန်ကြီးတချို့ လိုက်ပါသွားကြတာဖြစ်ပါတယ်။ ဦးသိန်းစိန်ဟာ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၈ ရက်အထိ ဥရောပ ငါးနိုင်ငံ နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံကို သွားရောက်ခဲ့သလို၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အထိ ဥရောပနှစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံကိုလည်း သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ အခု တတိယအကြိမ်မြောက် ဥရောပခရီးစဉ်မှာတော့ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေဆီ သွားရောက်တာဖြစ်ပါတယ်။

XS
SM
MD
LG