သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ကလင်တန် သမ္မတဦးသိန်းစိန်၊ ဒေါ်စုတို့နဲ့တွေ့


အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ မြန်မာသမ္မတဦးသိန်းစိန် နိုင်ငံတော်သမ္မတအိမ်တော်တွင် တွေ့ဆုံစဉ်။ (သတင်းမှတ်တမ်း Credit to နိုင်ငံတော်သမ္မတရုံး)
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ မြန်မာသမ္မတဦးသိန်းစိန် နိုင်ငံတော်သမ္မတအိမ်တော်တွင် တွေ့ဆုံစဉ်။ (သတင်းမှတ်တမ်း Credit to နိုင်ငံတော်သမ္မတရုံး)
မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်ကို ဒီကနေ့ မနက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်က လက်ခံတွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကလင်တန်ရဲ့ ကလင်တန် ဖောင်ဒေးရှင်းနဲ့ မြန်မာအစိုးရအကြား ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေနဲ့ အကူအညီပေးရေး ကိစ္စရပ်တွေကို မြန်မာသမ္မတနဲ့ အမေရိကန် သမ္မတဟောင်း တို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မစ္စတာကလင်တန်ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်ဟာ သူ့ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး အင်္ဂါနေ့က မြန်မာနိုင်ငံဆီ ရောက်လာတာပါ။ ဒီကနေ့ မနက် ၉ နာရီခွဲမှာ သမ္မတဦးသိန်းစိန်က မစ္စတာ ကလင်တန်ကို နေပြည်တော်၊ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံတာမှာ ကလင်တန်ဖောင်ဒေရှင်းနဲ့ မြန်မာနိုင်ငံအစိုးရတို့အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုမှု၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီ ဆောင်ရွက်လိုမှု၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ကဏ္ဍစုံ ချဲ့ထွင်နိုင်ရေး၊ HIV, AIDS, TB ရောဂါဝေဒနာရှင်တွေကို ဆေးဝါးတွေ ဖြန့်ဖြူးပေးရေးနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီ ဆောင်ရွက်သွားလိုမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ ငါးနှစ်အောက် ကလေး၊ မွေးကင်းစကလေးနဲ့ မိခင် သေဆုံးမှု လျော့ကျရေးတို့အတွက် ငွေကြေးနဲ့ သင်တန်းတွေ အထောက်အကူပြုနိုင်မှုတို့နဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးဇော်ဌေးက သူ့ရဲ့ FaceBook စာမျက်နှာမှာ ရေးထားပါတယ်။

အဲဒီ တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်း၊ ဦးခင်ရီနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြတယ်လို့လည်း ပြောထားပါတယ်။
မြန်မာအစိုးရက တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲသာ ဖြစ်လာခဲ့မယ်ဆိုရင် အခုရောက်နေတဲ့ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်၊ ဒီကနေ့မှာပဲ ရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ (Tony Blair)၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်း (Ban ki-Moon)၊ အမေရိကန် သမ္မတဟောင်း နောက်တစ်ဦးဖြစ်တဲ့ ဂျင်မီ ကာတာ (Jimmy Carter)၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် (Hillary Clinton) တို့ကို လက်မှတ်ရေးထိုးပွဲတက်ဖို့ ဖိတ်ကြားမယ်လို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စကို အဓိက တာဝန်ယူ လုပ်ဆောင်နေတဲ့ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သူ ဦးအောင်မင်းက ပြောထားဖူးပါတယ်။

လက်ရှိအချိန်ထိတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ် မလာသေးသလို ဘယ်တော့ဖြစ်မယ်ဆိုတာကို လည်း အတိအကျ မပြောနိုင်သေးပါဘူး။ ဒုဝန်ကြီး ဦးရဲထွဋ် ကတော့ သမ္မတဟောင်းကလင်တန်ရဲ့ အခုခရီးစဉ်ဟာ ငြိမ်းချမ်းရေးကိစ္စ တစ်ခုထဲသက်သက်နဲ့ ဆိုင်တဲ့ခရီးစဉ် မဟုတ်ပါဘူးလို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့မှ သူတို့အတွေ့အကြုံတွေပြောတာပေါ့နော်။ ပြောတယ်။ အကြံညဏ်ပေးတယ်။ နောက်ပြီးတော့ Capacity Building နဲ့ပတ်သက်ပြီးတော့ သူတို့လုပ်ပေးနိုင်တဲ့ကိစ္စတွေရှိတယ်။ အဲ့တာတွေ ပေါ့ ဥပမာ ကလင်တန်ဆိုလည်း ကလင်တန်ဖောင်ဒေးရှင်းနဲ့ ကျမ်းမာရေး၊ ပညာရေးကိစ္စတွေ လုပ်နေတာတွေရှိတယ်။ ဒီလိုဟာမျိုးတွေအတွက် သူတို့လုပ်ပေးနိုင်တဲ့ အခြေအနေတွေပေါ့လေ။ ဒါမျိုးတွေကို ခြုံငုံပြီးတော့ ဖလှယ်တာပါ။ ကိစ္စတခုခြင်း သီးသန့်ရယ်လို့ မဟုတ်ပါဘူး။"

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။
သမ္မတဟောင်း ဘီလ် ကလင်တန်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားတွေ့ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ အသေး စိတ်တွေကိုတော့ မသိရသေးပါဘူး။

မစ္စတာကလင်တန်ဟာ CGI လို့ခေါ်တဲ့ Clinton Global Initiative ကို ၂၀၀၅ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး CGI အနေနဲ့ ကမ္ဘာတဝန်း နယ်ပယ်အသီးသီးမှာ ဦးစီးဦးဆောင်လုပ်နေသူတွေကို စုစည်းပြီး ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ အရေးတကြီး စိန်ခေါ်မှု တွေအတွက် ထိုးထွင်း ဆန်းသစ်တဲ့ အဖြေတွေ ရှာဖို့နဲ့ အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုမျိုး မစ္စတာကလင်တန်လို၊ မစ္စတာ တိုနီ ဘလဲလို ထင်ရှားပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ မြန်မာနိုင်ငံဆီ လာရောက်ပြီးတော့ တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်တဲ့အတွက် အကျိုးကျေးဇူး နှစ်ခုရပါတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

"နံပတ်တစ်ကတော့ နိုင်ငံတော်သမ္မတကြီးဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်တွေပေါ်မှာ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ စိတ်ချမှုကို သက်သေပြရာရောက်တာပေါ့။ ဒီလိုအဲ့လိုဖြစ်တဲ့အတွက် ကျနော်တို့ အသွင်ကူးပြောင်းရေးလုပ်ငန်း၊ ဆောင်ရွက်နေတဲ့အခါမှာ ပိုပြီးတော့မှ ယုံကြည်မှုတွေ၊ မျှော်လင့်ချက်သစ်တွေ ရပါတယ်။

နံပတ်နှစ်ကတော့ သူတို့က နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့အပြင် ကမ္ဘာ့ခေါင်းဆောင်တွေဖြစ်တဲ့အတွက် နိုင်ငံအသီးသီးရဲ့ အသွင်ကူးပြောင်းရေးကာလဖြစ်စဉ်တွေကို သူတို့သိခဲ့တယ်။ သူတို့ဝင်ကူညီခဲ့တာတွေရှိတယ်။ အဲ့ဒီ့ဖြစ်စဉ်တွေရဲ့ အမှားတွေ၊ အမှန်တွေ သင်္ခန်းစာတွေရှိတယ်။ အဲ့ဒီ့အတွေ့အကြုံတွေကို ကျနော်တို့ကို မျှဝေပေးနိုင်တာပေါ့။ ဒီအကျိုးကျေးဇူး နှစ်ခုရပါတယ်။"

သမ္မတဟောင်းကလင်တန် သူ့ရဲ့သမ္မတသက်တမ်း ကုန်ဆုံးပြီးတဲ့နောက် စပြီး တည်ထောင်ခဲ့တဲ့ ကလင်တန်ဖောင်ဒေးရှင်းရဲ့ လက်ရှိ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ သူ့ရဲ့သမီးလည်းဖြစ်တဲ့ ချယ်လ်ဆီး ကလင်တန် (Chelsea Clinton) ဟာလည်း ဒီ့မတိုင်ခင်က မြန်မာနိုင်ငံဆီ လာရောက်ခဲ့ဖူးပါတယ်။ ဇနီးဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ဟာလည်း နိုင်ငံခြားရေး ဝန်ကြီးဘဝတုန်းက တာဝန်နဲ့ မြန်မာနိုင်ငံဆီ လာရောက်ခဲ့ဖူးပါတယ်။

ဒီကနေ့ ကြာသပတေးနေ့မှာပဲ မြန်မာနိုင်ငံရောက်နေပြီဖြစ်တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ ဟာလည်း သောကြာနေ့ နေ့လည် ၂ နာရီကနေ ၃ နာရီအထိ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန (MPC) မှာ အစွန်းရောက်ဝါဒကို တန်ပြန်ခြင်းနှင့် ဘာသာပေါင်းစုံ နားလည်မှု မြှင့်တင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောဖို့ရှိပါတယ်။
XS
SM
MD
LG