သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူပူမှုတွေကို အရပ်သား အုပ်ချုပ်မှုအာဏာနဲ့ ထိရောက်စွာနှိမ်နင်းမည်


နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြောကြားစဉ် ( မတ်လ ၂၈၊ ၂၀၁၃) သတင်းမှတ်တမ်း- သမ္မတရုံးဝဘ်ဆိုက်ဒ်
နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြောကြားစဉ် ( မတ်လ ၂၈၊ ၂၀၁၃) သတင်းမှတ်တမ်း- သမ္မတရုံးဝဘ်ဆိုက်ဒ်
ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု ထိပါးတဲ့ လုပ်ရပ်မှန်သမျကို မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့ သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ်သားစွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောကြားချက်တချို့နဲ့အတူ သတင်းအပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် သတင်းထောက်ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ယုံကြည်တဲ့ ဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် အတွက် နိုင်ငံသားအခွင့်အရေးမှာ လွတ်လွတ်လပ်လပ်ပေး ထားပြီး ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ အခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်က နိုင်ငံသားအခွင့်အရေးအနေနဲ့ အခွင့်အရေးအပြည့်အဝ ပေးထားပြီးဖြစ်ပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုလိုအကြမ်းဖက် လုပ်ရပ်တွေ နယ်မြို့တွေ မှာ ဖြစ်နေတုန်း ဘာသာရေး လွတ်လပ်ခွင့်ရှိတယ်လို့ ပြောလာတဲ့ နိုင်ငံတော်သမ္မတ မိန့်ခွန်းကို ကြိုဆို ထောက်ခံတယ်လို့ အိုလာမာ အစ္စလာမ်သာသနာ ပညာရှင်များ အဖွဲ့ချုပ်က
အတွင်းရေးမှူးအဖွဲ့ဝင် ဦးတင်နိုင်ကပြောပါတယ်။

“ကျနော်အနေနဲ့ကတော့ ဒီမိန့်ခွန်းကို များစွာကြိုဆိုပါတယ်။ သမ္မတကြီး ဒီလိုပြောဆိုတဲ့ကိစ္စမှာလည်း လွန်စွာ နှစ်ထောင်းအားရဖြစ်မိပါတယ်။ တိတိကျကျ အရေးယူဆောင်ရွက်သွားမယ်ဆိုရင် ပဋိပက္ခတွေ နောက်နောင်မဖြစ်နိုင်ပါဘူးခင်ဗျ။”

မိထ္တိလာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး အခြားနယ်မြို့တွေမှာပါ ဘာသာရေးကို အခြေပြုတဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေ တောက်လျောက်ဖြစ်ပွားလာခဲ့တဲ့အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် အရေးယူမှု တွေ လုပ်ဆောင်သင့်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။

“ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံံ့ပြတ်သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။”

အခုလို နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက် ကိုင်တွယ်ဖို့ လိုအပ်တဲ့ အကြောင်း မိန့်ခွန်းထဲ ထည့်သွင်း ပြောလာတဲ့အပေါ်မှာ ဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီက ပြောပါတယ်။

“နံပတ်တစ်ကတော့ ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနက ရဲဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ ကိုင်တွယ်ရမယ့်ကိစ္စတွေကို ရဲရဲဝင့်ဝင့်ပြတ်ပြတ်သားသား ကိုင်တွယ်ဖု့ိ့ အတွက် ပြောလိုက်တယ်လေ။ နောက်တခုကလည်း ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာ မှာ သက်ဆိုက်ရာတပ်က ကိုင်ရင် အလွန်အကျွံဖြစ်မှာကို စိတ်ပူတယ်။ ဟိုတခါကလိုပေါ့ဗျာ။ လက်ပံတောင်းတောင်ကိစ္စလိုမျိုးတွေ ဖြစ်မှာကိုလည်း စိတ်ပူတာပေါ့ဗျာ။ ဆိုလိုချင်တဲ့သဘောက ဘာကိုကောက်ချက် ဆွဲလို့ရလည်းဆိုတော့ ပြဿနာတခုကို မြန်မြန်ဆန်ဆန်နဲ့သပ်သပ်ရပ်ရပ်ဖြေရှင်းနိုင်ဖို့အတွက် ရဲဝန်ထမ်းတွေရဲ့အရည်အသွေးကိုမြှင့်တင်ရမယ်ဆိုတာတော့ ကောက်ချက်ချလို့ရတယ်ခင်ဗျ။”

အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးတော့ ဒီမိုကရေစီ အသီးအပွင့်တွေ ရရှိအောင် ဆောင်ရွက်သင့်တယ်လို့ လည်း နိုင်ငံတော်သမ္မတက ပြောပါတယ်။

“အချင်းချင်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်းဆုံးအဖြေကိုရှာဖို့ ဒီမိုကရေစီ အလေ့အကျင့်ကို ကျင့်သုံးခြင်းကသာ ပေါ်ပေါက် လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းခြင်းဖြစ်စဉ်ကို ပံ့ပိုးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။”

နိုင်ငံတော်သမ္မတရဲ့ အခုလို ဘာသာရေး ပဋိပက္ခတွေ မဖြစ်အောင် ပြောကြားလာတဲ့ သမ္မတမိန့်ခွန်းဟာ ဘယ်လောက်အာဏာရှိမလဲ ဆိုတာကတော့ စောင့်ကြည့် သုံးသပ်ရမှာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ဥပဒေအရလုပ်မယ်။ အကောင်းဆုံး လုပ်မယ်ဆိုတာကိုတော့ ကြိုဆိုတာပေါ့ဗျာ။ အမြန်ဆုံးလုပ်ဖို့ လိုတယ်။”

ဒီတစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ နှစ်ဖက်ဘာသာရေး ခေါင်းဆောင်တွေရဲ့ထိန်းသိမ်းမှုတွေကို လည်း အသိအမှတ်ပြုတယ်လို့ သမ္မတဦးသိန်းစိန်ကပြောပါတယ်။

“အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။"

မိတ္ထီလာ အကြမ်းဖက်ဖြစ်ရပ်ဖြစ်ပွားအပြီး ရရက်အကြာမှ အခုလို ပြည်သူကို မိန့်ခွန်းပြောလာတာ အနည်းငယ်နောက်ကျတယ်လို့ လည်းမန္တလေးမြို့ မြဝတီမင်းကြီးကျောင်းထိုင် ပဓာန နာယက ဆရာတော် ဦးအရိယဝံသဘိဝံသက မိန့်ပါတယ်။

“ အင်း ပြောရင် နည်းနည်းတော့ နောက်ကျတယ်ပြောရမယ်။ အမှန်တော့ အစိုးရအဖွဲ့အတွင်းမှာကို အားနည်းချက်တခုလို့ ဘုန်းကြီးတို့က ယူဆတာပဲ။ အမှန်တော့ သမ္မတကြီးရဲ့ ဒီမိန့်ခွန်းမျိုးကို အားလုံးတညီတညာတည်း ထောက်ခံပြီးတော့ အားလုံးတညီတညာတည်း ထောက်ခံပြီးတော့ အားလုံးတညီတညာတည်း လိုက်ပါသင့်တာ။”

နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ အချိန်အားဖြင့် ၉ မိနစ် ကြာ ပြည်သူကို ရည်ရွယ်ပြီး ပြောခဲ့တဲ့ မိန့်ခွန်းကို လက်ရှိအချိန်မှာ ပြည်တွင်း ကသာမက နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်ဝင်တစား စောင့်ကြည့် နေတာလည်းဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ အခုလို ဘာသာရေးအပေါ် အခြေခံတဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဘယ်လောက်ထိ လျော့ပါးသွားမလဲ ဆိုတာကတော့
စောင့်ကြည့်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားကြပါတယ်။
XS
SM
MD
LG