သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးစောင့်ဥပဒေ ပြဌာန်းရေး သမ္မတ ကော်မရှင်ဖွဲ့


နိုင်ငံတော်သမ္မတဦးသိန်းစိန်
နိုင်ငံတော်သမ္မတဦးသိန်းစိန်
မျိုးစောင့် ဥပဒေတွေ ပြဌာန်းနိုင်ရေး အတွက် သမ္မတ က ကော်မရှင်ဖွဲ့ လုပ်ဆောင်မယ်လို့ ပြည်ထောင်စု လွှတ်တော်ကို ပြန်ကြားလိုက်ပါတယ်။ မျိုးစောင့် ဥပဒေတွေ ပြဌာန်းနိုင်ရေး အတွက် အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ အင်းစိန် ရွာမ ဆရာတော် ရဲ့ ပန်ကြားချက်ထဲက ဘာသာကူးပြောင်းမှု ဆိုင်ရာနဲ့ လူဦးရေ တိုးပွားမှုနှုန်း ထိန်းညှိရေး ဆိုင်ရာတို့ အတွက် ကော်မရှင် ဖွဲ့မှာ ဖြစ်တဲ့အကြောင်း သမ္မတ ရုံးက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂ ီထိုက်က တင်ပြပေးမှာပါ။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဘဒ္ဒန ္တ တိလောကာဘိဝံသ အင်းစိန် ရွာမ ဆရာတော် က မျိုးစောင့် ဥပဒေ ၄ ရပ်ကို ပြဌာန်းပေးဖို့ အတွက် လူပေါင်း ၁၃ သိန်းတို့ရဲ့ လက်မှတ်နဲ့ အတူ တင်ပြလာတာကို သမ္မတ ဦးသိန်းစိန်က ဥပဒေများ ပြဌာန်းပေးရေး လွှတ်တော်ထံကို တဆင့်ပေးပို့ခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်က သမ္မတ ပေးပို့လာတဲ့ မျိုးစောင့် ဥပဒေ ပြဌာန်းနိုင်ရေး အချက်တွေကို အစိုးရ ဝန်ကြီးဌာနတွေနဲ့ ပြည်ထောင်စု တရားဥပဒေ ချုပ်ရုံးတို့ကို တာဝန်ပြန်လည် ချထားပေးခဲ့တာပါ။ ဒီလို ခွဲဝေပေးတဲ့ အထဲမှာဆိုရင် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာကို သာသနာရေး ဦးစီးဌာန၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာနဲ့ တလင်တမယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာကို ပြည်ထောင်စု တရားဥပဒေချုပ်ရုံး၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာကို လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က ဥပဒေကြမ်းတွေ ရေးဆွဲပြီး လွှတ်တော်ကို ပြန်ပြီး တင်ပြဖို့ ပြန်ပြီးတော့ အကြောင်းကြားလိုက်တာပါ။

မျိုးစောင့် ဥပဒေ တင်ပြချက်တွေထဲက ဥပဒေ ၂ ရပ် ဖြစ်တဲ့ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေး ဆိုင်ရာတို့ အတွက် သမ္မတ က ကော်မရှင်ဖွဲ့ လုပ်ဆောင်ဖို့ ပြောဆိုတာ ဖြစ်တဲ့ အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုပါတယ်။

"ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ သာသနာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တယ်ဆိုပြီးတော့ ပြောတယ်။ နောက် နံပတ်၂က လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ တရား လွှတ်တော်ချုပ်ရုံးနဲ့ ဆိုင်တယ်လို့ပြောတယ်။ နောက် တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ တရားလွှတ်တော်ချုပ်ရုံးနဲ့ဆိုင်တယ်လို့ပြောတယ်။ နောက် လူဦးရေတိုးပွားမှု ထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေ အဲ့တာကိုတော့လဝကနဲ့သက်ဆိုင်တယ်ဆိုပြီးတော့ ပြောတယ်ခင်ဗျ။

ကျနော်တို့ လုပ်ရမယ့်ဟာ နှစ်ခုပေါ့နော်။ သာသနာရေးဝန်ကြီးဌာနနဲ့ လဝကဝန်ကြီးဌာနက လုပ်ရမယ်။ လုပ်သင့်ပါတယ်ဆိုတဲ့ ဥပဒေနှစ်ခုပေါ့နော်။ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ ကျန်တာကတော့ တရားလွှတ်တော်ချုပ်ကတော့ Idependence မဏ္ဍိုင်ပေါ့နော်။ သီးခြားမဏ္ဍိုင်ဖြစ်တဲ့အတွက် သူ့ကိုပဲ ဆက်သွယ်ဆောင်ရွက်ဖို့ ကျနော်တို့ကပြောလိုက်ပါတယ်။ "

ဘာသာကူးပြောင်းမှုနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေး ဆိုတဲ့ အချက်တွေဟာ သိပ်ကို အကဲဆတ်တာမို့ အခုလို ကော်မရှင်ဖွဲ့ လုပ်ဆောင်ရတာ ဖြစ်တဲ့ အကြောင်းလည်း သမ္မတရုံး ညွှန်ကြားရေးမှူးက ဆိုပါတယ်။

"ဥပဒေတစ်ခုပြဌာန်းတယ်ဆိုတာက ပြည်သူလူထုနဲ့ consideration ပေါ့နော်။ သက်ဆိုင်ရာနယ်ပယ်က ပါဝင်ပတ်သက်သူတွေရဲ့ opinions တွေ၊ နောက် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်မယ့် ဟာတွေ၊ နောက် ကျနော်တို့ နိုင်ငံကနေ International Agreements တွေ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ ပဋိညာဉ်တွေ၊ ကုလသမဂ္ဂ အပါအဝင်ပေါ့နော်။ ကျန်တဲ့ ကျနော်တို့မြန်မာနိုင်ငံ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ၊ နောက်တစ်ခုက ကျနော်တို့နိုင်ငံရဲ့ လက်ရှိ တည်ဆဲဥပဒေတွေပေါ့နော်။

နောက် အရေးကြီးတာက ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အဲ့ဒီ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီရမယ်။ ဒါမျိုးတွေပေါ့နော်။ နောက် အကောင်အထည်ဖော်တဲ့နေရာမှာလည်း အကောင်အထည်ဖော်တဲ့ ဌာနဆိုင်ရာတွေမှာ လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း အကောင်အထည်ဖော်နိုင်ရမယ်။ ပြည်သူလူထုကလည်း ဒီဟာကို ရှင်းလင်းလွယ်ကူပြီးတော့ လိုက်နာဆောင်ရွက်နိုင်တဲ့ ဥပဒေဖြစ်ရမယ်။ အဲ့ဒီ့အပေါ်မှာလည်း ပြည်သူလူထုရဲ့ အကြံညဏ်၊ အကြံပြုချက်တွေလည်း အများကြီး ယူဖို့လိုတယ်။

အဲ့တော့ ပြီးပြည့်စုံတဲ့ ဥပဒေဆိုတာက ဘယ်လိုမှ ပြီးပြည့်စုံတယ်လို့ တထစ်ချပြောလို့မရဘူးပေါ့နော်။ အခြေအနေပြောင်းလဲလာတာ၊ တခြားအခြေအနေ ပြောင်းလဲချက်တွေရှိလာတာနဲ့ သူကတော့ အချိန်နဲ့တပြေးညီပြန်လည်ပြင်ဆင်ဖို့လည်း လိုပါတယ်။"

ကိုးကွယ်ရာ ဘာသာ ကူးပြောင်းမှု၊ လူဦးရေ ထိန်းချုပ်မှုစတာတွေကို ဦးဆောင် တင်ပြတာက ဗုဒ္ဓဘာသာ ရဟန်းတော် ဖြစ်နေတာကြောင့် ကိုးကွယ်ရာ ဘာသာပေါင်းစုံ ရှိနေတဲ့ မြန်မာ ပြည်သူတွေ အတွက် အခွင့်အရေး တန်းတူ ညီမျှမှုကိုရော အာမခံချက် ရှိပါမလားဆိုတာကိုလည်း သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခုလို ပြန်ပြီး တုန့်ပြန်ပါတယ်။

"ဘာကြောင့်လဲဆိုတော့ ဆရာတော်ဘုရားကြီးရဲ့ ပြောကြားချက်က ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ သီးသီးသန့်သန့် သတ်သတ်မှတ်မှတ် ပေါ့နော်။ ဆိုလိုတာက သူပြောတာ ဘာသာ ကူးပြောင်းတဲ့နေရာမှာ အဓမ္မနည်း၊ အတင်းအကျပ်နည်းနဲ့ ပြောင်းတာတွေ မဖြစ်ဘဲနဲ့ ကာယကံရှင်ရဲ့ သဘောဆန္ဒနဲ့အညီ အဲ့လိုမျိုး ပြောင်းလဲ တာမျိုးဖြစ်သင့်တယ်ဆိုတဲ့ ဟာပေါ့။ ဘာသာကူးပြောင်းတဲ့ဟာကို အဲ့လို နိုင့်ထက်စီးနင်းပြောင်းတာမျိုး၊ အတင်းအဓမ္မပြောင်းတာမျိုး၊ ခြိမ်းခြောက်ပြီးတော့ ပြောင်းခိုင်းတာမျိုးတွေ၊ လုပ်လို့မရအောင် ဥပဒေရှိတယ်ဆိုရင် အဲ့တာကို မလုပ်ကြဘူးပေ့ါနော်။ ကာယကံရှင်ရဲ့ မိမိသဘောဆန္ဒအလျောက် ကိုးကွယ်ယုံကြည်တာကတော့ အကောင်းဆုံးပါပဲ။ အဲ့တော့ ကျနော်တို့က ဒါကိုပဲထည့်သွင်းစဉ်းစားသင့်တယ်ထင်တယ်။ ဒီလိုအချိန်မှာပေါ့။

လူဦးရေဆိုင်ရာ တိုးပွားခြင်း ထိန်းချုပ်မှုဥပဒေ ဘာကြောင့် ပြဌာန်းသင့်သလဲ ဆိုတော့ မိမိနိုင်ငံရဲ့နယ်မြေအကျယ်အဝန်းအရ အချုပ်အခြာအာဏာ တည်တန့်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ လုံလောက်သော စောင့်ရှောက်မှုပေးနိုင်စေရေးတို့အတွက် ဘာသာပေါင်းစုံ ကိုးကွယ်သူများ လိုက်နာရန် ရည်ရွယ်ပြီး ပြဌာန်းစေလိုခြင်းဖြစ်ကြောင်း သူကပြောချင်တာက ဘာသာပေါင်းစုံကိုးကွယ်သူများ လိုက်နာရန်ဆိုပြီးတော့ကာ ပြောထားတယ်။ အဲ့တော့ သူက ဘယ်ဘာသာ၊ ဘယ်ဘာသာဆိုပြီးတော့ မဟုတ်ဘူး။ အကုန်လုံး လိုက်နာသင့်တဲ့ ဥပဒေဆိုပြီးတော့ ပြောတယ်။"

ကော်မရှင်ကိုတော့ ဘာသာပေါင်းစုံ ပါဝင် ဖွဲ့စည်းရမှာ ဖြစ်တဲ့ အကြောင်း သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပေမယ့် ဘယ်သူတွေ ပါဝင်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
XS
SM
MD
LG