သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေ ညီလာခံ မိန့်ခွန်းပြုပြင် ပြောင်းလဲရေး အလေးပေးပြော


သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်
သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်
ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန်ဟာ မြန်မာအစိုးရအကြီးအကဲတဦး အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အခု မကြာခင်အချိန်အတွင်းမှာ မိန့်ခွန်း စကား ပြောခဲ့ပါတယ်။ ဒီမိန့်ခွန်းထဲမှာ ဘယ်အချက်တွေ ဘယ်အကြောင်းအရာတွေကို အဓိကထား ပြောသွားသလဲ စောင့်ကြည့် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက ပြောပြပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အခု ပြောသွားတဲ့မိန့်ခွန်းမှာ အားလုံးစောင့်မျှော် ယူဆထားတဲ့အတိုင်းပါပဲ လက်ရှိ မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အဓိကဇောင်းပေးပြီး ပြောသွားတာပါ။ လက်ရှိ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ စိန်ခေါ်ချက်တွေရှိပြီး။ အောင်မြင်မှုတွေဟာ အခက်အခဲတွေကြားကရရှိခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့် အစီအစဉ်တွေကို နောက်မဆုတ်ပဲ ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုပြီး သမ္မတဦးသိန်းစိန်က နိုင်ငံတကာကို ဂတိပေး ပြောဆိုခဲ့ပါတယ်။

“အခုချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်နေသလို စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာ မြန်မာနိုင်ငံပြည်သူများဟာ အံ့သြသင့်ဖွယ် အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင် ခဲ့ကြပါတယ်။ ကျနော်အနေနဲ့ ယခုလို သမိုင်းဝင်အချိန်မှာ မိဘပြည်သူများအတွက် မြန်မာနိုင်ငံ သမ္မတအဖြစ်နဲ့ တာဝန်များ ထမ်းဆောင်နေရခြင်းကို များစွာ ဂုဏ်ယူမိပါတယ်။

ကျနော်တို့အစိုးရသစ်အနေနဲ့ လွန်ခဲ့သော တနှစ်ခွဲခန့်က စတင်တာဝန်ယူခဲ့ချိန်ကစပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနဲ့ အဓိက အားဖြင့် ပြည်သူများနှင့်အတူ တက်ညီ လက်ညီ နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။

ယခင်က အာဏာသုံးရပ်ကို တပေါင်းတည်း ကျင့်သုံးခဲ့တဲ့ အာဏာပိုင် အစိုးရစနစ်ကနေ ဒီမိုကရေစီနည်းလမ်းကျပြီး အပြန်အလှန်ထိန်းကျောင်းမှုစနစ်တွေ ပါတဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ စိန်ခေါ်မှုတွေ အများအပြား ရှိနေပေမယ့်လည်း ဂုဏ်ယူဖွယ်၊ အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။”

အခုလက်ရှိလုပ်နေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ မတူကွဲပြားတဲ့ အုပ်စုတွေ အားလုံး နိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်လာနိုင်ဖို့ အစိုးရအနေနဲ့ စိတ်ရှည် သည်းခံပြီးဆောင်ရွက်ခဲ့တယ် လို့ ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လွှတ်တော်ကိုယ်စားလှယ် တဦးသာမက တရားဥပဒေစိုးမိုးရေး လွှတ်တော်ကော်မတီရဲ့ ဥက္ကဌတဦးအနေနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဆောင်ရွက်နေပြီဆိုပြီး့ အမည်ထည့်သွင်းပြီးတော့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

“အရင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့သာမက ယခုအခါမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ လွှတ်တော် စင်မြင့်ကနေ ပါဝင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဒီရက်သတ္တပတ်အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့ မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စု မှာ ဂုဏ်ပြုခံနေရတာတွေ ကိုလည်း မြန်မာနိုင်ငံသားတယောက်အနေနဲ့ ကျနော် ဝမ်းမြောက် ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ဂုဏ်သရေကို မြင့်တင်ခြင်းဖြစ်ပါတယ်။

ဒီလိုမြှင့်တင်နိုင် မှုကြောင့် နိုင်ငံရေးတည်ငြိမ်မှုကို တည်ဆောက်ပြီး ပြည်သူများရဲ့ လူနေမှုဘဝမြှင့်တင်ရေးအတွက် အထူး လိုအပ်တဲ့ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အာမခံ ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ပါတယ်။”

အခုအထွေထွေညီလာခံမှာပြောတဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သာမကပါဘူး။ မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ တချိန်က ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်ရဲ့ စွမ်းဆောင်ရည် ကိုလည်း သမ္မတရဲ့ မိန့်ခွန်းထဲမှာ ချီးကျူးပြီးတော့ ပြောဆိုသွားပါတယ်။
နောက် တိုင်းရင်းသားတွေ နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ကြိုးပမ်းမှုတွေ ကိစ္စကို လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

လက်ရှိ မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီး ပြောလို့ရှိရင် ဒီလပိုင်း ဒီရက်ပိုင်းအတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုခံရတာကတော့ ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေး၊ ဘာသာရေးကိစ္စရပ်တွေဖြစ်ပါတယ်။ ဒီပြသနာရပ်တွေနဲ့ ပတ်သက်လို့လည်း သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ ဒါကို အချိန်ယူပြီး ဖြေရှင်းရမယ်လို့ ဦးသိန်းစိန်က ဆိုပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမမခွဲပဲ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လုံလုံခြုံခြုံနေထိုင်နိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း ဘက်လိုက်မှုကင်းမှု၊ အာမခံချက်ပေးထားတဲ့ လွတ်လပ်တဲ့အမျိုးသားအဆင့်၊ စုံစမ်းရေးကော်မရှင်တရပ်ကို ကဏ္ဍနယ်ပယ်အသီးသီးနဲ့ ဟိန္ဒိူ၊ မွတ်ဆလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာပေါင်းစုံမှ ပြည်သူများ လေးစားတဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပေးပြီးဖြစ်ပါတယ်။ ဆောင်ရွက်သင့်တဲ့ အချက်တွေကိုလည်း ဒီကော်မတီအနေနဲ့ ကျနော်ဆီကို တင်ပြလာမှာဖြစ်ပါတယ်။

ဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ စပ်လျဉ်းလို့ ထင်သာမြင်သာရှိစေရန်နဲ့ မိမိတို့အနေနဲ့ အလေးထား ဆောင်ရွက် နေကြောင်း သိရှိ ကြစေ ရန် အစ္စလာမ်ပူးပေါင်းရေး၊ ဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စားလှယ် အဖွဲ့နဲ့ အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံတကာ သံတမန်များ စတဲ့ ကိုယ်စားလှယ် အဖွဲ့များကို ရခိုင်ပြည်နယ်ကို မျက်မြင်ကိုယ်တွေ့ သွားရောက်လေ့လာဖို့ စီစဉ်ပေးခဲ့ပါတယ်။ ကူညီထောက်ပံ့လိုတဲ့ အဖွဲ့များကိုလည်း သူတို့အနေနဲ့ အသိုင်းအဝိုင်းနှစ်ခုစလုံးကို ခွဲခြားမှုမရှိပဲ အကူအညီပေးမယ်ဆိုလို့ရှိရင် ကူညီထောက်ပံ့နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။”

အရင်တုန်းက မြန်မာစစ်အစိုးရဲ့ လူ့အခွင့်အရေး အခြေအနေတွေ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံ ဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ အတော်လေး မပြေမပြစ်ရှိခဲ့ပါတယ်။ အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ ဒီနှစ်ပိုင်းအတွင်းမှာပဲ ထူးထူးခြားခြားတိုးတက်လာတယ်လို့ ဆိုရမှာပါ။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားလိုတယ်လို့ သမ္မတဦးသိန်းစိန်က မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

“ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အလွန်နက်နဲ ခက်ခဲပြီး စိတ်ရှည်ဖို့လိုအပ်တယ်ဆိုတာ ကျနော်ကောင်းစွာ သတိပြုမိပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများ နိုင်ငံတကာအသိုင်းအဝိုင်းတရပ်လုံးအနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည်ထောက်ခံမှုနဲ့ အကူအညီများပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ချဉ်းကပ်နည်းအသစ်တွေနဲ့ ရှုမြင်ချဉ်းကပ်ဖို့လည်း လိုအပ်ပါတယ်။

ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တခုကို ဝိုင်းဝန်းဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်ပအကူအညီများကို သပ်သပ် မှီခိုရပ်တည်ခြင်းထက် မိတ်ဖက်နိုင်ငံတနိုင်ငံအနေနဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။”

မြန်မာသမ္မတဦးသိန်းစိန် အခုလို မိန့်ခွန်းပြောဆိုတာဟာ နှစ် ၅၀အတွင်း မြန်မာနိုင်ငံ ခေါင်းဆောင် တဦးအနေနဲ့ ပထမဆုံးအကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဆိုမှုလည်းဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ သမ္မတဦးသိန်းစိန်ရဲ့ အခု မိန့်ခွန်းကို ချုပ်ကြည့်လို့ ရှိရင် နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးလိုမှု၊ နောက် ဒီမိုကရေစီရေး၊ ပြုပြင်ပြောင်းလဲရေးကိစ္စရပ်တွေကို အဓိက ထားပြီးတော့ ပြောဆိုသွားတာလို့ ပြောရမှာပါ။
XS
SM
MD
LG