သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးထင်ကျော် အိန္ဒိယဝန်ကြီးချုပ်နဲ့ တနင်္လာနေ့ တွေ့မည်


သမ္မတ ဦးထင်ကျော် နှင့်ဇနီး ဒေါ်စုစုလွင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ Taj Mahal ကိုသွားရောက်လေ့လာစဉ်
သမ္မတ ဦးထင်ကျော် နှင့်ဇနီး ဒေါ်စုစုလွင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ Taj Mahal ကိုသွားရောက်လေ့လာစဉ်

အိန္ဒိယနိုင်ငံ သမ္မတ Pranab Mukherjee ရဲ့ဖိတ်ကြားချက်နဲ့ အိန္ဒိယ နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် သမ္မတဦးထင်ကျော်ဟာ ဒီကနေ့ တနင်္လာနေ့မှာတော့ အိန္ဒိယသမ္မတ နဲ့ရော အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။ ဒါဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရသစ်တက်လာခဲ့ပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် နိုင်ငံ့ခေါင်းဆောင်တဦး အိန္ဒိယနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခင် လတွေ အတွင်း အိန္ဒိယမှာ ကျင်းပမယ့် BIMSTEC ထိပ်သီးညီလာခံကို တက်ရောက်ဖို့ရှိတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံကို လေးရက်တာခရီးစဉ်နဲ့ စနေနေ့က စတင် ရောက်ရှိခဲ့တာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ Agra မှာ ရှိတဲ့ Taj Mahal ကိုသွားရောက်ခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာတော့ Agra မြို့ကနေ နယူးဒေလီ မြို့တော်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ဟာ ဒီကနေ့ တနင်္လာနေ့မှာ ဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အများအပြားကို လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ လည်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီအိန္ဒိယ ခရီးစဉ်အတွင်းမှာ သမ္မတနဲ့ ဝန်ကြီးများပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယ မြန်မာနှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေးတွေကို အဓိကထားဆွေးနွေးဖို့ ရှိပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ ခရီးစဉ်အတွင်း မိုင် ၁၀၀၀ နီးပါးရှည်လျားတဲ့ အိန္ဒိယ- မြန်မာ နယ်စပ်ဒေသ အတွက် ကောင်းမွန်စွာ စီမံခန့်ခွဲရေးကို ဦးစားပေးပြီး စီးပွားရေးအပါအဝင် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

သမ္မတ ဦးထင်ကျော် အိန္ဒိယဝန်ကြီးချုပ်နဲ့ တနင်္လာနေ့ တွေ့မည်
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG