မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ၄ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ် ဒီကနေ့ စတင်ရာမှာတော့ တရုတ်သမ္မတ အပါအဝင် အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်သမ္မတ Xi Jinping အပါအဝင် တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံရာမှာတာ့ ၂ နိုင်ငံ ဆက်ဆံရေးတွေ တိုးတက်အောင် ဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့တာပါ။
" အဲ့တော့ ဒီကနေ့ ကျနော်ရဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံကို လာရောက်တဲ့ အဓိက ရည်ရွယ်ချက်ကလည်း နှစ်နိုင်ငံအကြားမှာ တည်ရှိနေတဲ့ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ပိုပြီးတော့ ခိုင်မြဲစေဖို့အတွက်ပဲ ဖြစ်ပါတယ်။"
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အပြောင်းအလဲတွေ လုပ်ဆောင်လာရာက အနောက်နိုင်ငံတွေက အဆက်အဆံတွေ များလာတာနဲ့အမျှ တချိန်က မြန်မာအစိုးရတွေ အပေါ် နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းတယ်လို့ အများက မြင်ကြတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ ရိုက်ခတ်လာမလားဆိုပြီး တွက်ဆမှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ခရီးစဉ်ကို ဖိတ်ကြားခဲ့တဲ့ တရုတ်သမ္မတ Xi Jinping ကတော့ ၂ နိုင်ငံကြား ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ ပြောဆိုခဲ့တာပါ။
ပြောင်းလဲလာတဲ့ အခြေအနေအောက်မှာ ၂ နိုင်ငံစလုံးအတွက် ရေရှည် အကျိုးရှိစေမယ့် ချစ်ကြည်ရင်းနှီးမှုတွေအတွက် မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ဆက်လက် ထိန်းသိမ်းသွားကြရမှာ ဖြစ်တဲ့အကြောင်း တရုတ်သမ္မတက ပြောဆိုသွားတာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံ တို့ကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ (၅) ရပ် အနှစ် ၆၀ ပြည့်အဖြစ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ကျင်းပမယ့် ဘေဂျင်းမြို့က အခမ်းအနားတွေကိုလည်း တက်ရောက်ဦးမှာပါ။
မြန်မာအစိုးရအကြီးအကဲအဖြစ် တာဝန်ယူပြီးနောက် သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၁ ခုနှစ် မေလမှာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့သလို၊ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေမှာလည်း ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပြပွဲတွေ၊ ညီလာခံတွေကို တက်ရောက်ရင်း သွားရောက်ခဲ့ဖူးပါတယ်။