သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်သီးဆွေးနွေးပွဲ လာမယ့် မြန်မာသမ္မတကို အိမ်ဖြူတော်က ကြိုဆို


 မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့စဉ်က။ (မတ် ၂၈၊ ၂၀၁၃)
မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့စဉ်က။ (မတ် ၂၈၊ ၂၀၁၃)

အမေရိကန်ပြည်ထောင်စုမှာ ဖေဖေါ်ဝါရီလ ကျင်းပမယ့် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန် သမ္မတ ဘရက်အိုဘားမားက ဖိတ်ကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့ကကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံကြောင့် အာဆီယံနဲ့ အမေရိကန် ဆက်ဆံရေး နှစ်ပေါင်းများစွာ အကန့်အသတ်တွေရှိ ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိပ်သီးညီ လာခံကို တက်ရောက်လာမယ့် မြန်မာကိုယ်စားလှယ်အဖွဲ့ကိုကြိုဆိုကြောင်း သမ္မတ အိမ်ဖြူတော်က ဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

လာမယ့် ၂၀၁၆ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Rancho Mirage မြို့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား တို့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် မြန်မာသမ္မတ ဦးသိန်းစိန်ကို သမ္မတ အိုဘားမားက ဖိတ်ကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဗွီအိုအေ-မြန်မာပိုင်းကို ပြောဆိုခဲ့ပါတယ်။

ဒီအာဆီယံနဲ့ အမေရိကန် ထိပ်သီးအစည်းဝေးပွဲကို တက်ရောက်လာမယ့် မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ပတ်သက်ပြီး သမ္မတ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီရဲ့ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း အခုလိုဗွီအိုအေကိုပြောပါတယ်။

“အာဆီယံခေါင်းဆောင်တွေက ဖိတ်ကြားချက်ကိုလက်ခံတဲ့အတွက် အမေရိကန် သမ္မတ အိုဘားမားက ဝမ်းမြောက်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ လာရောက်မှာဖြစ်တဲ့အတွက် ကျနော်တို့ကြိုဆိုပါတယ်။ ပထမဆုံး အကြိမ် အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ် အာဆီယံ (၁၀)နိုင်ငံ ကခေါင်းဆောင်တွေ ကို ဖိတ်ကြားပြီး ကာလီဖိုးနီးယားပြည်နယ် Sunnylands မှာ ထိပ်သီးညီလာခံ ကျင်းပမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ အာရှနဲ့ ပစိဖိတ်ဒေသတွင်း အမေရိကန် ဆက်ဆံရေး ချိန်ခွင် လျှာညှိဖို့အတွက် အရှေ့တောင် အာရှနိုင်ငံတွေမှာ အမေရိကန်ပြည်ထောင်စုကနေ နက်နက်ရှိုင်းရှိုင်း ပါဝင်လှုပ်ရှားနေတာကိုပြတဲ့ သဘောဖြစ်ပါတယ်။”

ဒေသတွင်းနဲ့ အမေရိကန်က ပြည်သူတွေကြားလုံခြုံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ် အပြန်အလှန်ဖလှယ်ဖို့အတွက် အရှေ့တောင် အာရှဒေသဟာ အလွန် အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတာပါ။ ဒါအပြင် အမေရိကန် ပြည်ထောင်စုဘက်က တောင်တရုတ်ပင်လယ်ပြင်ထဲမှာ နယ်မြေ ပိုင်ဆိုင်ရေး တရုတ်ရဲ့ ဆောင်ရွက်မှုတွေကို အာဆီယံအနေနဲ့ တညီတညွတ်တည်း ရင်ဆိုင်ကြဖို့အတွက် စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။

အခုလို အမေရိကန်ပြည်ထောင်စုမှာပထမဆုံးအကြိမ်ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံနဲ့ပတ်သက်လို့ ဝါရှင်တန် အခြေစိုက် မြန်မာ့အရေး သုံးသပ်သူ Pricilla Clap ကအခုလိုသုံးသပ်ပါတယ်။

“ပထမအချက်က အမေရိကန်ပြည်ထောင်စုဟာ အာဆီယံထိပ်သီးစည်းဝေးပွဲကို အိမ်ရှင်အဖြစ်နဲ့လက်ခံပြီး မကျင်းပပေးခဲ့တာဟာမြန်မာနိုင်ငံကြောင့်ဖြစ်ပြီး အခုတော့ ဒါကိုပြောင်းပစ်တဲ့အနေနဲ့လက်ခံကျင်းပပေးတာပါ။ ဒါဟာနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။”

ဒါအပြင် အာဆီယံအသိုင်းအဝိုင်းကို ဖွံဖြိုးတိုးတက်စေချင်တဲ့ အထဲမှာ မြန်မာနိုင်ငံ ပါဝင်စေချင်ပြီး အမေရိကန်ကအာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အားသန်နေ တာကြောင့်ဖြစ်တယ်လို့လည်း Pricilla Clap ကဆိုပါတယ်။

“ဒုတိယအချက်အနေနဲ့အနာဂတ်အာဆီယံရဲ့စီးပွားရေးအသိုင်းအဝိုင်းနဲ့အမေရိကန်ကလက်တွဲဆောင်ရွက်ဖို့လုပ်နေတာမို့အခုလို အာဆီယံညီလာခံကို အိမ်ရှင်အဖြစ် ကျင်းပပေးတာပါ။ အာဆီယံအနေနဲ့ သူ့အသိုင်းအဝိုင်း ဖွံဖြိုးတိုးတက်အောင် ဆက်ပြီးလုပ်ဖို့အတွက် အရေးကြီးတယ်လို့ အမေရိကန်က ယူဆထားပြီး အထူးသဖြင့် အဲဒီထဲမှာ မြန်မာနိုင်ငံကို ပါဝင်စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံဟာ စီးပွားရေးအရ လက်ရှိမှာ သိပ်ကိုနောက်ကျနေပေမယ့် အာဆီယံအသိုင်းအဝိုင်းမှာ သိပ်ကိုအရေးပါတဲ့နိုင်ငံတနိုင်ငံဖြစ်နေလို့ပါ။”

အမေရိကန်မှာကျင်းပမယ့် ပထမဆုံးအကြိမ် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးကို သမ္မတဦးသိန်းစိန် တက်ရောက်မှာဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးကပြောဆိုခဲ့ကြောင်း ပြည်တွင်း သတင်းတွေမှာ လည်းဖေါ်ပြထားပါတယ်။

XS
SM
MD
LG