သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအပေါ် အမြင်တချို့


နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လာအို ခရီးစဉ်ကို ကာကွယ်ရေးဦးစီးချုပ် ပို့ဆောင်နှုတ်ဆက်စဉ်။ (မေလ ၆၊ ၂၀၁၆)
နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လာအို ခရီးစဉ်ကို ကာကွယ်ရေးဦးစီးချုပ် ပို့ဆောင်နှုတ်ဆက်စဉ်။ (မေလ ၆၊ ၂၀၁၆)

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဖွဲ့စည်းဖို့ ကိစ္စဟာ လိုအပ်ချက် တခုဖြစ်တယ်လို့ ဆိုသူတွေရှိသလို တပ်မတော်နဲ့ NLD အစိုးရကြား ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနတခု ဖွဲ့စည်းနိုင်ရေး သမ္မတ ဦးထင်ကျော်ရဲ့ အဆိုပြု သဝဏ်လွှာကို မေလ (၃)ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်း စုကြည် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ အလွန်များပြား အရေးကြီးတာကြောင့် ဝန်ကြီးဌာန အဖြစ်ဖွဲ့စည်းဖို့ လိုအပ်လာတဲ့အတွက် ဖွဲ့စည်းပုံနဲ့ အညီဆောင်ရွက် တာဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ ဥပဒေပညာရှင် တရား လွှတ်တော်ရှေ့နေကြီးဦးကိုနီကပြောပါတယ်။

"နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အရင်အစိုးရလက်ထက်မှာ ခြောက်ခုတောင် ဖွဲ့ပြီး ခေါင်းစဉ်တွေ ခွဲပြီး အလုပ်လုပ်တာပဲ။ အဲ့တော့ ကျနော်တို့က ဒီမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတဲ့ ရာထူးတခုက အစိုးရအဖွဲ့ထဲမှာ ပေါ်လာတယ်။ ဒီလိုဆိုရင် နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ဖို့အတွက် ဝန်ကြီးဌာနတခု ဖွဲ့တော့ရော အဲ့တာ ဘယ်လိုလုပ်ပြီး အခြေခံဥပဒေနဲ့ ဆန့်ကျင်မတုန်း။ အဓိက က ဝန်ကြီးဌာန ဖွဲ့တယ်ဆိုတာ သမ္မတရဲ့ အာဏာပဲ။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ၊ တိုင်းပြည်ရဲ့ အရေးအရာ ကိစ္စမှန်သမျှကို အဆင်ပြေပြေ လုပ်နိုင်အောင် ရုံးဌာနကို ဖွဲ့တာ ဒါဖွဲ့နိုင်တဲ့ အခွင့်အာဏာလည်း ပေးထားပြီးသား။"

ဒါအပြင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟာ သမ္မတရုံးဝန်ကြီးဌာနနဲ့ သဘောချင်းအတူတူပဲလို့ ဦးကိုနီကဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာန ဖွဲ့စည်းရတဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ သမ္မတရုံးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကိုပြောပါတယ်။

" ကျနော်တို့ အခုလွှတ်တော်မှာ ပေးထားတဲ့ သဝဏ်လွှာရှိတယ်လေ။ ဦးတည်ချက်လေးချက်၊ မူဝါဒ လေးခုရှိတယ်။ အဲ့ဒီ့လေးခုကို အကောင်အထည်ဖော်ဖို့၊ လုပ်ငန်းက ကျယ်ပြန့်တယ်။ ကျယ်ပြန့်တဲ့ အတွက် ဝန်ကြီးဌာနတခု အသစ် ဖွဲ့စည်းမယ်။ ပြီးရင် ဝန်ကြီးဌာန အသစ်တခုဖွဲ့စည်းဖို့ သဘောတူပြီဆိုမှ ဆက်ပြီးတော့ သူ့ရဲ့ လုပ်ငန်းတာဝန်တွေ လုပ်မယ်။ အသေးစိတ်ကတော့ သူ့ရဲ့ လုပ်ငန်းတာဝန်တွေ ကို ပြီးမှ ပြန်သတ်မှတ်မှာပေါ့။"

ဒီသဝဏ်လွှာမှာတော့ အစိုးရဟာ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်အောင်မြင်မှုရရှိနိုင်ရေးအတွက် လုပ်ငန်း တာဝန်တွေကို ဆက်စပ်ဆောင်ရွက်နိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနတခုကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၂၀၂)အရ ဖွဲ့စည်းနိုင်ရေး လွှတ်တော်ရဲ့ အတည်ပြုချက်ကိုတောင်းခံထားတာပါ။

ဒီဝန်ကြီးဌာနအသစ်ကိုဖွဲ့စည်းမယ်ဆိုရင် တပ်မတော်နဲ့ NLD အစိုးရကြား ယုံကြည်မှုတည်ဆောက်ရေး ထိခိုက်စေမယ်လို့သုံးသပ်သူတွေအထဲမှာ အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ်စတိုင်ဘတ် လည်း ပါဝင်ပါတယ်။

“ဒီဝန်ကြီးဌာနဟာ သမ္မတရဲ့အဆင့်အတန်းနဲ့ တပ်မတော်ရဲ့ အနေအထားကို ရုတ်လျော့သွားစေတယ်လို့ ကျနော်ယူဆပါတယ်။ နောက်ပြီး စစ်တပ်အနေနဲ့လည်း ဒီဝန်ကြီးဌာနဖွဲ့စည်းတာကို ကြိုက်နှစ်သက်ပုံမရဘူးလို့ သုံးသပ်ချက်တွေလည်း ရှိနေတာပါ။ ဘာကြောင့်လည်းဆိုတော့ ဒီဝန်ကြီးဌာနအသစ်ဟာ တပ်မတော်ရဲ့ထိန်းချုပ် မှုအောက်မှာ ရှိနေမှာ မဟုတ်လို့ပါပဲ။ တပ်မတော် ဟာ ပြည်ထဲရေး ဝန်ကြီးဌာနက တဆင့် အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တယားကို ထိန်းချုပ်ဖို့ကြိုးစားနေတာပါ။ ဒါပေမဲ့ ဒီနိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကိုတော့ သူတို့ ထိန်းချုပ်လို့ရမှာမဟုတ်တဲ့အတွက် စစ်တပ်အနေနဲ့ စိုးရိမ်မှုတွေရှိနေမှာပါ။”

ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတမဖြစ်နိုင်အောင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက တားဆီးထားတာကြောင့် သူ့ပါတီအစိုးရဖွဲ့ရင် သမ္မတအထက်မှာရှိဖို့ နည်းလမ်းတွေကို ရှာဖွေမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုဝင်ဘာလရွေးကောက်ပွဲမတိုင်ခင် သတင်းထောက်တွေကိုပြောဆိုခဲ့တာပါ။

ဒါကြောင့် သမ္မတကိုလည်း သူကိုယ်တိုင်ရွေးချယ်ခဲ့သလို အခု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးအပါအဝင် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ပါဝင်တဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူးရော နောက် သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ်ပါ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။

XS
SM
MD
LG