သုံးရလွယ်ကူစေသည့် Link များ

Myanmar Press Award ချီးမြှင့်ရေး စာပေစိစစ်ရေးနဲ့ ညှိနှိုင်းဖို့လို

  • မသင်းသီရိ

မြန်မာနိုင်ငံထဲက သတင်းသမား လူငယ်တွေကို ဂုဏ်ပြုတဲ့ ဆုပေးပွဲလေးတခု ပြုလုပ်ဖို့အတွက် ဦးဆောင်စီစဉ်တဲ့ စာရေးဆရာတွေကို ဒီကနေ့ စာပေစိစစ်ရေးဌာန အကြီးအကဲတွေက ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းတွေအရ မူဝါဒ ရေးဆွဲရေး ကော်မတီ တရပ်ကို စာပေစိစစ်ရေးက ဖွဲ့စည်းပေးမှာဖြစ်ပြီး ဒီအဖွဲ့အစည်းနဲ့အတူ ဆုပေးပွဲကို ပူးပေါင်းလုပ်ဆောင်မယ်လို့ စာပေစိစစ်ရေးက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံထဲက သတင်းသမား လူငယ်တွေရဲ့ လုပ်ငန်းတွေအတွင်း ကြိုးစားမှုတွေကို ဂုဏ်ပြုနိုင်ဖို့ ဆိုတဲ့ အစီအစဉ်နဲ့ Myanmar Press Award လို့ အမည်ပေးထားတဲ့ ဆုပေးပွဲကို နှစ်စဉ်ကျင်းပဖို့ စာပေသမား ၅ ဦးက စီစဉ်ခဲ့တာပါ။ ပထမအကြိမ် ဆုပေးပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့က ကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ စာပေစိစစ်ရေး ဒု-ညွှန်မှူးက ဆွေးနွေးစရာလေးတွေ ရှိနေတာမို့ ဆုပေးပွဲရက်ကို ရွှေ့ဆိုင်းဖို့ ခေါ်ယူ ပြောဆိုခဲ့တာကြောင့် ဒီဆုပေးပွဲ အခမ်းအနားကို ရက်ရွှေ့ဆိုင်းထားလိုက်ရတာဖြစ်ပြီး ဒီကနေ့မှာတော့ စာပေစိစစ်ရေးက ညွှန်မှူး၊ ဒုတိယညွှန်မှူးနဲ့အတူ ပြန်ကြားရေးဌာနက တာဝန်ရှိသူတွေက စာရေးဆရာ ၃ ဦးကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီမှာ စာပေစိစစ်ရေးက မူဝါဒရေးဆွဲရေး ကော်မတီတရပ်ကို သူတို့က ဖွဲ့စည်းပေးမှာဖြစ်ပြီး ဒီအဖွဲ့နဲ့အတူ ဆုပေးပွဲကို ပူးတွဲလုပ်ဆောင်ဖို့ ပြောခဲ့တယ်လို့ ဒီကနေ့ စာပေစိစစ်ရေးနဲ့ သွားတွေ့ခဲ့သူထဲက တဦးဖြစ်တဲ့ စာရေးဆရာ အယ်ဒီတာ ကိုရဲမိုးက ပြောပါတယ်။

“လောလောဆယ်မှာတော့ ဒီဆုကို ဆက်ပြီးလုပ်ဖို့ မကြာမီ ရက်ပိုင်းအတွင်းမှာပဲ ဂျာနယ်တွေပါတဲ့ CPC ဆိုတဲ့ Committee for Professional Conduct ဆိုတဲ့ အဖွဲ့လေး ယာယီ ဖွဲ့စည်းထားတာ ရှိတယ်။ အဲဒီအဖွဲ့ကနေပြီး ကျနော်တို့တွေနဲ့ ပူးပေါင်းလုပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ နဂို ဆုပေးမယ့် ၅ ဦးဘက်ကနေပြီးတော့ သူတို့ဘက်က နောက်တဆင့် ကျနော်တို့နဲ့ ဘယ်လို ပူးပေါင်းလုပ်မယ် ဆိုတာကို ကျနော်တို့ စောင့်နေရတဲ့ အနေအထား ရှိပါတယ်။

“သူတို့ပြောပုံအရတော့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းက အမှုဆောင် အဖွဲ့တွေ မပါဘူးလို့ သူတို့ ပြောတယ်။ နောက် စိစစ်ရေးကလည်း ပါမှာမဟုတ်ဘူးတဲ့။ အဲဒီတော့ လောလောဆယ် သူတို့ပြောတဲ့ ပုံစံအရတော့ ဂျာနယ်တွေရဲ့ ကိုယ်စားပြုသူတွေ ပါမယ်လို့ သူတို့ ပြောပါတယ်။”

CPC လို့ခေါ်တဲ့ ဂျာနယ်တွေ ကိုယ်စားပြုတဲ့ အဖွဲ့နဲ့ မူဝါဒရေးဆွဲရေး ကော်မတီ တရပ်ကို ဖွဲ့မှာဖြစ်ပြီး မူဝါဒအဖွဲ့ဆိုတာ ဆုရွေးချယ်ရေး အတွက်လား၊ ဆုပေးပွဲ ဖြစ်မြောက်ရေး အတွက်လား ဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရဘူးလို့လည်း ပြောပါတယ်။

“လောလောဆယ် အဲဒါက သိပ်မရှင်းသေးဘူး ဖြစ်နေတယ်။ ဆုအမျိုးအစား ရွေးချယ်တာတွေမှာ ပါဝင် ရေးဆွဲမယ်လို့ ကျနော်တို့ ထင်တယ်ခင်ဗျ။ ကျန်တာတွေ ကျနော်တို့ မရှင်းလင်းသေးဘူး။ အဲဒီတော့ သူတို့ဘက်က ဘယ်လိုမူဝါဒနဲ့ ချဉ်းကပ်မလဲဆိုတာ စောင့်ရမယ့် အနေအထား။ ဘယ်သူတွေကို ရွေးမယ်၊ ကျနော်တို့တွေ ဘာတွေ တိုင်ပင်ရမယ်၊ ဘယ်လောက် လုပ်ပိုင်ခွင့်နဲ့ ဘယ်လောက်လုပ်မယ့် အပေါ်မှာ စကားပြောကြမယ် ဆိုတာ မသိသေးတော့ လောလောဆယ်တော့ ကျနော်တို့က တဘက်က အကြောင်းပြန်လာဖို့ကိုပဲ စောင့်နေရသေးတယ်လို့ ပြောရမှာပါ။”

တကယ်တော့ တတ်နိုင်သလောက် အင်အားလေးနဲ့ သတင်းထောက် လူငယ်တွေကို လုပ်ငန်းတွေအတွင်း ကြိုးစားမှုတွေကို ဂုဏ်ပြုနိုင်ဖို့ စာနယ်ဇင်းသမား ၅ ဦးက စီစဉ်ခဲ့တာ ဖြစ်ပေမဲ့ အခုလို စာပေစိစစ်ရေးနဲ့ ပူးတွဲ လုပ်ဆောင်ရမယ်လို့ ဖြစ်လာတဲ့အခါ သူတို့ရဲ့ အစီအစဉ်တွေဟာ အခက်အခဲ ရှိလာနိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

“ကျနော်တို့ နဂိုက ရည်ရွယ်တာကတော့ ကျနော်တို့ ၅ ဦးက နိုင်သလောက်ပဲ။ ဒါကို နိုင်ငံအဆင့် သတင်းစာ ဆုပေးပွဲကြီးတွေလို့လည်း ဆိုလိုတာ မဟုတ်ဘူး။ ကျနော်တို့ နိုင်သလောက် ဒီကွက်လပ်လေးကို ၀င်ဖြည့်တဲ့ သဘောပဲ။ ၀န်ကြီးဌာနက ချပေးထားတဲ့ လုပ်ပိုင်ခွင့်တွေက အခက်အခဲတွေ ရှိတယ်။ ဒီကြားထဲမှာ သူတို့ စိစစ်ပြီးတော့ တတ်နိုင်သလောက် သူတို့ဘက်က ကျနော်တို့နဲ့ ပူးပေါင်း ပါဝင်မယ်လို့ ပြောပါတယ်။

“အစည်းအဝေးထဲမှာ ကျနော် ဘာပြန်ပြောလဲဆိုတော့ ကျနော်တို့ စိုးရိမ်ပူပန်မှုကတော့ သတင်းစာဆု ရွေးတဲ့အခါ တကယ်ကိုပဲ Professionalism၊ ဒီအသက်မွေးဝမ်းကြောင်း အပေါ်မှာ၊ တတ်ကျွမ်းမှု အပေါ်မှာ စံချိန်စံညွှန်းတွေနဲ့ တိုင်းတာပြီးတော့ ကြည့်တာကောင်းတယ်။ အဲဒီအတွက် အများနဲ့ စကားပြော ဆောင်ရွက်နိုင်မယ်ဆိုရင် ကျန်တဲ့လူတွေနဲ့ ညှိနှိုင်းရမယ်ဆိုရင် ကျနော်တို့နဲ့ မတူတဲ့ စံချိန် စံညွှန်းတွေနဲ့ စကားပြောရမှာကို ကျနော်တို့ အနေနဲ့ စိုးရွံ့ပါတယ်လို့ ပြောခဲ့တယ်။ ကျနော်တို့ ၅ ဦးတည်း သဘောတူညီမှု ယူပြီးတော့ လုပ်ရတာထက်တော့ ခက်ခဲသွားမယ်ဆိုတာ သေချာပါတယ်။”

စာရေးဆရာ ကိုရဲမိုး ပြောပြခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက် လူငယ်တွေကို ဂုဏ်ပြုတဲ့ ဆုပေးပွဲလေးတရပ် ကျင်းပဖို့အတွက် ဦးဆောင်ခဲ့တဲ့ စာရေးဆရာတွေကတော့ အယ်ဒီတာ ကိုရဲမိုး၊ စာရေးဆရာ ကျော်ရင်မြင့်နဲ့အတူ စာရေးဆရာ ညီပုလေး၊ ကာတွန်းဆရာ အော်ပီကျယ်နဲ့ ကိုစိုးဝင်းငြိမ်းတို့က စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို သတင်းထောက် လူငယ်တွေကို ဂုဏ်ပြုတဲ့ အစီအစဉ်ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက သူတို့ စိတ်ကူးရှိခဲ့ကြတာ ဖြစ်ပြီး မနှစ် ၂၀၁၀ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ဆုပေးပွဲ ကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမဲ့ အခုတော့ ဘယ်နေ့မှာ ဆုပေးပွဲ အခမ်းအနား ကျင်းပဖြစ်မလဲဆိုတာ မခန့်မှန်းနိုင်တော့ဘူးလို့လည်း စီစဉ်သူတွေက ပြောပါတယ်။

XS
SM
MD
LG