သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သတင်း လွတ်လပ်ခွင့် မနှစ်ကထက် တိုးတက်


မြန်မာ့သတင်းဂျာနယ်များ
မြန်မာ့သတင်းဂျာနယ်များ

မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့် အဆင့်အတန်းဟာ နိမ့်ကျနေဆဲ ဖြစ်တဲ့အကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

နိုင်ငံတကာက သတင်းလွတ်လပ်ခွင့် အဆင့်အတန်းနဲ့ ပတ်သက်တဲ့ အညွှန်းကိန်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ရာမှာ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံကို အဆင့် ၁၄၃ နေရာမှာ သတ်မှတ်ထားတာပါ။ ပြီးခဲ့တဲ့နှစ်ကထက်စာရင် သတင်းစာလွတ်လပ်ခွင့် အဆင့်တဆင့် တက်လာတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေကို အနီးကပ်စောင့်ကြည့်မှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့၊ ဆင်ဆာတည်းဖြတ်မှုတွေ လျော့ကျလာနေတယ်လို့လည်း RSF အညွှန်းကိန်းသစ်က ဖော်ပြပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေဟာ အရင်ထက်စာရင် ပိုမို လွတ်လပ်လာပေမဲ့ အစိုးရပိုင် သတင်းစာတွေမှာတော့ ကိုယ့်ဖာသာ ဆင်ဆာဖြတ်တောက်မှုတွေ၊ အစိုးရနဲ့ စစ်တပ်လို အာဏာပိုင် အဖွဲ့အစည်းတွေကို ဝေဖန်တာတွေကို ရှောင်ရှားမှုတွေ ရှိနေဆဲ ဖြစ်သလို၊ ဘာသာရေး တင်းမာမှုတွေနဲ့ ပတ်သက်လို့ သတင်းဖော်ပြမှုတွေဟာ ထိလွယ်ရှလွယ် အခြေအနေမှာ ရှိနေတုန်းပဲလို့လည်း ထောက်ပြထားပါတယ်။

ကမ္ဘာတဝှမ်းက သတင်းလွတ်လပ်ခွင့် အခြေအနေမှာတော့ သိသိသာသာ ကျဆင်လားနေပြီး၊ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍက သတင်းမီဒီယာတွေအပေါ် ထိန်းချုပ်မှုတွေ ပိုများလာနေတယ်လို့လည်း ဖော်ပြခဲ့တာပါ။ လွတ်လပ်စွာ သဘောထားအမြင် ဖလှယ်မှုတွေကို အားမပေးဘဲ၊ ဝါဒဖြန့်ချိမှုတွေကို အသားပေးတဲ့ ခေတ်တခေတ်ကို ဝင်ရောက်လာနေတယ်လို့လည်း RSF ရဲ့ ၂၀၁၆ ခုနှစ် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းက ဖော်ပြခဲ့ပါတယ်။

Eritrea နိုင်ငံကိုတော့ ကမ္ဘာမှာသတင်းလွတ်လပ်ခွင့် အဆင့်အတန်း အနိမ့်ဆုံးအဖြစ် သတ်မှတ်ထားပြီး၊ ဆီးရီးယား၊ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေကိုလည်း အနိမ့်ဆုံးစာရင်းသွင်းခဲ့တာပါ။ သတင်းစာလွတ်လပ်ခွင့် အဆင့်အတန်း အမြင့်ဆုံးအဖြစ် ဖင်လန်နိုင်ငံကို သတ်မှတ်ပြီး၊ သူ့နောက်မှာတော့ နယ်သာလန်နဲ့ နော်ဝေတို့ ရှိနေကြပြီး အင်တာနက်မှာ စောင့်ကြည့်ထောက်လှမ်းမှုတွေ ရှိတယ်ဆိုပြီး ဝေဖန်ခံရတဲ့ အမေရိကန်ကတော့ အဆင့် ၄၁ နေရာမှာ ရှိနေပါတယ်။

XS
SM
MD
LG