သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား သံအမတ်ကြီး မြန်မာ သတင်း စာနယ်ဇင်းကောင်စီနဲ့ လာရောက်တွေ့ဆုံ


မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တွေကို မြောက်ကိုရီးယားနိုင်ငံကို ဖိတ်ကြားပြီး သတင်းစာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပေးလိုကြောင်း မြောက်ကိုရီးယား သံအမတ်ကြီး Kim Sok Cho က ပြောပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ရုံးခန်းကို လာရောက်လည်ပတ်စဉ် မြောက်ကိုရီးယား သံအမတ်ကြီးက အဲဒီလို ပြောကြားသွားတာဖြစ်ကြောင်း စာနယ်ဇင်းကောင်စီဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Kim Sok Cho ဟာ ဇူလိုင်လ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံစဉ် တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်တွေကို သံအမတ်ကြီးက ရှင်းပြခဲ့သလို၊ မြောက်ကိုရီးယားနိုင်ငံအကြောင်း စိတ်ဝင်စားစရာတွေကို စာနယ်ဇင်းကောင်စီမှာ အခါအားလျော်စွာ လာရောက် ပြသပေးလိုကြောင်းနဲ့ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တွေကိုလည်း မြောက်ကိုရီးယားနိုင်ငံကို ဖိတ်ကြားလိုကြောင်း ပြောခဲ့တယ်လို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

“လာပြီးတော့ မိတ်ဆက်တယ်။ နောက်တခုကတော့ မြောက်ကိုရီးယားက DPRK နဲ့ပတ်သက်တဲ့ စိတ်ဝင်စားတဲ့ သိချင်တဲ့ဟာတွေရှိရင်လည်း သူတို့ စာနယ်ဇင်းကောင်စီမှာ လာပြီးတော့ documentary လိုမျိုးနဲ့ presentation လိုမျိုး သူတို့လာပြီးတော့ ပြဖို့ သူတို့ အဆင်သင့်ရှိပါတယ်ပေါ့နော်။ အဲ့လိုမျိုး ကမ်းလှမ်းတာလည်း ရှိတယ်ပေါ့နော်။ နောက်တခုကတော့ အကယ်၍သာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီက စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တွေကို သူတို့ မြောက်ကိုရီးယားနိုင်ငံကို ဖိတ်ပြီးတော့ အဲ့ဒီက သတင်းစာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပေးချင်တယ်ပေါ့နော်။ ဒီဘက်ကသာ စိတ်ဝင်စားရင် မကြာခင်မှာဆိုတဲ့ အဲ့လိုမျိုး သူတို့က ကမ်းလှမ်းတာပေါ့နော်။”

လူ့အခွင့်အရေး ချိုးဖောက်မှု၊ သတင်းလွတ်လပ်ခွင့် စတာတွေနဲ့ နာမည်ပျက်ရနေတဲ့ မြောက်ကိုရီးယားလို နိုင်ငံက သံအမတ်ကြီးတဦးအနေနဲ့ မြန်မာနိုင်ငံက စာနယ်ဇင်းကောင်စီ တာဝန်ရှိသူတွေကို အခုလို လာရောက် တွေ့ဆုံတာကတော့ စိတ်ဝင်စားစရာ ကိစ္စဖြစ်ပါတယ်။

အထူးသဖြင့်တော့ မြန်မာနိုင်ငံအတွင်းမှာ သတင်းထောက်တွေကို အစိုးရက ဖမ်းဆီးထိန်းသိမ်းတာ၊ ပြစ်မှုနဲ့ မထိုက်တန်တဲ့ ကြီးမားတဲ့ ထောင်ဒဏ်တွေ ချမှတ် အပြစ်ပေးတာ၊ သတင်းထောက်တွေအပေါ် တရားစွဲဆိုမှုတွေ ရှိနေတာတွေအပေါ် သတင်းမီဒီယာ အဖွဲ့အစည်းတွေက ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ပြီး မီဒီယာအဖွဲ့အစည်းတွေနဲ့ အစိုးရကြား မပြေလည်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန် မြောက်ကိုရီးယား သံအမတ်ကြီးက လာရောက် တွေ့ဆုံတာဟာ တိုက်ဆိုင်မှုလို့ ယူဆရင်လည်း ရနိုင်ကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ စာရေးဆရာ၊ သတင်းစာ ဆရာလည်းဖြစ်၊ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ အတိုင်ပင်ခံ အယ်ဒီတာလည်းဖြစ်တဲ့ ဆရာဖေမြင့်က ပြောပါတယ်။

“ကျနော်တော့ သိပ် ထူးထူးခြားခြား မမြင်ပါဘူး။ တခြား တိုက်ဆိုင်တာဖြစ်လို့နဲ့လည်း တူပါတယ်။ တခြား သူ့စိတ်ကူး သူ့ဟာသူ ရှိလို့နဲ့လည်း တူပါတယ်ဗျာ။ အခု ကျနော်တို့ နေ့ခင်းက တွေ့တာကတော့ တွေ့ဆုံနှုတ်ဆက် အလာပသလာပ ပြောတဲ့ သဘောလောက်ပဲ ရှိတယ်လို့ ကျနော်ကတော့ အဲ့လောက်ပဲ မြင်ပါတယ်။”

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက် သတင်းမီဒီယာ လွတ်လပ်ခွင့် တချို့ပေးခဲ့ပြီးမှ အခုတခါ သတင်းမီဒီယာတွေအပေါ် ကန့်သတ် ထိန်းချုပ်မှုတွေ လုပ်ဆောင်လာတာဟာ အရင်စစ်အစိုးရ လက်ထက်က ပုံစံနဲ့ တူနေပြီး ရှေ့ကို အရှိန်နဲ့ သွားနေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းဟာ ဘယ်လောက်အထိ ခရီးရောက်အောင် သွားနိုင်မလဲဆိုတဲ့အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဆရာဖေမြင့်က သုံးသပ်ပါတယ်။

“အစိုးရက အစောပိုင်းက စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုပြီး ပေးလိုက်တယ်ပေါ့ဗျာ။ ပေးလိုက်တဲ့အခါကျတော့ သတင်းသမားတွေကတော့ ရေးကြသားကြတာပေါ့ဗျာ။ ရေးကြသားကြတော့ ကျနော်မြင်တာတော့ အဲ့ဒီရေးသားမှုတွေအပေါ်မှာ အစိုးရပိုင်းက သိပ်မကြိုက်ဘူးပေါ့ဗျာ။ မကြိုက်တဲ့အခါကျတော့ အဲ့ဒါကို ပြန်ပြီးတော့ ထိန်းချုပ်ဖို့ ကြိုးစားတယ်လို့ ကျနော်တော့ မြင်တာပဲဗျ။ ကျနော့်တိုင်းပြည်က ဒီ ဒီမိုကရေစီ အကူးအပြောင်းလို့ ပြောတယ်ပေါ့နော် ဒီမိုကရေစီ အကူးအပြောင်းကလည်း သွားတော့ အတော်အတန် သွားခဲ့ပြီးတဲ့နောက် ရှေ့ကို ဘယ်လောက် ဆက်သွားမလဲ၊ မသွားဘူးလဲ သိပ်ပြီးတော့ မသေချာတဲ့ သဘောမျိုးတွေ ဖြစ်နေတာပေါ့ဗျာ။ နောက်ပြန်လှည့်မလား။ ဒီနားမှာပဲ ရပ်နေမလား စသဖြင့် ပြောနေတဲ့အချိန်မှာ စာနယ်ဇင်းကျတော့ စောစောက ကြိုတင် စိစစ်တာ မရှိတဲ့အခါကျတော့ ကျနော်တို့ကိုက စာနယ်ဇင်း လွတ်လပ်ခွင့်ကိုက ပေးထားလိုက်သလို ဖြစ်နေတာပေါ့နော်။”

“နိုင်ငံရေးအရ အကူးအပြောင်းက သိပ်များများကြီး မရောက်သေးပေမဲ့လို့ စာနယ်ဇင်းအပိုင်းမှာ တော်တော် ဖွင့်ပေးထားလိုက်သလို ဖြစ်တဲ့အခါကျတော့ အဲ့ဒီမှာ အခုလို ဒီ နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ကြားထဲမှာ နည်းနည်း ဘာခေါ်မလဲ ခြေလှမ်းမညီဘူး ခေါ်မလား အဲ့ဒီလိုပေါ့နော်။ အဲတော့ ပြန်ပြီးတော့ လိုက်ပြီးတော့ ထိန်းချုပ်ဖို့ ကြိုးစားတယ်လို့ မြင်တယ်ဗျာ။ ကြိုးစားတဲ့အခါကျတော့ လုပ်နည်းလုပ်ဟန်ကတော့ လုပ်ရိုးလုပ်စဉ် လုပ်နည်းလုပ်ဟန်ပေါ့နော် အရင်တုန်းက ကျင့်ခဲ့တဲ့ လုပ်နည်းလုပ်ဟန်နဲ့ လုပ်တဲ့အခါကျတော့ အရင်ပုံသဏ္ဍန်တွေ ပေါ်လာတယ်၊ စသဖြင့် ဒီလို ပြောကြတယ်ပေါ့ဗျာ။”

သတင်းမီဒီယာဥပဒေနဲ့ ပုံနှိပ်ထုတ်ဝေလုပ်ငန်း ဥပဒေတွေကို အခုချိန်မှာ ပြဌာန်းထားပြီး ဖြစ်ပေမဲ့ တိကျတဲ့ နည်းဥပဒေတွေတော့ ထွက်လာခြင်း မရှိသေးပါဘူး။ ဒါကြောင့်လည်း ဘယ်ဥပဒေနဲ့ ဘယ်လို လုပ်ဆောင်ရမယ်ဆိုတဲ့ မကွဲပြားမှုတွေ သတင်းမီဒီယာ လောကအကြား ထွက်ပေါ်နေတဲ့အချိန်မှာပဲ ကန့်သတ် ထိန်းချုပ်မှုတွေ၊ တရားစွဲဆိုမှုတွေနဲ့ ဖမ်းဆီး ထောင်ချမှုတွေ တိုးမြင့် ဖြစ်ပေါ်လာနေတာပါ။

မြောက်ကိုရီးယားနိုင်ငံအကြောင်း သိကောင်းစရာတွေကို စာနယ်ဇင်းကောင်စီမှာ လာရောက် ပြောကြားမယ့် ကိစ္စနဲ့ စာနယ်ဇင်းကောင်စီဝင်တွေ မြောက်ကိုရီးယားက သတင်းစာ အဖွဲ့အစည်းတွေနဲ့ သွားရောက် တွေ့ဆုံဖို့ သံအမတ်ကြီး Kim Sok Cho ရဲ့ ကမ်းလှမ်းချက်တွေဟာ ကောင်းမွန်တဲ့ အချက်တွေအဖြစ် စာနယ်ဇင်းကောင်စီအနေနဲ့ လက်ခံပေမဲ့ အဖွဲ့အစည်းအနေနဲ့ အစည်းအဝေး ထိုင်ပြီးမှ ဆုံးဖြတ်နိုင်မှာဖြစ်ကြောင်း သံအမတ်ကြီးကို အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့က အာဇာနည်ဗိမာန်ကို တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် လာလည်တဲ့အချိန် မြောက်ကိုရီးယားဘက်က ဗုံးခွဲ လုပ်ကြံခဲ့တဲ့ အချိန်ကစပြီး မြန်မာနဲ့ မြောက်ကိုရီးယားအကြား သံတမန် အဆက်အသွယ် ပြတ်တောက်ခဲ့ရာက ၂၀၀၇ ခုနှစ် ဧပြီလမှာ သံတမန် အဆက်အသွယ် ပြန်လုပ်ဖို့ သဘောတူ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG