သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ရာနဲ့ဖမ်းခံရသူ အမျိုးသမီးသတင်းထောက်ကို စစ်ကြောရေးပို့


စစ်ကားနဲ့တိုက်ပြီး အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ကြည့်မြင့်တိုင်က အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်လူထု သပိတ်။ (ဒီဇင်ဘာ ၅၊ ၂၀၂၁)
စစ်ကားနဲ့တိုက်ပြီး အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ကြည့်မြင့်တိုင်က အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်လူထု သပိတ်။ (ဒီဇင်ဘာ ၅၊ ၂၀၂၁)

[[Zawgyi/Unicode]]

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ်မှာ ဆန္ဒပြ သူတွေကို စစ်ကောင်စီတပ်တွေ ကားနဲ့အတင်းဝင်တိုက် ဖမ်းဆီးခဲ့စဉ် ဦးခေါင်းမှာ ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးသတင်းထောက်ကို စစ်ကြောရေးမှာ စစ်ဆေးဖို့ ဆေးရုံကနေ ဒီနေ့ဇန်နဝါရီ ၁၁ ရက်မှာ ခေါ်သွားတယ်လို့ ရှေ့နေကပြောပါတယ်။ အဲဒီနေ့က သူနဲ့အတူသတင်းယူနေစဉ် အဖမ်းခံရတဲ့ ဓာတ်ပုံသတင်းထောက်ကိုလည်းစစ်ကောင်စီက တရားစွဲဆိုဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ဆန္ဒပြနေတဲ့ လူအုပ်ထဲကို စစ်တပ် က ကားအရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ဖမ်းဆီးစဉ် Myanmar Pressphoto Agency (MPA) သတင်းဌာနက ရုပ်သံသတင်းထောက်ဖြစ်တဲ့ မမှူးရတနာခက်မို့မို့ထွန်းနဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းတို့ ဖမ်းဆီးခံခဲ့ကြရပါတယ်။ မမှူးရတနာခက်မို့မို့ထွန်းက ဦးခေါင်းမှာ အပြင်းအထန်ဒဏ်ရာနဲ့ ဖမ်းဆီးခံခဲ့ရသလို ကိုကောင်းဆက်လင်းဟာလည်း ခါးအောက်ပိုင်းဒဏ်ရာနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ စစ်ဆေး ရုံမှာ တလကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရတဲ့ မမှူးရတနာကို ရွှေပြည်သာစစ်ကြောရေးမှာ စစ်ဆေးဖို့ စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီလ ၁၁ ရက်မှာ ခေါ်သွားခဲ့တယ်လို့ ရှေ့နေကပြောပါတယ်။ ဦးခေါင်းထိထားတဲ့ ဒဏ်ရာကြောင့် ဝေဒနာတွေခံစားနေရတုန်းပဲလို့ခုလို ပြောပြပါတယ်။

“ခန္ဓာကိုယ်မှာရှိတဲ့သာမန်ပွန်းပဲ့ ဒဏ်ရာတွေကပျောက်သွားပြီ။ ဦးခေါင်းပိုင်းကလည်း ဒဏ်ရာအနေနဲ့ အနာကျက်ပေမယ့် အမြဲတစေ ခေါင်းမူးနေတယ်။ ပန်းပင်ကြီးလမ်းဖြစ်စဉ်ကို သူလုံးဝမမှတ်မိတော့တဲ့ အခြေအနေဖြစ်နေတယ်။ ဝဲဘက်ပေါင်အရင်းကနေခြေဖျားထိ ကျောက်ပတ်တီးစီးထားရတယ်။ မနေ့ကကျတော့ကျောက်ပတ်တီးဖြည်လိုက်တယ်။ ဒါ သာမန်အားဖြင့် ဆေးထိုးဆေးသောက်ရင် ၂ လလောက်နေရင် ကောင်းမယ်လို့မှတ်ချက်ပေးပြီး မနေ့က ဆေးရုံကဆင်းခွင့်ပေးတယ်။ ဆေးရုံကဆင်းခွင့်ပေးပြီး ဒီမနက်မှာတော့ ရွှေပြည်သာစစ်ကြောရေးကလာခေါ်တယ်လို့ ကြည့်မြင်တိုင်ရဲစခန်းကနေမှ မိသားစုကိုအကြောင်း ကြားလာတယ်။ အခုအခြေအနေကတော့ ရွှေပြည်သာစစ်ကြောရေးမှာ စစ်ဆေးခံနေရတဲ့အနေအထားဖြစ်တယ်။”

စစ်တပ်က ကားနဲ့အတင်းဝင်တိုက်စဉ် သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဓါတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းဟာလည်း ဒဏ်ရာတွေ အရှင်းမပျောင်ခင် စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းခံခဲ့ရပြီး ဇန်နဝါရီ ၁၀ ရက် တနင်္လာနေ့က အင်းစိန်ထောင်ကို လွှဲပြောင်းထားတယ်လို့ သိရပါတယ်။ ကိုကောင်းဆက်လင်းရဲ့အခြေအနေကိုလည်းရှေ့နေဖြစ်သူက ခုလိုပြောပြပါတယ်။

“သူကတော့ ခါးဆစ်ရိုးနဲ့တင်ပဆုံရိုးမှာပြင်းပြင်းထန်ထန်ခံရတယ်။ သက်သာတယ်ဆိုပြီး ၄ ရက်အကြာမှာ ရေကြည်အိုင်စစ်ကြောရေးခေါ်သွားတယ် ။ ခေါ်တဲ့နေ့မှာတော့ ဆေးရုံက ကြည်မြင်တိုင်ရဲစခန်းကိုအပ်တယ်။ အဲဒီမှာ တညအိပ်ပြီးတော့ ရေကြည်အိုင် စစ်ကြောရေးကလာခေါ်တော့ သူ့မိသားစုတွေ မြင်လိုက်ရတယ်ပေါ့။ အဲဒီချိန်မှာ ၂ ယောက်တွဲ ကားပေါ်တင်တာတွေ့တယ်။ အရမ်းသက်သာတဲ့ အနေအထားမဟုတ်ဘူး။ စစ်ကြောရေးကနေ မနေ့ကတော့ အင်းစိန်ထောင်ပို့တယ်။ ကြည်မြင်တိုင်ရဲစခန်းက ဘာပုဒ်မနဲ့စွဲမယ်မသိသေးဘူး။ သူ့ကျန်းမာရေးကတော့ ဆရာတို့ကော သူ့မိသားစုကောမသိသေးဘူး။”

သူတို့ ၂ ယောက်လုံးဟာ ဆန္ဒပြပွဲသတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရတယ်လို့ Myanmar Pressphoto Agency (MPA) သတင်းဌာနက ပြောကြားပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ စစ်ကောင်စီကတော့ သူတို့တွေ့ဟာ ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်လှုံ့ဆော်ပြီး သတင်းရယူတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်တင်ဘာ ၁ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ အလွတ် တန်း သတင်းထောက် ၁ ယောက်ဖြစ်တဲ့ မသူဇာဟာလည်း သူစွဲဆိုခံထားရတဲ့ အများပြည်သူတည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော် လုပ်ဆောင်မှု ၅၀၅-က အမှုအတွက် ဇန်နဝါရီ ၁၃ ရက်နေ့မှာ စွဲချက်တင်သင့်မသင့် ဆုံးဖြတ်ဖို့ရှိနေတယ်လို့ ရှေ့နေက ပြောပါတယ်။

“လက်ရှိစစ်ဆေးပေါ်ပေါက်ချက်တွေအရ မသူဇာမှာခြေခြေမြစ်မြစ် ခိုင်ခိုင်လုံလုံ မပေါ်ပေါက်လို့ ဒီအဆင့်မှာပဲ စွဲချက်မတင်ဖို့ လွှတ်ပေးသင့်တယ်လို့ ဆရာတို့လျှောက်လဲချက်တင်ထားပါတယ်။ လာမယ့် ၁၃ ရက်မှာစွဲချက်အမိန့်ချပါမယ်။ ဆရာတို့ လျှောက်ထားချက် တရားရုံးလက်ခံရင်တော့ အဲဒီ နေ့မှာ မသူဇာလွတ်ပါမယ်။ လက်မခံရင်တော့ါအဲနေ့ စွဲချက်တင်ပြီး နောက်နေ့မှာ မသူဇာနဲ့ သူ့သက်သေတွေဆက်စစ်ဖို့ရှိမှာပါ။”

မသူဇာဟာ NLD လက်ထက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပြီး လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် ပြည်တွင်းရှိ အွန်လိုင်း၊ ဂျာနယ် နဲ့သတင်းစာတိုက် တော်တော်များများမှာ အလုပ်လုပ်ခဲ့တဲ့ ဝါ ရင့် သတင်းထောက်တယောက်ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီ အာဏာသိမ်းပြီးနောက် Friday Times နဲ့ Myanmar Pressphoto Agency (MPA) တို့မှာ အလွတ်တန်းသတင်းထောက်အဖြစ် မေလအထိ လုပ်ကိုင်ခဲ့ သူ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ အရင် က သတင်းထောက် လုပ်ခဲ့ဖူးတဲ့ သတင်းမီဒီယာသမားတွေ ထပ်မံဖမ်းဆီးခံခဲ့ရပြီး ပြင်းထန်တဲ့ပုဒ်မတွေနဲ့ တရားစွဲခံရတာရှိသလို သတင်းသမားတချို့ကိုလည်း ဖမ်းဆီးထောင်ချ အရေးယူတာတွေ ဆက်လက်ရှိ နေဆဲပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့အခြေစိုက် သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ် ဒေါ်မြဝန်းရံကို ညောင်ရွှေမြို့ရှိ တောင်လေးလုံးအကျဉ်းထောင်တွင်း တရားရုံးက ပုဒ်မ-၅၀၅-ကနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။ အယ်ဒီတာချုပ် ဒေါ်မြဝန်းရံဟာပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်တွင် တောင်ကြီးမြိုက သူမနေအိမ်မှာ သမီး၂ ယောက်နဲ့အတူဖမ်းဆီးတာခံခဲ့ရတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးချိန် ဆန့်ကျင်ဆန္ဒပြပွဲတွေ ရှိခဲ့ချိန်ကလည်း စစ်ကောင်စီက သတင်းထောက် တချို့ကို ဖမ်းဆီးခဲ့တာတွေရှိသလို သတင်းဌာန ၈ ခုကိုလည်း ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး တဲ့ နောက် ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၀၀ ကျော်ရှိခဲ့ပြီး ၁၀ ယောက်ထက်မနည်း ထောင်ချခံခဲ့ရပါတယ်။ ၅၆ ယောက်ကတော့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် လက်ရှိမှာ သတင်းသမား အယောက် ၅၀ လောက် အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ ပြည်တွင်းက သတင်းထောက်တွေ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]















================

XS
SM
MD
LG