သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်


မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်

တူနီးရှားနဲ့ အီရန်ကစပြီး လက်ရှိ လစ်ဗျားနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် ကမ္ဘာ့ကုန်ဈေးနှုန်းတွေ တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း လအနည်းငယ်ကြာ အေးစက်စက် ဖြစ်နေခဲ့တဲ့ အမေရိကန် ဒေါ်လာငွေဈေးနဲ့ ရွှေဈေးတွေဟာ ဖေဖော်ဝါရီ လလယ်ပိုင်းလောက်စပြီး တဖြည်းဖြည်းနဲ့ ဈေးနှုန်း ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ရွှေဈေး၊ အမေရိကန် ဒေါ်လာဈေးနဲ့ လောင်စာဆီဈေးတွေဟာ တခုနဲ့တခု ချိတ်ဆက်နေတာဖြစ်ပြီး အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေပါ လိုက်ပါ မြင့်တက်လာတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝင်ငွေနည်း မြန်မာပြည်သူလူထု အကျပ်အတည်းတွေ တစထက်တစ ပိုပြီး ကြုံလာရတဲ့အကြောင်း မသိင်္ဂီထိုက်က စုစည်း တင်ပြပေးထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ဆန်ကြမ်းတပြည်ကို ၇၀၀ ကျပ်ကနေ ၁,၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။ ဆန်ချောဈေးတွေလည်း အမြင့်ဘက်ကို ရောက်လာပါတယ်။ ဆန်ချောတအိတ်ကို အရင်ဈေးထက် ၅,၀၀၀ ကျပ်လောက် မြင့်တက်လာတာပါ။ ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးကတော့ အထွေထွေ စားသောက်ကုန် ဈေးနှုန်းတွေ တက်လာတဲ့အတွက် ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင် သုံးစွဲရတာ မလွယ်ဘူးလို့ ပြောပါတယ်။

“ဆန်ဈေးတွေကလည်း တက်လာတယ်၊ ဆီဈေးတွေကလည်း တက်လာတယ်။ ကုန်ဈေးနှုန်းတွေက တက်လာတဲ့ အခါကျတော့ အိမ်ရှင်မတွေ အတွက်တော့ ကသီတာပေါ့။ ဘာကြောင့် တက်နေမှန်းလဲ မသိဘူး၊ ကုန်ဈေးနှုန်းတွေ။”

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေက တစထက်တစ အတက်ဘက်ကို အမြဲတမ်း ဦးတည်နေတာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ လအနည်းငယ်ကတော့ အကြမ်းဖျင်း တဒေါ်လာကို ၁,၀၀၀ ကျပ်နှုန်း ပေါက်နေတဲ့ အမေရိကန်ဒေါ်လာ ဈေးနှုန်းတွေ ကျပ် ၈၀၀ လောက်အထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းမှာ မူလက ဈေးကျနေတဲ့ အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်း တဖြည်းဖြည်းနဲ့ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်ဒေါ်လာဈေး ပြန်မြင့်တက်လာတာနဲ့အမျှ ပြည်တွင်း ရွှေပေါက်ဈေးလည်း မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ ရွှေကုန်သည်တဦးက ပြောပါတယ်။

“အခု ရွှေဈေးတွေက တက်နေတယ်။ စီးပွားရေးဆိုတာက ဈေးကွက်အားလုံးနဲ့ ဆက်စပ်နေတော့ ဥပမာ ရွှေဈေးဆိုရင် ဒေါ်လာဈေး အတက်အကျနဲ့ သက်ဆိုင်နေတယ်။ ဆီဈေးဆိုလည်း ရေနံဈေး အတက်အကျနဲ့ ဆက်စပ်နေတာပေါ့။”

တဒေါ်လာ ကျပ် ၈၀၀ ခန့်ကနေ ၉၅၀ ကျပ်အထိ ငွေလဲနှုန်း ပြန်လည်မြင့်တက်လာတာနဲ့ တပြိုင်နက် ရွှေဈေးကလည်း အခေါက်ရွှေ တကျပ်သား ၅၉၀,၀၀၀ ကျပ်ကနေ ၆၅၀,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က ရွှေဆိုင် လုပ်ငန်းရှင်ကတော့ ရွှေဈေး မြင့်လာပေမဲ့ အရောင်းအဝယ် ကောင်းလာတယ်လို့ ပြောပါတယ်။

“ရွှေအရောင်းအဝယ်တွေက ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဲပေါ်ချိန်ဖြစ်နေတော့ ရွှေလုပ်တဲ့လူတွေက များများလာတယ်။ အရင်လကတော့ ရွှေဈေး ကျနေတာတောင်မှ အရောင်းအဝယ် သိပ်မကောင်းဘူး။ အခု ရွှေဈေး တက်နေတာတောင် အရောင်းအဝယ်တွေက ပြန်ကောင်းလာတယ်။”

ကမ္ဘာ့ရေနံ အဓိက တင်ပို့ရောင်းချရာ အာရပ်နိုင်ငံတွေမှာ နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းလည်း စံချိန်တင် မြင့်တက်လာတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာလည်း လောင်စာဆီ ဈေးနှုန်းတွေ လိုက်ပါ မြင့်တက်လာပါတယ်။ မူလက ဒီဇယ်ဆီ တဂါလံ ၃,၁၀၀ ကျပ် ပေါက်ဈေးကနေ အခု မတ်လဆန်းမှာ တဂါလံကို ကျပ် ၄,၀၀၀ လောက်အထိ မြင့်တက်လာခဲ့တာပါ။

ဈေးမြင့်တဲ့ အရောင်းအဝယ် ဖြစ်နေတဲ့ လက်ရှိ အိမ်ခြံမြေ ဈေးကွက်က လတ်တလော အမေရိကန်ဒေါ်လာနဲ့ ရွှေဈေးနှုန်း ပြန်လည် မြင့်တက်လာတဲ့ အတွက်ကြောင့် ဈေးနှုန်း အတက်ဘက်ကို ထပ်ပြီး ဦးတည်လာဦးမယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက မှန်းဆထားပါတယ်။ အိမ်ခြံမြေဈေးကွက် အလားအလာကို အကျိုးဆောင်တဦးက အခုလို ပြောပြပါတယ်။

“အခြေခံ အဆောက်အအုံ တိုက်ခန်းတို့၊ ကွန်ဒိုတို့၊ စက်ရုံတို့ ဒါတွေက မရှိမဖြစ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ Foreigner တော်တော်များများကျတော့ ဝယ်လို့မှ မရတာ။ ဝယ်လို့မရတဲ့အတွက် သူတို့က ငှားရမ်းပြီးမှပဲ လုပ်ရမှာပဲ။ အဲဒီတော့ ဘာပဲပြောပြော လုံးချင်းအိမ်တွေ၊ ကွန်ဒိုတွေ၊ တိုက်ခန်းတွေ ဒီ့ထက်တောင် ပိုပြီး လိုသွားနိုင်တယ်။”

လက်ရှိ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး ပြန်လည်မြင့်တက်လာတဲ့ တချိန်တည်းမှာပဲ တခြား အထွေထွေ ကုန်စည်တွေ အားလုံး လိုက်ပါ ဈေးတက်လာပါတယ်။ အခုတော့ မြင့်တက်လာတဲ့ ပြည်တွင်း ဆန်ဈေးနှုန်းနဲ့ အထွေထွေ စားသောက်ကုန် ဈေးနှုန်းတွေ ပြန်လည် တည်ငြိမ်လာရေးအတွက် စစ်အစိုးရက ပြည်ပ ဆန်တင်ပို့မှုကို ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။

ပြည်တွင်း ကုန်ဈေးနှုန်းတွေ ကမ္ဘာ့ဈေးနှုန်းနဲ့အညီ လိုက်ပါ မြင့်တက်လာတိုင်း စစ်အစိုးရက ပြည်တွင်းက စီးပွားရေးသမားတွေကို ဖမ်းဆီးတာ၊ ပြည်ပတင်ပို့မှု ပိတ်ပင်တာတွေကို အဆင်အမြဲ လုပ်ကိုင်လာတာပါ။ ဒါပေမဲ့ စီးပွားရေးသမားတွေကတော့ ကုန်ဈေးနှုန်းတွေဟာ တခုနဲ့တခု ဈေးနှုန်းအတက်အကျ ချိတ်ဆက်နေတာ ဖြစ်တဲ့အကြောင်းနဲ့ လက်ရှိ ဆန်ဈေးနှုန်း မြင့်တက်လာတာမှာလည်း လောင်စာဆီဈေးနှုန်း မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ အာဆီယံ စံချိန်စံညွှန်းနဲ့အညီ သတ်မှတ်တန်ချိန်ပဲ သယ်ယူခွင့် ပြုလိုက်တာတွေကလည်း အကြောင်းရင်းတခု ဖြစ်တယ်လို့ ပြောကြားပါတယ်။

XS
SM
MD
LG