သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တဲ့အထဲ နိုင်ငံရေး အကျဉ်းသားတွေ မတွေ့ရသေး


အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားများ လွတ်မြောက်လာစဉ်။ ( နိုဝင်ဘာ ၁၅၊ ၂၀၁၂)။
အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားများ လွတ်မြောက်လာစဉ်။ ( နိုဝင်ဘာ ၁၅၊ ၂၀၁၂)။
ဒီကနေ့ မနက်ပိုင်းမှာ အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြန်မာနိုင်ငံမှာ အကျဉ်းသား ၄၅၂ ဦး ပြန်လွတ်ပေးလိုက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတဦးတလေမှ ပါဝင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးကပြန်လွတ်လာတဲ့အထဲမှာ ညနေပိုင်း အထိ နိုင်ငံတကာက တောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
ပါဝင်ခြင်းမရှိသေးဘူး လို့ ရန်ကုန်မြို့မှာ အခြေစိုက်ထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ
အဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဘမျိုးသိန်းကပြောပါတယ်။

"သူတို့ပြောတာကတော့ ၄၅၂ယောက် လွှတ်ပေးမယ်ပြောတယ်။ လောလောဆယ် ကျနော် စာရင်းရထားတာက ၁၅၀တောင် မရောက်သေးဘူးပေါ့။ ကျနော်တို့စာရင်းရထားတာ ၁၁ထောင် ၁၂ထောင်လောက်ရှိပါပြီ။ နိုင်ငံရေးအကျဉ်းသားမပါသေးပါဘူး။

သရက် ၇ယောက်၊ သာယာဝတီ ၄ယောက်၊ မြင်းခြံ ၁ယောက်၊ တောင်ငူ ၉ယောက်၊ လွိုင်ကော် ၅ယောက်၊ မော်လမြိုင် ၁၀ယောက်၊ သာယာဝတီ ၄ယောက်၊ အင်းစိန်က လက်ရှိ ကျနော် နောက်ဆုံးကြားတာက ၄၃ယောက်၊ မန္တလေးက နည်းနည်းမငြိမ်သေးဘူး။ ၃၅ယောက်ကြားတယ်။ ၂၆ယောက်ကြားတယ်။ သူတို့လွှတ်တာတွေက လွတ်ခါနီး ခြောက်လအတွင်း လူတွေကို လွှတ်ပေးတယ်။ အဲ့ဒီ့အထဲမှာ များသောအားဖြင့် ပါတာက ပုဒ်မ ၆၅၊ ၆၅ဆိုတာက စစ်စည်းကမ်းဖောက်ဖျက်ပေါ့။ စစ်တပ်က စစ်စည်းကမ်းဖောက်ဖျက်တဲ့သူတွေပါတယ်။ မူးယစ်ရမ်းကားတို့ကအစပေါ့လေ။ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှုတွေပေါ့၊ အများအားဖြင့် သူတို့ပါကြပါတယ်။ နိုင်ငံခြားသား ၁၀ယောက်လို့ပြောတယ်။ ကျနော်တို့သိရသလောက်တော့ ၅ယောက်တော့ ပါပြီပေါ့လေ။"

နိုင်ငံရေးအကျဉ်းသားတွေရဲ့ကိစ္စတွေကို လုပ်ဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဥက္ကဌ ဦးနိုင်းနိုင်း ကတော့ ရာဇဝတ်သမားတွေနဲ့ စစ်ပြေးတွေကိုသာ အဓိကလွှတ်ပေးတာတွေရပြီး ဒီအချိန်ထိ နိုင်ငံရေးအကျဉ်းသားတွေမ ပါဝင်တော့ ဘူးလို့ ယူဆကြာင်း ပြောပါတယ်။

"တောင်ကြီးထောင်၊ အင်းစိန်ထောင်၊ သာယာဝတီထောင်၊ တောင်ငူထောင်၊ မော်လမြိုင်ထောင်၊ နိုင်ငံရေးအကျဉ်းသား တယောက်မှ မလွတ်သေးဘူး။ လွတ်တဲ့သူတွေက မူးယစ်တွေရယ်၊ စစ်တပ်က စစ်ဥပဒေဖောက်ဖျက်တဲ့ သူတွေရယ်၊ ၆၁ရယ် ဒါပဲ လွတ်တယ်။ နိုင်ငံရေးအကျဉ်းသားတယောက်မှမပါဘူး။ ဒါကတော့ သူတို့က ထောင်ကနေ လွှတ်တယ်ဆိုတာက အရင်တုန်းဆိုရင် မနှစ်ကစပြီး ဖြစ်တာပဲ။ နိုင်ငံရေးအကျဉ်းသားနဲ့ တခြားအကျဉ်းသား ရောပြီး လွှတ်တာပဲ။ အခုကတော့ နိုင်ငံရေးအကျဉ်းသားမပါဘူးလို့ ယူဆတယ်။ အခုက လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာ နိုင်ငံရေးအကျဉ်းသားမဟုတ်တဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ။ "

အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ ရှိနေတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့ဟာ အခွင့်အလမ်းကောင်းတခုဖြစ်တယ်လို့ လူအခွင့်အရေး အဖွဲ့တွေက ထောက်ပြပြောဆိုနေစဉ်မှာပဲ ပြန်လွတ်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ဘူးလို့ဆိုပါတယ်။ ကိုဘမျိုးသိန်းဆက်ပြောတာက-

"သူတို့ပြောတာက နှစ်နိုင်ငံဆက်ဆံရေးတို့၊ နှစ်နိုင်ငံဆက်ဆံရေးတို့ ကောင်းမွန်ဖို့အတွက်ဆိုပြီး အကြောင်းပြချက်ထဲမှာ တခုပါတယ်ပေါ့လေ။ အထူးသဖြင့် မစ္စတာ အိုဘားမား လာခါနီးလေးမှာ ကပ်ပြီးလွှတ်ပေးတယ်။ လွှတ်ပေးတဲ့အထဲမှာလည်း နိုင်ငံရေးအကျဉ်းသား မပါသလောက်ဖြစ်နေပြီပေါ့။ သူတို့အပြောနဲ့ အလုပ်က မေးခွန်းထုတ်စရာဖြစ်နေပြီပေါ့။"

ဦးနိုင်းနိုင်းကတော့ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းသက်သာခွင့်ဆိုတဲ့ အသုံးအနှုံးကို မပြောလိုပေမဲ့ နိုင်ငံရေးအကျဉ်းသား မပါဝင်ဘူး ဆိုတာကိုတော့ အထင်ကရပြောဖို့လိုတယ်လို့ ပြောလိုက်ပါတယ်။

" နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာမဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တယ်လို့ပြောရင် လူလိမ်ပဲ။ သူတို့ဘာသာသူတို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ ဘာမှ မပြောလိုဘူး။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်တာ တယောက်မှ မပါပါဘူးလို့ ထင်ထင်ရှားရှား အဲ့တာကို ပြောဖို့ လိုလိမ့်မယ်။"

မြန်မာနိုင်ငံမှာ ရာဂဏန်းနဲ့ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့အတွက် ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာအစိုးရတွေ လူအခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေတာပါ။

အခုပြန်လွတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြန်လွတ်ဖို့ မျှော်လင့်နေသူတွေအဖို့
ကတော့ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းသက်သာခွင့် အပေါ် စိတ်ပျက်မိတယ်လို့ ပြောဆိုနေကြပါတယ်။
XS
SM
MD
LG