သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်အကြို အကျဉ်းသား ၂၀၀၀ လွှတ်


အင်းစိန်ထောင်မှ လွတ်မြောက်လာသူများ။ (အောက်တိုဘာ ၂၀၁၁)
အင်းစိန်ထောင်မှ လွတ်မြောက်လာသူများ။ (အောက်တိုဘာ ၂၀၁၁)

ဒီကနေ့ ဧပြီလ ၁၂ရက်နေ့မှာ မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင် အသီးသီးက ကောင်းမွန်စွာနေ ထိုင်ပြီး စည်းကမ်း လိုက်နာတဲ့ အကျဉ်းသား စုစုပေါင်း နှစ်ထောင်ကျော် ကို အထူးလျှော့ရက်နဲ့ပြန် လွှတ်ပေးလိုက်တယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ သင်္ကြန်မတိုင်ခင် အကျဉ်းထောင်လက်စွဲဥပဒေနဲ့အညီ အထူးလျှော့ရက် နဲ့ ပြန်လွှတ်ပေးလိုက် တာဖြစ်ပြီး နှစ်သစ်မှာ စိတ်သစ် ၊လူသစ်၊ ဘဝသစ် စတင်ဖို့ရည်ရွယ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲပါရှိပါတယ်။ လွှတ်လိုက်တဲ့ နှစ်ထောင်ကျော်ထဲ ဘယ်သူတွေ ပါဝင်ပါသလဲ ဘယ်လိုမူတွေနဲ့ စိစစ်ရွေးချယ်လွတ်ပေးလိုက်သလဲ ဆိုတဲ့သုံးသပ်ချက် သတင်း အပြည့်အစုံ မဆုမွန်က တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရ တစ်နှစ်ပြည့်ချိန် မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလမတိုင်ခင် ဒီကနေ့ ဧပြီလ ၁၂ရက်နေ့မှာ မြန်မာနိုင်ငံတဝှမ်းလုံးမှာရှိတဲ့ အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီးက စည်းကမ်းလိုက်နာပြီး ကောင်းမွန်စွာနေထိုင်သူ အကျဉ်းသူ၊ အကျဉ်းသားဟောင်း စုစုပေါင်း (၂၂၈၃) ယောက်ကို အထူးလျှော့ရက်ခံစားခွင့်ပြုပေးလိုက်ပါတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဒီကနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။ အစိုးရအနေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့အကျဉ်းသားတွေကို ပြစ်ဒဏ်ကျခံနေစဉ် စည်းကမ်းလိုက်နာမှု ကောင်းမွန်စွာနေထိုင်မှုတို့အပေါ် အခြေခံပြီး အကျဉ်းထောင်လက်စွဲ နည်းဥပဒေ အပိုဒ် ၈၄၇၊ ၈၄၈ တို့အရ အထူးလျှော့ရက်ကို ခံစားခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။

အခုလိုမျိုး သင်္ကြန်မတိုင်ခင် အကျဉ်းထောင်လက်စွဲဥပဒေနဲ့အညီ အထူးလျှော့ရက်နဲ့ အကျဉ်းသားနှစ်ထောင်ကျော်ကို ပြန်လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ အကျဉ်းသားတွေကို လွှတ်ပေးတဲ့အခါမှာဘယ်လိုအမှုမျိုး ဘယ်လိုမူဘောင်မျိုးတွေနဲ့စိစစ်ပြီးလွှတ်ပေးလိုက်သလဲဆိုတာကတော့ မရှင်းလင်းဘူးလို့ ဆိုပါတယ်။

“လွတ်ခါနီးတဲ့လူတွေကိုပဲ အထူးလျှော့ရက် ၊ဆုမှတ်ရက်ပေးပြီးတော့ လွတ်ပေးလိုက်တဲ့သဘောပါ။ ဆိုလိုတာက တောက်လျှောက်ကျနေ်ာတို့ တိုက်တွန်းနေတာက ၁ အချက် ကျနေ်ာတို့ လွတ်ပေးတယ်ဆိုရင် ရည်ရွယ်ချက်ကောင်းကောင်းရှိဖို့လိုပါတယ်။ ၂ အချက် မူရှိဖို့လိုပါတယ်။ ၃ အချက် စနစ်တကျ စိစစ်ဖို့လိုပါတယ်။ အခုအထိ ဒီအကျဉ်းသားတွေကို လွတ်ပေးတယ်ဆိုတာက စိစစ်တဲ့ ဘုတ်ဆိုတာက ဒီကနေ့အထိ မရှိသေးပါဘူး ခေတ်အဆက်ဆက်ပါပဲ။ မဖြစ်သင့်တဲ့ ကိစ္စမျိုးတွေဖြစ်ခဲ့တာ တွေကလည်း အများကြီးပါ။ လွတ်တဲ့အခါမှာ တော်တော်ကို ရှင်းရှင်းလင်းလင်းမရှိတဲ့ ကိစ္စမျိုးတွေ တွေ့ရပါတယ် ဆိုတော့ ကျနေ်ာတို့ကပဲ ဘယ်လိုအကျဉ်းသားမျိုးတွေပါတယ်၊ ဘယ်သူတွေပါတယ်ဆိုတာကို လိုက်ပြီးတော့ စုံစမ်းပြီးတော့ ပြည်သူလူထုကို နိုင်ငံတကာကို ကျနော်တို့က မီဒီယာကနေတဆင့် ဖြစ်ဖြစ်၊ Statement ထုတ်ပြီးတော့ ဖြစ်ဖြစ် ထုတ်ပြန်ရတဲ့ ကိစ္စမျိုးတွေဖြစ်ပါတယ်။”

အကျဉ်းသားတွေကို ပြစ်ဒဏ်ကျခံရတဲ့အချိန် စည်းကမ်းလိုက်နာမှုနဲ့ အထူးလျှော့ရက်ပေးလွှတ်လိုက်တဲ့အထဲ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ အလုပ်သမား၊ လယ်သမားရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တိုင်းရင်းဒေသမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တယ်ဆိုပြီး စွဲချက်တွေနဲ့ အထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေကိုလည်း အမျိုးသားရင်ကြားစေ့ရေးကို အခြေခံပြီး NLD အစိုးရအနေနဲ့ ပြန်လွှတ်ပေးသင့်တယ်လို့အကျဉ်းသား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

"သူက ၂၂၈၃ယောက်ကို အကျဉ်းထောင်လက်စွဲဥပဒေ ၈၄၇၊ ၈၄၈ အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက လွှတ်တဲ့ပုံစံကဒီအချိန်အခါမှာ ကျနော်တို့တိုင်းပြည်အတွက် အလွန်တ/ရာမှ အရေးကြီးတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ကို ပြည်သူလူထုတရပ်လုံးက မျှော်လင့်ချက်အပြည့်အဝ ထားထားတာလေ။အဲ့ဒီ့အပေါ်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိတ်အပိုင်းတခုအနေနဲ့ပါတယ်လေ။ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ကို ထိခိုက်စေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပဲ ထားမယ်ဆိုရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်သုံးသပ်ရမယ့် အနေအထားမျိုး ဖြစ်သွားပြီလေ။

ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ပုဒ်မ အမျိုးမျိုးနဲ့ အစွပ်စွဲခံရပြီးတော့ အနိမ့်ဆုံး ၁၇-၁ နဲ့ ဖမ်းဆီးခံထားရတဲ့ ကျနော်တို့ ညီရင်းအကို မောင်ရင်းနှမတွေဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရယ် နောက်တခုက တောင်ယာလယ်ခုတ် ဓားမခုတ်သွားရင်းနဲ့ ဖမ်းခံရတဲ့ KIA နဲ့ ဆက်သွယ်တယ်တို့ TNLA တို့ အဲ့လိုဖမ်းခံထားရတာတွေက အများကြီးရှိတယ်ပေါ့။ အဲ့တာတွေကို တကယ့်တကယ်ကျတော့ လွှတ်ပေးသင့်တယ်ဗျာ။ ယနေ့လုပ်နေတဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုတော့ အမှန်တကယ် ကျနော်တို့က မထိခိုက်စေချင်ဘူး။"

သင်္ကြန်မတိုင်ခင် အထူးလျှော့ရက်နဲ့ အစိုးရက အခုလွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၂၂၈၃ ယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုကတော့ မရှိသလောက်ပဲလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က အခုလိုပြောပါတယ်။

“ဒီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကျဉ်းသား ဘယ်နှစ်ယောက်ပါသလဲဆိုတာကို ကျနော်တို့မသိဘူး ဆိုတော့ အခုအထိ စုံစမ်းထောက်လှမ်းခဲ့သလောက်ကတော့ ကျနေ်ာတို့ စာရင်းအရဆိုရင်တော့ ၁ ယောက်မှ ပါတာမတွေ့ရသေးပါဘူး။ ပုဒ်မ ၆၆ နဲ့ ဖမ်းဆီးခံရတဲ့ ကိုမျိုးရန်နောင်သိန်း ၁ ယောက်တော့ ပါတယ်ဆိုတာပဲ သိရတယ်။ ဒါကတော့ လွတ်နီးဆိုတဲ့ ကိစ္စပေါ့ အခုသူတို့ ထုတ်ပြန်လိုက်တဲ့အရဆိုရင် ဆုမှတ်ရက်ပေါ့ဗျာ အထူးလျှော့ရက်ဆိုတဲ့ အထူးလျှော့ရက်အခြေအနေမျိုးကတော့ ကျနော်တို့လေ့လာသလောက်ကတော့ ဒီထောင်လျှော့ရက်တို့ အကျဉ်းထောင်အလုပ်လျှော့ရက်တို့ အဲဒါမျိုးတွေနဲ့ပဲ ပေးတယ်လို့ အဲလိုပဲ ယူဆပါတယ်။”

အခုသင်္ကြန်မတိုင်ခင် အကျဉ်းသားတွေကို လွှတ်ပေးလိုက်တဲ့ အကျဉ်းထောင်စခန်းတွေကတော့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက ၄၅၀ကျော်၊ မန္တလေးတိုင်းဒေသကြီးက ၄၀၀ကျော်၊ စစ်တိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းက ၁၀၀ကျော်စီနဲ့ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ် ရခိုင်ပြည်နယ် ၊ မကွေးတိုင်းဒေသကြီး ၊ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကုန်ထုတ်လုပ်ငန်းစခန်း တို့က အကျဉ်းသားအချို့ကို ပြန်လွှတ်ပေးလိုက်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက စာရင်းနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

သင်္ကြန်အကြို အကျဉ်းသား ၂၀၀၀ လွှတ်
please wait

No media source currently available

0:00 0:05:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG