ပုဂ္ဂလိက ဘဏ်တွေကို နိုင်ငံခြားငွေ လဲလှယ်ခွင့် ချထားပေးဖို့ ပြင်ဆင်နေတယ်ဆိုပြီး ဘဏ္ဍာအခွန် ၀န်ကြီးဌာနရဲ့ အကြီးအကဲ တဦးက ပြောဆိုလိုက်ပြီးတဲ့နောက် ဒီလုပ်ဆောင်ချက်ကြောင့် ကုန်သွယ်ရေး လုပ်ငန်းတွေ ပိုပြီး မြန်ဆန်လာမယ်လို့ ကုန်သည်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကဘဏ်ကို နိုင်ငံခြားငွေ လဲလှယ်ခွင့်ပေးတဲ့ တချိန်တည်းမှာ အစိုးရ အနေနဲ့ နိုင်ငံရဲ့ စီးပွားရေးစနစ် တည်ငြိမ်ရေးနဲ့ တပြေးညီ စည်းကမ်း ထိန်းသိမ်းနိုင်မှ ကုန်သွယ်ရေးအတွက် အကျိုးရှိနိုင်မှာ ဖြစ်တယ်လို့လည်း ဝေဖန်ကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
မြန်မာအစိုးရက ကာလအတန်ကြာ ပိတ်ထားခဲ့တဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ နိုင်ငံခြားငွေ လဲလှယ်ခွင့်ကို ပြန်ပြီး ချထားပေးမယ်ဆိုတဲ့ သတင်းတွေ ဒီရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာပါတယ်။ ဘဏ်လုပ်ငန်းတွေ သွက်လက်လာစေဖို့ ပုဂ္ဂလိက ဘဏ်တွေကို နိုင်ငံခြားငွေ လဲလှယ်ခွင့် ပြန်ပေးဖို့ စီစဉ်နေတဲ့အကြောင်း ဒီလ ၁၁ ရက်နေ့က ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက သတင်းထောက်တွေကို ပြောဆိုခဲ့ပြီးတဲ့နောက် အခုလို ပုဂ္ဂလိကဘဏ် ၅ ခုကို အရင်ချထားပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ငွေလဲလှယ်နှုန်းထား ဘယ်လိုသတ်မှတ်မယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေတော့ မထုတ်ပြန်သေးပါဘူး။
စီးပွားရေး ပညာရှင် ဦးခင်မောင်ညိုကတော့ ပုဂ္ဂလိကဘဏ်တွေ နိုင်ငံခြားငွေ လုပ်ကိုင်ခွင့် ပြုမယ်ဆိုရင် ကုန်သွယ်ရေး ပိုပြီး သွက်လက်လာမယ်လို့ ယူဆကြောင်း ပြောပါတယ်။
“ကြားနေပါတယ်၊ ပေးတော့ မပေးသေးပါဘူး။ ပေးရင်တော့ အားလုံးပေးမှာပါ။ အခုထိ ဘာမှ ထွက်မလာသေးဘူးလေ။”
ကုန်သွယ်ရေး လုပ်ငန်းတွေ ပိုပြီး ချောမွေ့လာစေဖို့ အခုလို ပုဂ္ဂလိက ဘဏ်တွေရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ပေးဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာပဲ အစိုးရအနေနဲ့ ဘဏ်တွေကို တပြေးညီ စည်းကမ်း ထိန်းသိမ်းနိုင်ဖို့က ပိုပြီး လိုအပ်တယ်ဆိုပြီး ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက ပြောဆိုပါတယ်။ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တဦးက အခုလို ပြောပါတယ်။
“အဲဒီလို ပုဂ္ဂလိကကို ပေးလာလို့ရှိရင် စနစ်တကျ အစိုးရရဲ့ နိုင်ငံခြားဘဏ်တွေက ကိုင်တွယ်နိုင်မယ် ဆိုရင်တော့ အကျိုးတော့ ရှိလာနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ စိတ်ပူတာက ကျနော်တို့ဆီမှာ အခြေခံ လိုအပ်ချက်တွေက အများကြီး ရှိနေသေးတယ်။ Dealer ပေးတယ် ခေါ်တာပေါ့၊ ပုဂ္ဂလိကဘဏ်တွေကို နိုင်ငံခြားငွေ လုပ်ဆောင်ခွင့်ပေးတယ် ဆိုတာက၊ အဲဒီလို လုပ်ဆောင်ခွင့်ပေးတဲ့ အခါမှာ အခြေခံတွေ လိုနေသလို နိုင်ငံခြား ကုန်သွယ်မှုအတွက် လိုအပ်တဲ့ ပတ်ဝန်းကျင်ပေါ့၊ ပတ်ဝန်းကျင် ဆိုတာက ကြားဖြတ်နည်းလမ်းတွေ၊ အခွင့်အာဏာကို သော်လည်းကောင်း၊ ငွေကြေးအားကို သော်လည်းကောင်း သုံးပြီးတော့ လုပ်သွားတဲ့ နည်းလမ်းမျိုးတွေ လွှမ်းမိုးရင်တော့ အများလုပ်နိုင်တဲ့ အခြေအနေကောင်းတခု ရချင်မှရမယ်။ ကျနော်တို့က ဒါစိုးရိမ်တယ်။ အစိုးရဘဏ်တွေက အုပ်ချုပ် ကွပ်ကဲတဲ့ အပိုင်းပေါ်မှာ စနစ်တကျ ထိန်းကွပ်နိုင်မယ် ဆိုရင်တော့ ပိုပြီးတော့ ကောင်းလာနိုင်ဖို့ အခွင့်အလမ်းတော့ ရှိပါတယ်။”
လတ်တလော ကားလောကမှာ ကားဟောင်းတွေကို ပြန်သိမ်းပြီး ပြည်ပကနေ ကားတွေ ပြန်သွင်းခွင့်ပေးမယ့် အနေအထား၊ တရားမ၀င် ကားတွေကို အမေရိကန်ဒေါ်လာနဲ့ ဒဏ်ကြေး ပေးဆောင်စေတာ စတဲ့ မူဝါဒ စည်းကမ်းအသစ်တွေ ချနေတာကြောင့် ပြည်တွင်း ငွေကြေးဈေးကွက်က အတက်အကျ မြန်ဆန်နေတာကလည်း ကုန်သွယ်ရေးကို ထိခိုက်စေတယ်ဆိုပြီး သူက ဆက်ပြောပါတယ်။ ကုန်သွယ်ရေး လုပ်ငန်းတွေ ပုံမှန် တည်တည်ငြိမ်ငြိမ် လည်ပတ်နိုင်ဖို့က အစိုးရရဲ့ စီးပွားရေးစနစ် တည်ငြိမ်ဖို့ အဓိက လိုအပ်ချက် ဆိုပြီးလည်း သူက ပြောပါတယ်။
“တကယ်တမ်း ဖြစ်သင့်တဲ့စံနှုန်း ဆိုတာက ဈေးကွက်ပေါ်မှာ မူတည်တယ်။ ဈေးကွက်မှာ ပြည်တွင်းပို့ကုန်တွေ ဈေးကွက်တည်ငြိမ်လို့ရှိရင် ဒီနိုင်ငံခြားငွေ ဘယ်လောက်ဖြစ်သင့်တယ် ဆိုတဲ့ ဈေးနှုန်းပေါ့၊ တကယ်လို့ ဒါကို အရှင်ထားမယ် ဆိုရင်လည်း အရှင်ထားမယ့် ခွင်တခုပေါ့၊ အဲဒီဟာကတော့ ဈေးကွက် တည်ငြိမ်လို့ရှိရင် ဒါ ခန့်မှန်းလို့ရပါတယ်၊ တွက်ကြည့်လို့ ရပါတယ်။
“အခုလို သတင်းအမျိုးမျိုးနဲ့ မော်တော်ကား သွင်းခွင့်ပေးလာတဲ့ ဟာမျိုးနဲ့ အပြောင်းအလဲ ဖြစ်နေတဲ့ အခြေအနေမျိုးက တကယ်တမ်း ဈေးကွက်ရဲ့ ပုံမှန် လည်ပတ် တုံ့ပြန်တာမျိုး မဟုတ်တဲ့အတွက် တော်တော် မှန်းရခက်တဲ့သဘော ရှိတယ်။ ပြီးတော့ တကယ်တမ်း ရေရှည်ပို့နိုင်တဲ့ ပို့ကုန်တွေရဲ့ ဈေးကွက် အထိုက်အလျောက် တည်ငြိမ်မှပဲ ဖြစ်သင့်တဲ့နှုန်း အတိုင်းအတာတခု ပေါ်လာနိုင်မှာပါ။ အခုကတော့ တော်တော် မတည်မငြိမ်ဖြစ်တော့ မှန်းဖို့ တော်တော်ခက်တယ်။”
နိုင်ငံတကာ ငွေကြေးနဲ့ မြန်မာငွေ လဲလှယ်နှုန်းထား လအတော်ကြာ ကျဆင်းနေတာကြောင့် မြန်မာ့ပို့ကုန်လုပ်ငန်းဟာ ထိခိုက်နေရတယ် ဆိုပြီးလည်း အစိုးရက ပြောဆိုထားတာပါ။ ဒါကြောင့် မြန်မာ့စီးပွားရေးကဏ္ဍ တိုးတက်ဖို့ ဘဏ်တိုးနှုန်းတွေကို လျှော့ချပေးတာအပြင် အခု ပုဂ္ဂလိက ဘဏ်တွေကို နိုင်ငံခြားငွေ လုပ်ကိုင်ခွင့် ပေးဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေကတော့ အစိုးရအနေနဲ့ ရေတို ပြုပြင် ပြောင်းလဲမှုတွေထက် စီးပွားရေး လုပ်ငန်းရှင်တွေကို အာမခံချက် ပေးနိုင်တဲ့၊ တည်ငြိမ်တဲ့ စီးပွားရေး စနစ်တခု တည်ဆောက်နိုင်မှ မြန်မာ့စီးပွားရေးကလည်း တည်ငြိမ်လာမှာ ဖြစ်တယ်ဆိုပြီး ဝေဖန် ပြောဆိုကြပါတယ်။