သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သွားမည်


ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ခရီးစဉ်။
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ခရီးစဉ်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NLD အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အစိုးရ ဖွဲ့စည်းပြီးချိန်မှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားမယ်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးကပြောပါတယ်။ ဒါအပြင် အသွင်ကူးပြောင်းရေး ညင်သာချောမွေ့မှာသာ ငြိမ်းချမ်းရေး ကိစ္စကို ဆောင်ရွက်နိုင် မှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံပြောပြမှာပါ။

လက်ရှိမြန်မာအစိုးရက သူတို့ ချမှတ်ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတိုင်း အဆင့်ဆင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေရာ မှာ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ရောက်ဖို့ NCA မှာ လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈)ဖွဲ့ နဲ့ နိုင်ငံရေးပါတီတွေဘက်က ကိုယ်စားလှယ်တွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးနေတာပါ။

လက်ရှိ အစိုးရ ကိုယ်စားလှယ်ဖြစ်တဲ့ MPC မြန်မာငြိမ်းချမ်းရေး စင်တာ က ဆောင်ရွက်နေတာတွေကို အသိအမှတ်ပြုသလို NLD အစိုးရ ဖွဲ့စည်းပြီးချိန်မှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားမှာဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်က ဗွီအိုအေကိုပြောပါတယ်။

" အစိုးရ တရားဝင် ဖွဲ့ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်မှာ။ အခုလက်ရှိ လုပ်နေတာက သူတို့က လုပ်ပါစေ ကျနော်တို့က Observer အနေနဲ့ တက်မယ်။ သူတို့လုပ်နေတာတွေကို ကျနော်တို့က Honor လုပ်မယ်။ သူတို့လုပ်လို့ ပယ်မယ် ဆိုတာတွေ မရှိဘူး။ သူတို့လုပ်တာတွေကို ကျနော်တို့ ဂုဏ်ပြုပြီးမှ အသိအမှတ်ပြုပြီးမှ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ဖြစ်လာရင် ငြိမ်းချမ်းရေး ထူထောင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သွားမှာ။"

နောင် တက်လာမယ့် အစိုးရသစ်အနေနဲ့ လက်ရှိဆွေးနွေးသဘောတူညီချက်တွေကို ဆက်လက် သယ်ဆောင်ပြီး ဆောင်ရွက်ပေးဖို့ ဆန္ဒရှိကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ဗွီအိုအေကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ခေါ်မှာဖြစ်တယ်လို့လည်း ဦးဝင်းထိန်က ဆိုပါတယ်။

"ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော် ဟိုတုန်းကလည်း ပြောဖူးပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ပြောဖူးတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ချုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်မထိုးဘူး။ လက်မှတ်မထိုးရတဲ့ အဓိက အကြောင်းက သူ လက်မှတ်ထိုးလိုက်လို့ရှိရင် လက်မှတ်ထိုးလိုက်တဲ့သူတွေနဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ နားလည်မှု လွဲသွားမယ်။ တစ်အချက်၊ နှစ်အချက်က လက်မှတ်ထိုးတဲ့ အဖွဲ့အစည့်းတွေ အနေနဲ့တော့ တရားဝင် အသိအမှတ်ပြုပြီး လက်မှတ်မထိုးတဲ့ အဖွဲ့အစည်းတွေကို ပိုပြီးတော့ ဖိအားပေးမှာကို စိုးရိမ်တယ်။ အဲ့လို ဟိုတုန်းကလည်း ပြောခဲ့ဖူးတယ်။ အခု ကျနော်တို့ စိုးရိမ်တဲ့အတိုင်း ဖြစ်တာပဲလေ။ လက်မှတ်မထိုးတဲ့ ဒီ KIA တို့ ဖိတိုက်နေတာဟာ မဖြစ်သင့်တဲ့ကိစ္စလေ။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြီးတော့ ဦးဆောင်သွားမယ်ဆိုတာ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို အားလုံးကို ဖိတ်ခေါ်ပြီးတော့မှ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရမှာပါ။"

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ကာချုပ်တို့ သမ္မတတို့နဲ့ ဖိတ်ထားတယ်။ ဟိုဘက်ကလည်း ဒီဇင်ဘာလောက်အတွင်း ဖြစ်နိုင်တယ်လို့ သတင်းဌာနတွေကို ပြောလာတယ်။ အဲ့တော့ ဒီလက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဖို့ကျတော့ အန်ကယ်လ်တို့ ဘယ်လိုအစီအစဉ် ရှိမလဲရှင့်။

" အခုဟာက transition ကာလ ဖြူးဖြူးဖြောင့်ဖြောင့် ဖြစ်ဖို့ ပိုအရေးကြီးတာက အဓိက အရေးကြီးဆုံးက transition အကူးအပြောင်းကို ညင်ညင်သာသာ နဲ့ ချောချောမွေ့မွေ့ဖြစ်ဖို့က အဓိက ကျတယ်။ အဲ့တာတွေ ဖြစ်တော့မှသာလျင် ငြိမ်းချမ်းရေးကိစ္စတွေ ဘာတွေက ကျနော်တို့က ကိုင်နိုင်မှာ။"

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် နိုင်ငံရေးပါတီစုစုပေါင်း (၉၀)ကျော်ထဲက ကိုယ်စားလှယ် (၁၆)ဦးကို နိုဝင်ဘာလ (၂၁)ရက်နေ့က ရွေးချယ်ရာမှာ ပါတီ အားလုံးကို ကိုယ်စားမပြုတာကြောင့် ပါတီငယ်တွေဘက်က မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးဝင်းထိန်ကို မေးကြည့်တော့

"အဲ့ဒီ့နိုင်ငံရေး ပါတီတွေက ဘယ်သူတွေလဲ ဆိုတာ အဲ့တာ ဆန်းစစ်ကြည့်လေ။ ကျနော်တို့ ဟိုတုန်းကတည်းက ပြောထားဖူးတယ်။ ဒီရွေးကောက်ပွဲ မတိုင်ခင်ကတည်းက All-inclusive ဆိုပြီးတော့ နိုင်ငံရေးပါတီတွေ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲ လုပ်မယ်ဆိုရင် နိုင်ငံရေးပါတီ ၉၂ ခုဆိုတာ သဘာဝမကျဘူး။ ပါတီတခု တယောက်ဆိုရင်တောင် ပုံစံမကျဘူး။ နောက်ပြီးတော့ ဆယ်ခု တဖွဲ့ လုပ်မယ်ဆိုတာလည်း သဘာဝ မကျဘူး။ ပြည်သူလူထု ထောက်ခံမှု အရ ရွေးကောက်ပွဲမှာ ပြည်သူလူထု ထောက်ခံလို့ ကျန်တဲ့ ပါတီတွေ ဘာတွေ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ပါတီမို့လို့ ကျနော်တို့က အခုထက်ထိ ဆယ်ယောက် ဖွဲ့မယ်ဟာတွေကို လက်မခံဘူးလို့ ပြောထားတာ။"

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် NCA မှာ ပါဝင်တဲ့ အတိုင်း နိုင်ငံရေးဆွေးနွေးပွဲကို လာမယ့်နှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ မှာ စတင်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေကြောင်း MPC ခေါင်းဆောင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းကပြောဆိုထားပါတယ်။

XS
SM
MD
LG