သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ ဖွဲ့စည်းပုံပြင်ရေးထောက်ခံ ဆန္ဒပြ


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတရပ်ကို ရန်ကုန်မြို့တော် ခန်းမရှေ့ ဒီကနေ့ ပြုလုပ်ရာမှာ အာဏာရ NLD ပါတီကို ထောက်ခံသူ တွေတက်ရာက်ခဲ့ပေမယ့် NLD ပါတီကတော့ ဒီလို လူထုထောက်ခံပွဲတွေလုပ်ဖို့ ညွှန်ကြားထားတာမျိုး မရှိဘူးလို့ ပြောပါတယ်။ ရန်ကုန်မြို့တော်ခန်းမရှေ့က လူထုထောက်ခံဆန္ဒပြပွဲကို သွားရောက်သတင်းယူခဲ့တဲ့ မမေခ သတင်းပေးပို့ထားပါတယ်။

ဖွဲ့စည်းပုံပြင်ရေး လူထုထောက်ခံပွဲကို တက်ရောက်သူ အများစုဟာ အာဏာရ NLD ပါတီလိုလားသူ ထောက်ခံသူတွေ ဖြစ်ကြပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ဆိုရင် တည်ရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေကို ပြင်ဆင်ရမယ်လို့ ထောက်ခံဆန္ဒပြသူတွေက ပြောပါတယ်။ ဒီလို အခြေခံဥပဒေပြင်သွားဖို့ဆိုရင် အသက်စွန့်ပြီးတောင် လုပ်မယ်လို့ ပြောလာသူက ဧည့်လမ်းညွှန် ဒေါ်ကြည်ကြည်စန်းပါ။

"ဒီအခြေခံဥပဒေက အန်တီတို့အဲဒီတုန်းကဆိုရင် ၂၀၀၈ နာဂစ်ပေါ့နော် အန်တီ ကိုယ်တိုင်လည်း ဒါကို ထောက်ခံမဲလည်းမပေးခဲ့ဘူး ဘာမှကို မသိလိုက်ဘူး ။ အဲဒါကို ၉၂ ရာခိုင်နှုန်းကျော် အဲလိုမျိုးမဲနဲ့ အနိုင်ရတယ်လို့ ပြောခဲ့တယ် အန်တီ အဲဒါကိုလည်း မခံချင်ဘူး။ နောက်ပြီးတော့ သူ့အထဲမှာ ပါတဲ့ဟာတွေက နိုင်ငံသားဥပဒေက ရေးထားတာတမျိုး လုပ်တာတမျိုး ။ နောက်ပြီးတော့ အန်တီတို့ ပြည်သူလူထုက ဖြစ်စေချင်တဲ့ ဆန္ဒက ဘာတခုမှ ဖြစ်လို့မရဘူး ဒါကြောင့်မို့ အန်တီတို့က ပြင်ဆင်သင့်တယ်လို့ ထင်တယ် ပြင်ကို ပြင်ရမယ် ။ အန်တီအသက်ပေးရင် ပေးရပါစေ အန်တီက ပြင်တဲ့ဘက်က အမြဲထောက်ခံမယ်။"

ဆန္ဒပြပွဲ တတ်ရောက်သူတဦးဖြစ်တဲ့ ဦးလှဌေးကလည်း နိုင်ငံသားအခွင့်အရေးတွေ အပြည့်အဝရဖို့ဆိုရင် လက်ရှိဖွဲ့စည်းပုံကို ပြင်ရမယ်လို့ ဆိုပါတယ်။

"ဟုတ်ကဲ့ ဒီဟာကို စပြီးတော့ ရေးဆွဲကတည်းက ကျနော်တို့ ပြည်သူတွေက ဒါကိုမသိလိုက်ဘူး။ အခုလေ့လာတော့ တချို့ဟာတွေက ကျနော်တို့ တိုင်းပြည်နဲ့ မကိုက်ညီတဲ့ ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီတဲ့ အချက်တွေ အများကြီးပါနေလို့ပါ။"

၈၈ အဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ကိုမြအေးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အကြောင်းမဲ့ တောင်းဆိုနေတာမဟုတ်ဘူးလို့ ပြောပါတယ်။

"ကျနော်တို့ဖွဲ့စည်းပုံ ကို ပြင်ချင်တယ်လို့ ပြောတာဟာ အကြောင်းအကျိုးမဲ့ ပြောချင်းမဟုတ်ပါဘူး။ တိုင်းပြည်မှာ ပြဿနာတွေ များလာတာကိုလည်း မမြင်ချင်ပါဘူး။ ရှိနေတဲ့ ပြဿနာတွေကို ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းဖြေရှင်းချင်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းတယ်လို့ ကျနော်တို့ မြင်ပါတယ်။"

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းမှာ အာဏာရ NLD ပါတီက ကြိုးပမ်းနေချိန်မှာပဲ၊ ဒီ ကြိုးပမ်းမှုအပေါ် ထောက်ခံပွဲတွေကို မြန်မာနိုင်ငံနေရာ အတော်များများမှာ ခပ်စိတ်စိတ်ပြုလုပ်လာပြီး၊ ဒီနေ့မှာတော့ ရန်ကုန်မှာ ကျင်းပကြတာပါ။ ဖွဲ့စည်းပုံပြင်ရေးအတွက် NLD ပါတီအနေနဲ့ လွှတ်တော်အတွင်း ကြိုးပမ်းရာမှာ စစ်တပ်နဲ့ ပြိုင်ဖက်ကြံခိုင်ရးပါတီတို့ဖက်က အတိုက်အခံလုပ်မှုတွေ ကြုံရသလိုပဲ၊ အခုလို လူထု ထောက်ခံဆန္ဒပြပွဲတွေလုပ်တဲ့အပေါ်မှာလည်း မလိုအပ်တဲ့ လုပ်ရပ်တွေလို့ သူတို့ ရှုမြင် တုံ့ပြန်ထားပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့် ကတော့ အခုလို ဖွဲ့စည်းပုံပြင်ရေး ထောက်ခံပွဲတွေလုပ်ဖို့ ပါတီဗဟိုအနေနဲ့ ညွှန်ကြားထားတာမရှိဘူးလို့ သတင်းထောက်တွေကို ပြောဆိုထားဖူးပါတယ်။

လွှတ်တော်တွင်းမှာတော့ NLD ပါတီရဲ့ ဖွဲ့စည်းပုံပြင်ရေးဆောင်ရွက်ချက်ဟာ လုပ်ထုံး လုပ်နည်းနဲ့ မညီဘူးလို့ စစ်တပ်ကိုယ်စားလှယ်တွေဖက်က ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ပူးပေါင်ကော်မတီမှာတော့ စစ်တပ်ကိုယ်စားလှယ်တွေရော ကြံံခိုင်ရေးအပါအဝင် အခြားပါတီက ကိုယ်စားလှယ်တွပါ ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ အခြေခံဥပဒေပါ အခန်း၁၊ နိုင်ငံတော်အခြေခံမူတွေကို မကြာခင် စတင်သုံးသပ်ဆွေးနွေးမယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG