သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၅၉ ထောက်ခံပွဲ ရန်ကုန်မှာလုပ်


သမ္မတဖြစ်ခွင့် အရည်အချင်းကို ကန့်သတ်ထားတဲ့ အခြေခံဥပဒေပုဒ်မ ၅၉ ဟာ တိုင်းပြည်ရဲ့ လိုအပ်ချက်တခု ဖြစ်တာကြောင့် ထောက်ခံတယ်လို့ သူတို့ကိုယ်သူတို့ အမျိုးသားရေးလှုပ်ရှားသူများလို့ ခေါ်ဆိုသူတွေက ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲဆိုတာအတွင်း အဲဒီလိုပြောတာပါ။ တိုင်းပြည် အပြောင်းအလဲကာလမှာ အခုလို ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ပွဲမျိုးကို ပြည်သူတွေက ကြည့်နေမှာမဟုတ်ဘဲ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ တိုင်းပြည်ပြောင်းလဲတာကိုသာ လူထုက လိုလားနေကြတယ်လို့ ဒီပွဲနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင်တဦးက တုန့်ပြန်ပါတယ်။ အပြည့်အစုံကို အဲဒီပွဲမှာ ကိုယ်တိုင်သတင်းသွားယူထားတဲ့ ကိုထက်အောင်က သတင်းပေးပို့ထားပါတယ်။

၂၀၁၅ ပါတီစုံရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစု အနိုင်ရလိုက်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖို့ မျှော်မှန်းချက်တွေက မြင့်မြင့်မားမား ရှိနေတာပါ။ ဒီပုဒ်မကို လွတ်တော်ထဲမှာ ပြင်ဆင်နိုင်ဖို့ ဒါမှမဟုတ် ဆိုင်းငံဖို့ လိုလားသူတွေရှိပေမဲ့ မျိုးချစ်မောင်နှမတွေလို့ သူတို့ကိုယ်သူတို့ ခေါ်ဆိုသူတွေကတော့ ဒီပုဒ်မကို ထောက်ခံကြောင်းပြတဲ့ ပွဲတခုကို ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ဒီကနေ့ လုပ်ခဲ့ကြပါတယ်။ ဒီဥပဒေဟာ တိုင်းပြည်အတွက် လိုအပ်တာကြောင့် ဒီပွဲကိုလုပ်တာလို့ စီစဉ်သူတဦးဖြစ်တဲ့ ကိုသက်မျိုးဦးက ပြောပါတယ်။

“ဒီပုဒ်မဟာ ကျနော်တို့နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ယုံကြည်လို့လုပ်တာ ။ ဒီပွဲဖြစ်လာရခြင်းအကြောင်းက ဒီ ပုဒ်မ ကို ပြင်မယ်၊ ဆင်မယ်ဆိုလို့ အသံတွေကြားလို့ ကျနော်တို့က ထောက်ခံတဲ့လူတန်းစား တရပ်ရှိနေပါတယ်ဆိုတဲ့အကြောင်းကိုပြတာ။ Thrid wave အနေနဲ့ ကျနော်တို့ ထောက်ခံပါတယ်ဆိုတာကို ပြတာ။ အဲဒီအတွက်ကို ကျနော်တို့က မပြင်ဆင်ဖို့အတွက်ကို ပြန်ထောက်ခံတာ ။ ဒီ ၅၉ (စ) တခုလုံးက ကျနော်တို့နိုင်ငံအတွက် အကြီးဆုံးရာထူးဖြစ်တဲ့ သမ္မတနေရာကို စီးထားရတဲ့ ဥပဒေလေ ။ အဲဒီ ဥပဒေကို ပြင်ဆင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်ယုံကြည်တယ်။”

ဒီပွဲကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံကနေ ခွင့်ပြုချက်ယူပြီး လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ အမျိုးသားရေးလုပ်ရှားသူတွေဖြစ်ကြတဲ့ ဦးဝင်းကိုကိုလတ်၊ ရှေ့နေ ဦးအေးပိုင် နဲ့ ဒေါ်ခင်ဝိုင်းကြည်အပါအဝင် ဦးနေမျိုးဝေတို့က ဒီဥပဒေကို ထောက်ခံတဲ့အကြောင်း အမျိုးသားရေးဝါဒကို အခြေခံပြီး အတော်လေး ပြင်းပြင်းထန်ထန် ပြောဆိုသွားခဲ့ကြတာပါ။

ဒါပေမဲ့လည်း တိုင်းပြည်အပြောင်းအလဲအချိန်မှာ အခုလိုမျုးိ ရည်ရွယ်ချက်ရှိရှီလုပ်တဲ့ ပွဲမျိုးတွေ မလုပ်သင့်ဘူးလို့ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဥိးဖြစ်တဲ့ ကိုဂျင်မီက ပြောပါတယ်။

“ဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိနဲ့ နှောက်ယှက်လာပြီဆိုရင် ကျနော်တို့ တိုင်းပြည်က ပြည်သူလူထုက ဒါ သဘောတူမှာ မဟုတ်ပါဘူး၊ လက်ခံမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကိုပဲ ကြည့်လိုက်ပါဗျာ။ ဒါပြည်သူလူထုက ရွေးကောက်ပွဲဆိုတာ တိုက်ပွဲပုံစံနဲ့ပေးထားတာဗျ။ အပြောင်းအလဲကိုလိုချင်တယ်ဆိုတဲ့ အဲဒီတိုက်ပွဲပုံစံနဲ့ကို မဲပေးထားတာဗျ။ အဲတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်အသတ်ထောက်ခံလာတဲ့ဟာ ဒီပြည်သူလူထုရဲ့အင်အားက ပေါ့သေးသေး အင်အားတော့မဟုတ်ပါဘူး။ အဲဒါလေးတော့ သတိပြုစေချင်တယ် လုပ်တဲ့လူတွေကို ။ ကျနော်တို့ကတိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ပြုပြင်ပြောင်းလဲမှုလိုချင်တယ်။ နောက်ကျနော်တို့က တလျှောက်လုံး ခံဘက်ကပါဗျာ။ ခံလာရတဲ့လူတွေပါ။ ဘာအငြိုးမှ မရှိပဲ၊ အနာဂတ်ကိုပဲ ကြည့်ပြီးတော့ အားလုံးပူးပေါင်းဆောင်ရွက်သွားဖို့ ကျနော်တို့က လိုချင်တယ်။ ဒါ စိတ်ရင်းအမှန်ပဲ ။ ဒါပေမယ့် လက်တွေ့သဘောမှာကျတော့ ဟိုလူမပါရေး၊ ဒီလူမပါရေး အုပ်စုအဖွဲ့တွေကတော့ ရှိနေတုန်းပဲဗျ။ ဒါပေမယ့် ကျနော်ယုံကြည်တာတခုကတော့ ပြည်သူက ဆုံးဖြတ်ပြီးသားပါပဲ။ ကျနော်တို့က ပြည်သူအားကို ယုံကြည်တယ်ဗျာ။ ပြည်သူအားနဲ့ပဲ ကျော်ဖြတ်ရမှာပဲ”

ပုဒ်မ ၅၉ စဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကန့်သတ်ထားတဲ့ ပူဒ်မသာဖြစ်တယ်လို့ လူအများက ပြောဆိုနေပေမဲ့လည်း အမျိုးသားရေး လှုပ်ရှားသူတွေကတော့ လူပုဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး ရေးသားထားတာမဟုတ်ပဲ နိုင်ငံကို အုပ်ချုပ်မယ့် သမ္မတတစ်ဦးအတွက် တိုင်းပြည်ရဲ့ လိုအပ်ချက်သာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ကိုဂျင်မီကတော့ ဒီပုဒ်မ ထောက်ခံတာဖြစ်ဖြစ် ကန့်ကွက်တာဖြစ်စေ အငြင်းပွားမနေသင့်ပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်ရဲ့သမ္မတ ဖြစ်သင့်တယ်လို့ ပြောပါတယ်။

“အခုအချိန်မှာဗျာ ၅၉ ကို ထောက်ခံတာတွေ၊ ၅၉ ကို ကန့်ကွက်တာတွေ စတဲ့ အငြင်းပွားမှုတွေ ကျနော်တို့ မလုပ်ချင်ဘူးဗျာ။ မဖြစ်လည်း မဖြစ်ချင်ဘူး။ ဒါပေမယ့်အရေးကြီးတာတခုက ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည် အတွက်အရေးပါတဲ့လူ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။ သမ္မတဖြစ်မယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးရှိလား မရှိဘူးလားဆိုတာကိုပဲ စဉ်းစားဖို့လိုမယ်။ ကျနော်တို့က သူ့ကို သမ္မတ ဖြစ်စေချင်လို့၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတ ဖြစ်ချင်လွန်းလို့ ဒါကိုပြောနေတာမဟုတ်ဘူးခင်ဗျ။ ဒါပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ သဘောသဘာဝကို ကျနော်တို့က ပြောနေတာပါ။ အဲဒီအတွက် ၅၉ စ ပြင်ရေးမပြင်ရေးဆိုတာပေါ်အခြေခံပြီးတော့ အငြင်းအခုန်တွေ ပြုလုပ်တာ အကျိုးမရှိပါဘူး။ ကျနော်တို့ တိုင်းပြည်အတွက် အကျိုးရှိတဲ့ ၊ ကျနော်တို့ တိုင်းပြည်အတွက် အကျိုးဖြစ်မယ့် လူပုဂ္ဂိုလ်ကို သူနဲ့ တော်ရာနေရာမှာထားနိုင်ဖို့ အဲဒါကိုပဲ ဝိုင်းပြီး စဉ်းစားဖို့လိုပါတယ်။”

ပုဒ်မ ၅၉ စကို လွတ်တော်တွင်းမှာပြင်ဆင်နိုင်ဖု့ိ ဒါမှမဟုတ် ဆိုင်းငံဖို့ ကြိုးစား ပြောဆိုတာတွေရှိနေချိန်မှာပဲ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကတော့ အခြေခံဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

မတ်လ ၁၇ ရက်နေ့မှာ လွတ်တော် ၂ ရပ်က ဒုသမ္မတ ၂ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒုသမ္မတတစ်ဦး အသီးသီးရွေးချယ်ရမယ့် သမ္မတရွေးချယ်ရေး လုပ်ငန်းစဉ်ကို ပြည်ထောင်စု လွတ်တော်မှာ စလုပ်တော့မှာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကကော တပ်မတော်သား ကိုယ်စားလှယ်တွေဖက်ကပါ ဘယ်သူ့ကို ဒုသမ္မတတွေအဖြစ် တင်မြှောက်သွားမယ့် ဆိုတာတော့ ခုချိန်ထိ အတိအကျ မထုတ်ပြန်သေးပါဘူး။ ဒီကနေ့ ဗိုလ်စိန်မှန် ကွင်းမှာ ဒီနေ့လုပ်တဲ့ ပုဒ်မ ၅၉ ကို ထောက်ခံကြောင်းပွဲမှာတော့ လူ ၅၀၀ နီးပါးတတ်ရောက်ခဲ့ပြီး စုပေါင်း လက်မှတ်ထိုးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ နှစ် မေလတုန်းကလည်း အဲဒီ ဗိုလ်စိန်မှန်ကွင်းမှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဟောပြောပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်တို့ ပေါင်းပြီး ကျင်းပခဲ့ဖူးပြီး အဲဒိအချိန်တုန်းက လူပေါင်း သောင်းနဲ့ချီတတ်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG