သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ သိသာတဲ့ ပြောင်းလဲမှု ကင်တားနား မတွေ့ရသေး


မြန်မာနိုင်ငံမှာ သိသာတဲ့ ပြောင်းလဲမှု ကင်တားနား မတွေ့ရသေး
မြန်မာနိုင်ငံမှာ သိသာတဲ့ ပြောင်းလဲမှု ကင်တားနား မတွေ့ရသေး

မြန်မာအစိုးရဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပေါ် နှိပ်ကွပ်ရာမှာ ဥပဒေ ကန့်သတ်ချက်တွေ သတ်မှတ် ပြဋ္ဌာန်းပြီး အရေးယူနေသလို ဥပဒေကို လက်တွေ့ ကျင့်သုံးရာမှာလည်း တရားနည်းလမ်း မကျတဲ့အတွက် မြန်မာ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းနေဆဲပဲလို့ မြန်မာနိုင်ငံကို မကြာခင်က လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ မစ္စတာ ကင်တားနား မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာခဲ့ပြီး နောက်တရက် သြဂုတ်လ ၂၆ ရက်နေ့မှာ အင်းစိန် အကျဉ်းထောင် အထူးတရားရုံးက အီလက်ထရောနစ် အက်ဥပဒေနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး နောက်ပိုင်း မစ္စတာ ကင်တားနားက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ ပြုပြင်ပြောင်းလဲဖို့အတွက် အခွင့်အလမ်းတွေ ရှိနေပေမဲ့ အခုထိ အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုတွေ မတွေ့ရသေးဘူးလို့ ပြောပါတယ်။ မစ္စတာ ကင်တားနား မြန်မာနိုင်ငံက ထွက်ခွာခဲ့ပြီးတဲ့ နောက်တနေ့မှာပဲ အစိုးရ ဝေဖန်ရေး ဆောင်းပါးတွေကို အင်တာနက်မှာ ဒေါင်းလုပ် (Download) လုပ်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အင်းစိန် ထောင်တွင်း အထူးတရားရုံးမှာ အီလက်ထရောနစ် ဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာမို့ ဒါဟာ မြန်မာအစိုးရက တရားဥပဒေကို လိုရာစွဲသုံးပြီး လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ ပြောပါတယ်။

“အဲဒီ ဗိုလ်ကြီးရဲ့ အမှုကို အင်းစိန်ထောင်ထဲမှာ စစ်ဆေးပြီးတော့ ပြစ်ဒဏ် ချမှတ်လိုက်တဲ့ အကြောင်းကို သိရပါတယ်။ ဒီပြဿနာက မြန်မာနိုင်ငံထဲမှာ စနစ်တကျ ချိုးဖောက်နေတဲ့ လူ့အခွင့်အရေး ပြဿနာ တခုပါ။ တရားဥပဒေ ဖော်ဆောင်ရာမှာ နည်းလမ်းတကျ မရှိဘူး ဆိုတာကို တဘက်က တွေ့ရသလို နောက်တဘက်မှာလည်း မြန်မာအစိုးရဟာ လူတွေကို ဖိနှိပ် အရေးယူနိုင်ဖို့ တရားဥပဒေဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေ ပြဋ္ဌာန်းပြီး အရေးယူနေတာ တွေ့ရပါတယ်။”

ဗိုလ်ကြီးဟောင်း နေမျိုးဇင်လို နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ရုံတင် မကဘဲ နယ်ဝေး အကျဉ်းထောင်တွေကို ပို့နေတာမျိုးတွေ ရှိနေသလို အင်းစိန်ထောင်မှာ သူသွားရောက်ပြီး တွေ့ဆုံခွင့် ရခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက တချို့ဟာ နိုင်ငံရေးမှာ ကိုယ်တိုင်ပါဝင် လှုပ်ရှားတာမျိုး မဟုတ်ဘဲ မိဘ၊ ဆွေမျိုးတွေရဲ့ လှုပ်ရှားမှုတွေကြောင့် အကျဉ်းကျနေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါတွေကို ဒီနှစ်ကုန်လောက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အစီရင်ခံစာ တင်သွင်းမှာ ဖြစ်တဲ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ လူ့အခွင့်အရေး ကောင်စီကိုပါ တင်ပြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ မစ္စတာ ကင်တားနား အကြံပေးခဲ့တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ဖြေရှင်းဖို့အတွက် ပထမဆုံး လုပ်ဆောင်ရမယ့် ခြေလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော့်အတွက် အရေးကြီးတာက တရားဥပဒေ စိုးမိုးရေးနဲ့ တာဝန်ခံမှု အပိုင်းပါပဲ။ ဆိုလိုတာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးဖို့ပါ။ ဒါက မြန်မာနိုင်ငံ အပါအဝင် ဘယ်နိုင်ငံမှာမဆို လုပ်ဆောင်ရမယ့် နိုင်ငံတကာရဲ့ တာဝန်ပါ။ သက်ဆိုင်ရာ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒီအချက်ကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေမှာ ဆွေးနွေးကြရမှာပါ။ ကျနော့်အနေနဲ့ မြန်မာအစိုးရကို ဒီကိစ္စ တင်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရာမှာ နှစ်ပေါင်းများစွာ နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးဟာ အရေးပါတယ်လို့ မစ္စတာ ကင်တားနားက မြင်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံခဲ့ရသူပါ။ ဒါကြောင့်လည်း ကျနော့်အနေနဲ့ ဆွေးနွေးနိုင်ဖို့က အရေးကြီးတာပါ။ သူဟာ နိုင်ငံရေး အကျဉ်းသား တယောက်ရဲ့ ဘဝကို ရောက်ခဲ့သူဆိုတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အကဲဖြတ်တဲ့ နေရာမှာ သူ့ရဲ့အမြင်ကို ကျနော်သိနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ သူနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်မှာ ကျနော့်အတွက် အတော်လေး တန်ဖိုးရှိတဲ့ ရလဒ်ကို ရခဲ့ပါတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ ၅ ရက် ခရီးစဉ်အတွင်း နိုင်ငံရေး အကျဉ်းသားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေအပြင် အစိုးရ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ သဘာပတိ တာဝန်ကို ယူနိုင်ဖို့အတွက် ကမ်းလှမ်းနေတာနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ထည့်သွင်း စဉ်းစားဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။

“အာဆီယံ ပဋိညာဉ်စာတမ်းအရ အသင်းကြီးကို ဖွဲ့စည်း တည်ထောင်ရာမှာ လူ့အခွင့်အရေး ထောက်ခံ အားပေးရေးနဲ့ ကာကွယ် စောင့်ရှောက်ရေးတွေ ပါဝင်ပါတယ်။ ဒါဟာ အာဆီယံရဲ့ အဓိက ဦးတည်ချက်ပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ခံရေး၊ လက်မခံရေး ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို ထည့်သွင်း စဉ်းစားကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲတဲ့ ခြေလှမ်းတွေ လှမ်းနေတာ တွေ့ရတာမို့ ဒါဟာ လူ့အခွင့်အရေး အခြေအနေကို တိုးတက်လာစေမှာ ဖြစ်ပေမဲ့ တကယ့် လက်ဆုပ်လက်ကိုင် ပြနိုင်မယ့် အပြောင်းအလဲမျိုးကို မြန်မာအစိုးရဘက်ကနေ လုပ်ပြဖို့အတွက် လိုအပ်နေပြီလို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

XS
SM
MD
LG