သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသအဖြစ်အပျက်များ စုံစမ်းအရေးယူဖို့ ကုလအရာရှိများ တောင်းဆို


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းပြီး ဒီအကြမ်းဖက်မှုတွေအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ သတ်ဖြတ်ခံရ၊ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတဲ့ အခြေအနေတွေကို စုံစမ်းဖော်ထုတ်ပြီး အပြစ်ရှိသူတွေကို အရေးယူပေးဖို့ ကုလသမဂ္ဂ CEDAW ကော်မတီနဲ့ CRC ကော်မတီတွေက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအထိ မြောက်နိုင်တယ်လို့လည်း ဆိုပြီးတော့ CEDAW နဲ့ CRC ကော်မတီတွေအနေနဲ့ အထူး စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာမူစလင်တွေ ကြုံနေရတဲ့ အကြမ်းဖက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအထိ မြောက်နိုင်တယ်လို့ ဆိုပြီးတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ပြစ်မှု ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေး ကုလသမဂ္ဂ CEDAW ကော်မတီ နဲ့ ကလေးငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ CRC တို့က မြန်မာအစိုးရကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာ အမျိုးသမီးနဲ့ ကလေးငယ်တွေ သတ်ဖြတ်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ စတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်တဲ့အကြောင်း ဒီကနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အချက်အလက် ခိုင်မာမှု ဘယ်လောက်ရှိသလဲ ဆိုတဲ့ အမေးကိုတော့ CEDAW ကော်မတီ ဥက္ကဋ္ဌ Dalia Leinarte က ဗွီအိုအေကို ခုလို ဖြေပါတယ်။

“ကျမတို့ ဒီကနေ့ ပြောနေတာက လူ ငါးသိန်းကျော် ဒုက္ခသည်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ကိစ္စပါ။ အမျိုးသမီးနဲ့ ကလေးငယ်တွေ ထွက်ပြေးနေတဲ့ပုံတွေ၊ ရေနစ်နေတဲ့ပုံတွေ မှတ်တမ်းရုပ်သံတွေကို ကျမတို့ နေ့စဉ် တွေ့နေရတာပါ။ ဒါတွေ တကယ်တမ်း ဖြစ်နေတာ မဟုတ်ပါဘူးလို့ ပြောချင်တယ်ဆိုရင်တော့ ကျမတို့ရဲ့ ကြေညာချက်ထဲမှာ တိုက်တွန်းထားသလိုပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ မကြာခင်တုန်းက ဖွဲ့စည်းပေးခဲ့တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံထဲ ဝင်ရောက်ခွင့်ပြုပြီး လေ့လာခွင့်ပေးဖို့ လိုပါတယ်။ ဒီအချက်အလက်ရှာဖွေရေးအဖွဲ့ သွားရောက် လေ့လာပြီး ထွက်လာတဲ့ရလဒ်အပေါ်မှာမှ အကောင်း အဆိုး သေချာ ပြောနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

မြန်မာအစိုးရကတော့ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကို ဖြေရှင်းရာမှာ အထောက်အကူ မဖြစ်တဲ့အပြင် ပဋိပက္ခကို ပိုပြီး ဆိုးရွားစေနိုင်တယ်လို့ ဆိုပြီးတော့ ဒီအဖွဲ့ကို လက်မခံပါဘူး။ ဒီလို လက်မခံတဲ့အပေါ်မှာ နိုင်ငံတကာ က လည်း ဝေဖန်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ အကာအကွယ်မဲ့ ရိုဟင်ဂျာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို မြန်မာအစိုးရက ဖြေရှင်းကိုင်တွယ်ပေးရလိမ့်မယ်လို့ CEDAW နဲ့ CRC ကော်မတီတွေကလည်း ပြောနေတာပါ။ ဒီကော်မတီတွေရဲ့ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ မရှိအောင် ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်လို့ CEDAW ကော်မတီ ဥက္ကဋ္ဌ Dalia Leinarte က ပြောပါတယ်။“CEDAW ကော်မတီအနေနဲ့ ဇူလိုင်လထဲမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ယေဘုယျ အကြံပြုချက် အမှတ် (၃၅) ထုတ်ပြန်ထားတာ ရှိပါတယ်။ ဒီအထဲ အရေးကြီးတဲ့အချက်တွေထဲမှာတော့ CEDAW အဖွဲ့ဝင်နိုင်ငံ အစိုးရတွေ အနေနဲ့ အခု မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမျိုးတွေမှာဆိုရင်… အကြမ်းဖက်မှုတွေ မဖြစ်အောင် ကာကွယ်တာ၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး အပြစ်ရှိသူတွေကို အရေးယူတာမျိုး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ CEDAW ကော်မတီမှာ ပြီးခဲ့တဲ့နှစ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ လိုက်ပါ ဆောင်ရွက်ဖို့၊ ပြီးတော့.. CEDAW ကော်မတီရဲ့ ယေဘုယျ အကြံပြုချက် အမှတ် (၃၅) နဲ့အညီ လိုက်ပါဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။”

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေကို မြန်မာနိုင်ငံထဲ အတားအဆီးမရှိ အမြန်ဆုံး ဝင်ရောက်ခွင့်ပြုဖို့နဲ့ ဒီအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ကိုလည်း CEDAW နဲ့ CRC ကော်မတီတွေက မြန်မာအစိုးရကို တိုက်တွန်းပါတယ်။

ဒီအတောအတွင်းမှာပဲ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့က ရခိုင်ပြည်နယ် မောင်နုကျေးရွာမှာ သြဂုတ်လ ၂၇ ရက်နေ့က ရိုဟင်ဂျာ မူစလင်တချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့အကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီရွာမှာ ရိုဟင်ဂျာရွာသားတွေကို မြန်မာစစ်တပ်က ရိုက်နှက်တာ၊ ဓားနဲ့ထိုးတာ၊ သေနတ်နဲ့ပစ်သတ်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ အပါအဝင် ရက်ရက်စက်စက် သတ်ဖြတ်တာတွေ ရှိခဲ့တယ်လို့ ဆိုပြီး နံမည်တွေနဲ့ ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီဖော်ပြချက်နဲ့ပတ်သက်လို့ ဗွီအိုအေ အနေနဲ့ကတော့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

XS
SM
MD
LG