ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း နိုင်ငံတကာအဆင့် ရာဇ၀တ်မှုမြောက်တဲ့ လုပ်ရပ်တွေကို ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိတယောက်က ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာမူဆလင်တွေအပေါ် သတ်ဖြတ်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှု၊ ခွဲခြားဆက်ဆံမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ပြီး၊ ရှင်းလင်းဖယ်ရှားဖို့ ကြိုးပမ်းခဲ့တဲ့ သတင်းအချက်အလက်တွေ ရရှိခဲ့ကြောင်း လူမျိုးတုံး သတ်ဖြတ်မှု ကာကွယ်ရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Adama Dieng က သီတင်းတပတ်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ် အဆုံးသတ်အဖြစ် ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။
ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သက်သေပြနိုင်ပြီ ဆိုရင်တော့ လူမျိုးတုန်း သတ်ဖြတ်မှုကျုးလွန်ရာ ရောက်နိုင်ကြောင်းလည်း သတိပေးခဲ့တာပါ။ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇ၀တ်မှု၊ ဒါမှမဟုတ် လူမျိုးတုန်း သတ်ဖြတ်မှု ကျုးလွန်ကြောင်း မဆုံးဖြတ်နိုင်သေးခင်မှာလည်း လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းကို အချိန်မဆိုင်းပဲ ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း တိုက်တွန်းခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက စွပ်စွဲထားပါတယ်။ မြန်မာစစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်း ငြင်းဆန်ထားပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျုးလွန်သူ တပ်ဖွဲ့ဝင်တချို့ကို အရေးယူတာတွေလည်း လုပ်ခဲ့တာပါ။ ကုလသမဂ္ဂ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ကြီးမားတဲ့ ရာဇ၀တ်မှုမြောက်တဲ့ လုပ်ရပ်တွေ ဖြစ်တာကြောင့် နိုင်ငံတကာအဆင့် စုံစမ်းစစ်ဆေးဖို့လည်း တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။