သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှမြန်မာ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ် စတင်ဆွေးနွေး


ရခိုင်မြောက်ပိုင်းပဋိပက္ခတွေကြောင့် ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို စီစစ်ပြီး နေရပ်ပြန်နိုင်ရေး နှစ်နိုင်ငံအကြားသဘောတူညီချက်ရဖို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ စတင် ညှိနှိုင်းနေပြီဖြစ်ပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေဖက်ကတော့ ဒီဆွေးနွေးပွဲ အသေးစိတ်ကို ထုတ်ပြန်မရှိသေးပေမယ့်၊ နှစ်နိုင်ငံအကြား အပေးအယူလုပ်ညှိနှိုင်းမယ့် ရလဒ်တခုထွက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက ပြောပြမှာပါ။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abdul Hassan Mohmood Ali ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရ်ှ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နေပြည်တော်မှာ ရောက်ရှိနေပြီး၊ မြန်မာအစိုးရ အကြီးတန်းတာဝန်ရှိသူတွေနဲ့ စတင်တွေ့ဆုံဆွေးနွေးနေပြီဖြစ်ပါတယ်။ ကနဦးအဆင့်အားဖြင့် ဒုက္ခသည်တွေစီစစ်ရေး ပြန်လည်နေရာချ ထားရေးတွေနဲ့ ပတ်သက်လို့ နှစ်ဖက် ပူးတွဲအဖွဲ့တရပ်ထားရှိရေးကို ဦးတည်ထားတယ်လို့ သိရပါတယ်။ အဲဒီအတွက် နှစ်နိုင်ငံအကြား သဘောတူညီစာချုပ်တရပ် ချုပ်ဆိုသွားဖို့ရှိနေတာပါ။ ဒီကနေ့မှာတော့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်တွေနဲ့ စတင် ဆွေးနွေးနေပြီး၊ ရလဒ်ကိုတော့ နှစ်ဖက်စလုံးက ထုတ်ပြန်တာ မရှိသေးပါဘူး။

မြန်မာနိုင်ငံသား ဟုတ်သည်ဖြစ်စေ နိုင်ငံသားမဟုတ်သည်ဖြစ်စေ မြန်မာနိုင်ငံဖက်မှာ နေထိုင်ခဲ့တဲ့ အထောက်အထားခိုင်လုံရင် ပြန်လည်လက်ခံမယ်ဆိုပြီး အရင် ၁၉၉၃ သဘောတူညီချက်အတိုင်း လုပ်ဆောင်သွားလိုတယ်လို့ မြန်မာဖက်က ကနဦး အဆိုပြုထားတာပါ။ ဒါကို ဘင်္ဂလားဒေ့ရ်ှဖက်ကတော့ လက်တွေ့မကျဘူးဆိုပြီး သူတို့ဖက်က သီးခြားအဆိုပြုမှုတခု လုပ်ခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မသိရပါဘူး။

ဒီလို နှစ်ဖက် အဆိုပြုထားတာတွေကို အခြေခံပြီး ညှိနှိုင်းနေသလို၊ ဒုက္ခသည်တွေနေရာချထားရေးမှာ ကုလ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း ညှိုနှိုင်းဆောင်ရွက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်စောခင်တင့်ကတော့ အဖြေတစုံတရာထုတ်ဖို့ အချိန်ယူဖို့လိုသလို၊ နှစ်ဖက်ညှိုနှိုင်းမှုမှာ အပြန်အလှန် အပေးအယူလုပ်ရဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။

“ဒေါ်စောခင်တင့်။ ။ အန်တီတို့ကတော့ ဒါအကြံပေးခဲ့တာတွေရှိတယ်။ အကြံပေးခဲ့တဲ့ အပေါ်မှာ နိုင်ငံတော်အစိုးရအနေနဲ့ ဘာတွေအကောင်အထည်ဖော်ပြီးတော့လုပ်နေတယ်။ ဒါတွေကိုလည်း အန်တီတို့က တစိုက်မတ်မတ်အခုအချိန်အထိ ပူးပေါင်းပြီးတော့ လုပ်နေ တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းတွေက ဘယ်လို ရှုမြင်သလဲ ဒါတွေကိုလည်း အန်တီတို့က အမြဲတမ်း မျက်ခြေမပျက်ကြည့်ပါတယ်။ ဆိုတော့ ဒီကနေ့ အန်တီအမြင် ပွင့်ပွင့်လင်းလင်းပြောရရင်ပေါ့နော် အခုဖြစ်နေတဲ့ ပြဿနာ ရခိုင်အရေးကိစ္စက တကယ်တော့ ဒီပြဿနာဟာ အခုမှဖြစ်တဲ့ ပြဿနာမဟုတ်ဘူး။ ဒီကိစ္စဟာ ရာစုပေါင်းချီပြီးတော့ ဖြစ်လာခဲ့တဲ့ ကိစ္စမှာ ဒါချက်ချင်းဖြေရှင်းလို့ မရဘူး ဆိုတာကိုလည်း သိဖို့လိုတယ်။ အဲဒီတော့ ရခိုင်အနေနဲ့ ပြောရမယ့်ကိစ္စကို မှန်မှန် ကန်ကန်မြေပြင်အနေအထားကို ဒီနိုင်ငံတကာက လက်ခံအောင်ပြောနိုင်မှ အန်တီတို့ ဘက်က ပြောလို့ရမယ်။ အဲဒါတွေက အန်တီတို့ဘက်က ဒီကနေ့ ကြုံနေရတဲ့ အခက်အခဲကြီးပေါ့နော်။

ကိုသားညွှန့်ဦး ။ ။အခု ဒီကနေ့ဆိုရင်လည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရောက်နေပြီ သူတို့ အာဏာပိုင်တွေနဲ့ ညှိနိုင်းနေတယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။ ဆွေနွေးနေကြတယ်ပေါ့နော် အဓိက MOU တခုဖြစ်လာဖို့ အတွက် ညှိနှိုင်းနေပြီဆိုတော့ တကယ်တန်းခုနက ဆရာမ ပြောသွားတဲ့အထဲမှာ ဒီကိစ္စက အချိန်တော့ယူရမယ် ဆိုတဲ့ သဘောဖြစ်နေတော့ MOU ဘယ်လောက်အတိုင်းအတာအထိ မြန်မြန်ဆန်ဆန် အောင်အောင်မြင်မြင်လုပ်နိုင်မယ်လို့ ထင်ပါသလဲ။

ဒေါ်စောခင်တင့်။ ။ဒီပြဿနာဟာ နက်နဲတယ်၊ရှုပ်ထွေးတယ်၊ ခက်ခဲတယ်။ ဒါကြောင့် ကျမတို့ဘက်က အတတ်နိုင်ဆုံး အကောင်းဆုံးဖြေရှင်းနိုင်ရင်တောင်မှ ၂၅ % ရလို့ရှိရင် ကျမတို့ အောင်မြင်တယ်လို့ ပြောရမယ်လို့ အန်တီအဲဒီကတည်းက ပြောခဲ့ပါတယ်။ ၁၀၀ % ကိုယ့်ဘက်က လိုချင်တာ မရနိုင်တော့ဘူး။ ၂၅ % လောက်ရနိုင်တယ်ဆိုရင်တောင်မှ အန်တီတို့လုပ်တဲ့ဟာ အောင်မြင်တယ်လို့ ပြောရမယ်လို့ အန်တီအဲဒီကတည်းက ပြောခဲ့ပါ တယ်။ အန်တီတို့ဘက်ကလည်း ဒါတွေကို ကြိုးစားပြီးတော့ လုပ်နေတယ်၊ ကြိုးစားပြီးတော့ အကောင်းဆုံးဖြစ်အောင် အစိုးရရော ၊ ပြည်သူတွေရော ပေါင်းစပ်ပြီးတော့ လုပ်နေတယ်။ အန်တီတို့ဘက်က လက်မခံဘူးလို့ မပြောဘူးလေ။ မြန်မာနိုင်ငံအစိုးရလည်း လက်ခံပါ့မယ်။ ဒါပေမယ့် ဥပဒေနဲ့အညီလက်ခံမယ်။ ဘင်္ဂလားဒေ့ရ်ှနဲ့ သဘောတူစာချုပ်ထားတဲ့အတိုင်း လက်ခံမယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံမှာ နေခဲ့တဲ့ အထောက်အထားကို ပြနိုင်ရင် ကျမတို့ဘက်က လက်ခံပေးပါမယ် အဲဒီလိုပြောထားတယ်နော်။ အဲဒီတော့ အဲဒါကို နေခဲ့တဲ့အထောက်အထား မပြနိုင်ဘူးဆိုရင် သူတို့ဟာ တဖက်နိုင်ငံက ရောက်လာတဲ့လူတွေပဲ။ ဒါဘာပဲပြောပြော ဟိုဘက်နဲ့ ဒီဘက် ဖြစ်နေတော့ ဟိုဘက်ကလူတွေက ဒီဘက်ကို မလာဘူးဆိုတာ ဘယ်တော့မှ မရှိဘူး။

မနက်ဖြန်ကျရင်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး၊ သဘောတူညီချက် အတွက် နောက်ဆုံးအဆင့် ညှိုနှိုင်းဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ နှစ်နိုင်ငံအကြား သဘောတူညီချက်တရပ် မကြာခင် ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။ တချိန်တည်းမှာတော့ မြန်မာနိုင်ငံကနေ မကြာခင်ကပဲ ပြန်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်တရပ် ထုတ်ပြန်ပြီး၊ ဒီ ပဋိပက္ခမှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုကျူးလွန်ခဲ့ကြောင်း တရားဝင် သုံးနှုန်းပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG