သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ငြိမ်းချမ်းရေး အညွှန်းကိန်းအဆင့် မြန်မာ ကျဆင်း


Global Peace Index
Global Peace Index

Global Peace Index လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အညွှန်းကိန်းအစီရင်ခံစာမှာ ဒီနှစ် မြန်မာနိုင်ငံဟာ ၁၅ မှတ် ကျသွားခဲ့ပြီး အဆင့် ၁၂၂ မှာ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

အခုလို အနိမ့်ဆုံးကျဆင်းရခြင်း အကြောင်းကတော့ ဘေးအန္တရာယ်ကင်းမှုနဲ့ လုံခြုံမှုမှာ မြန်မာနိုင်ငံက သိသိသာသာ အခြေနေ ဆိုးဝါးခဲ့လို့ ဖြစ်ပါတယ်။ ၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲစခန်းတွေကို ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ရိုဟင်ဂျာ မူစလင်တွေနဲ့ ဗုဒ္ဓဘာသာ ရခိုင်တွေကြား တင်းမာမှုတွေ ဖြစ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ နယ်စပ်မှာ လူသားချင်းစာနာမှု ဆိုင်ရာ ပဋိပက္ခကြီး ဖြစ်ပွါးခဲ့တယ်လို့ Australia နိုင်ငံ ဆစ်ဒနီ အခြေစိုက် စီးပွါးရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဌာန အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးခဲ့တဲ့ အခုလို တင်းမာမှုတွေ ကြောင့် မြန်မာနိုင်ငံရှိ တခြားဒေသတွေကိုလည်း ကူးစက်သွားခဲ့ပြီး ၂ ဖက်လူ့အဖွဲ့အစည်းရှိ သာမန်လူတွေရဲ့ ဘေးကင်း လုံခြုံမှုကို ထိပါးစေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီပဋိပက္ခကြောင့် နိုင်ငံရေး ပြဿနာ ဖြစ်လာတဲ့ အပြင် ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် မြန်မာနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုတွေ တိုးလာတယ်လို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

တချိန်ထဲမှာပဲ မြန်မာနဲ့ နယ်စပ်ချင်းဆက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာလည်း သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးခိုလှုံမှုကြောင့် ငြိမ်းချမ်းရေး အညွှန်းကိန်းဟာ ၁၆၃ နိုင်ငံအနက် ၉၃ အဖြစ် သတ်မှတ်တာ ခံခဲ့ရပြီး ၁၀ မှတ်ကျဆင်းခဲ့ပါတယ်။

Global Peace Index အညွှန်းကိန်းအရ ၂၀၁၈ အစီရင်ခံစာမှာ ကမ္ဘာကြီးရဲ့ လူဦးရေ ၁ % ဟာ ပဋိပက္ခကြောင့် ဒုက္ခသည်တွေ အဖြစ် ထွက်ပြေးခိုလှုံနေကြရပြီး ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အဆိုးဆုံး အခြေနေကို ရောက်နေတယ်လို့လည်း ထောက်ပြထားပါတယ်။ Global Peace Index အညွှန်းကိန်း အစီရင်ခံစာကို ၁၂ ကြိမ်မြောက် ထုတ်ပြန်တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အမည်ကို မြန်မာအစိုးရဘက်ကတော့ လက်ခံအသိမှတ်ပြုထားခြင်း မရှိပါဘူး။

နိုင်ငံတကာ ငြိမ်းချမ်းရေး အညွှန်းကိန်းအဆင့် မြန်မာ ကျဆင်း
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG