သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားပစ္စည်း မှောင်ခိုမှုနဲ့ ဆက်နွယ်မှုမရှိကြောင်း RCSS ငြင်းဆန်


ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS (ဓါတ်ပုံ -- Tai Freedom)
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS (ဓါတ်ပုံ -- Tai Freedom)

နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံတွေကို ရောင်းချမှုနဲ့ ပတ်သက်ခဲ့ကြောင်း သတင်းတွေဟာ မှန်ကန်မှုမရှိကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ငြင်းဆန်လိုက်ပါတယ်။

မြန်မာနိုင်ငံက နျူကလီးယားပစ္စည်းတွေကို မှောင်ခိုမှုနဲ့ ဆက်နွယ်ပြီး ဂျပန်ရာကူဇာဂိုဏ်း ခေါင်းဆောင် Takeshi Ebisawa ကို အရေးယူလိုက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်တရားရေးဌာနက ကြေညာခဲ့တဲ့ အမှုမှာ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခု ပတ်သက်နေကြောင်း ဖော်ပြခဲ့တဲ့အပေါ် RCSS က တုံ့ပြန်လိုက်တာပါ။

ရာကူဇာ ဂိုဏ်းခေါင်းဆောင်ကို ၂၀၂၂ ခုနှစ်က စွဲချက်တင်ချိန်မှာတော့ ရှမ်းပြည်တောင်ပိုင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်ဟောင်း၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS အကြီးအကဲ ပါဝင်ပတ်သက်မှုရှိတယ်လို့ ယုံကြည်ကြောင်း အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ DEA ထောက်လှမ်းရေးအရာရှိရဲ့ ထွက်ချက်ကို ဖော်ပြခဲ့ဖူးပါတယ်။

ရှမ်းသတင်းဌာန Tai Freedom ကို တုံ့ပြန်ထားတဲ့ RCSS ဥက္ကဌ ယွက်စစ်ရဲ့ ပြောကြားချက်မှာတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ရှမ်းပြည်နယ်မှာ ယူရေနီယံဓါတ်သတ္တု ထွက်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဝယ်ယူလိုကြောင်း နိုင်ငံခြားသားတဦးက ကမ်းလှမ်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့ ဘယ်နေရာမှာ ယူရေနီယံတွေ ထွက်သလဲဆိုတာ တခါမှ ကြားဖူးခြင်းမရှိတဲ့အပြင် ယူရေနီယံအကြောင်းကိုလည်း လုံးဝမသိကြောင်း RCSS ဥက္ကဌကို ကိုးကားဖော်ပြထားပါတယ်။ အဆိုပါ နိုင်ငံခြားသားနဲ့လည်း အရောင်းအဝယ် လုပ်ခဲ့တာမျိုး မရှိခဲ့သလို၊ နျူကကလီးယားပစ္စည်း မှောင်ခိုမှုနဲ့ ဆက်နွယ်ကြောင်း သတင်းတွေဟာ နာမည်ဖျက်တဲ့ လုပ်ရပ်သာဖြစ်တယ်လို့လည်း တုံ့ပြန်ထားပါတယ်။

အသက် (၆၀)အရွယ် ဂျပန်ရာကူဇာ ဂိုဏ်းခေါင်းဆောင်ကိုတော့ ၂၀၂၂ခုနှစ်ကတည်းက မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုမှု စွဲချက်တွေနဲ့ နယူးယောက်တရားရုံးက အရေးယူထားပြီး ပြီးခဲ့တဲ့ ကြာသပတေးကမှ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေကို မှောင်ခိုကူးမှုနဲ့ စွဲချက်အသစ်တင်လိုက်တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG