သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယားနဲ့ ကန် တင်းမာမှု ပြည်ပရောက် မြန်မာတွေစိုးရိမ်


Koreas Tension Trump
Koreas Tension Trump

မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှု သတင်းတွေအပေါ် စိုးရိမ်ပြီး မြန်မာနိုင်ငံကို ပြန်သွားကြတဲ့ တောင်ကိုးရီးယားရောက် မြန်မာအလုပ်သမား တချို့ရှိကြောင်း မြန်မာ့အရေးလှှုပ်ရှား သူတွေကပြောပါတယ်။

သမ္မတ ထရန့် တက်လာပြီးနောက် အမေရိကန်နဲ့ မြောက်ကိုရီးယား အပြန်အလှန် စစ်ရေး ခြိမ်းခြောက်မှုတွေ တိုးလာချိန်မှာ မြောက်ကိုရီးယားဘက်က စစ်ရေးလေ့ကျင့်မှုတွေ အကြီးအကျယ် ပြုလုပ်နေပြီး ပစ်ခတ်စမ်းသပ်မှုတွေပြုလုပ်နေသလို၊ နောက်ထပ် မြောက်ကိုရီးယားဘက်က (၆) ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုပြုလုပ်မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

အခုလို အပြန်အလှန်စစ်ရေးလေ့ကျင့်မှုသတင်းတွေ၊ မြောက်ကိုရီးယားဘက်က နောက်ထပ် နျူးကလီးယားဖောက်ခွဲ စမ်းသပ်မလားဆိုတဲ့ စိုးရိမ်မှုတွေကြောင့် တောင်ကိုရီးယားမှာ ရှိတဲ့ မြန်မာအလုပ်သမားတချို့ ခွင့်ရက်ရှည်ယူပြီး မြန်မာနိုင်ငံကို ပြန်သွားကြကြောင်း တောင်ကိုရီးယားနိုင်ငံမှာ နှစ်ပေါင်းများစွာနေထိုင်နေတဲ့ မြန်မာ့အရေးလှုပ်ရှားနေသူ ကိုရန်နိုင်ထွန်းကပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်စစ်သင်္ဘောတွေ ရောက်လာပြီး ပူးတွဲစစ်ရေးလေ့ကျင်တာဟာ ဗြောင်ကျကျ စစ်ရေးခြိမ်းခြောက်မှုတခုလို့ မြောက်ကိုရီးယားအစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါအပြင် အလွန်အကျူး ရန်စလာမယ်ဆိုရင် သူတိုရဲ့ တပ်တွေကနေ အချိန်မရွေး တုန့်ပြန် တိုက်ခိုက်မှာဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရအာဘော်သတင်းစာမှာ ဖေါ်ပြထားပါတယ်။

အခုလို မြောက်ကိုရီးယားဘက်က ရန်လိုတုန့်ပြန်မှုတွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယားနိုင်ငံ ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ သိပ်မရှိကြောင်း ကိုရန်နိုင်ထွန်းကပြောပါတယ်။ တောင်ကိုရီးယားပြည်သူအများစုဟာမြောက်ကိုရီးယားနဲ့ပတ်သက်ရင် ဆွေမျိုးသားချင်းအရင်းလို သဘောထားတဲ့ အမြင်ရှိကြောင်း သူကဆိုပါတယ်။

မြောက်ကိုရီးယားဘက်က သူတို့ရဲ့ ဒုံးကျည်တွေကို ဂျပန်နိုင်ငံအနီးပင်လယ်ပြင်မှာ ဖောက်ခွဲစမ်းသပ်မှုတွေပြုလုပ်လေ့ရှိတဲ့အတွက် မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှု သတင်းတွေဟာ ဂျပန်နိုင်ငံမှာ အဆက်မပြတ်ထုတ်လွှင့် ပြသနေသလို ပြည်သူတွေကြားမှာလည်း နိုးကြားမှုတွေရှိနေတယ်လို့ ဂျပန်နိုင်ငံမှာ နှစ်ပေါင်းများစွာနေထိုင်နေတဲ့ မြန်မာ့အရေးလှုပ်ရှားနေသူ ဦးသောင်းမြင့်ဦးက ပြောပါတယ်။

အထူးသဖြင့် မြောက်ကိုရီးယားဘက်က ဒုံးကျည် တကယ်ပစ်ခတ်ခဲ့မယ်ဆိုရင် ဂျပန်ပြည်သူတွေ ဘယ်လို ပြင်ဆင်နိုင်သလဲဆိုတဲ့ မေးခွန်းတွေကို ဂျပန်သတင်းမီဒီယာတွေက အစိုးရကို မေးနေကြောင်း ဦးသောင်းမြင့်ဦးက ဆိုပါတယ်။

ဧပြီလ (၂၅)ရက် အင်္ဂါနေ့က မြောက်ကိုရီးယားတပ်မတော် တည်ထောင်ခြင်း ၈၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားစစ်တပ်ဟာ သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို အကြီးအကျယ်လုပ်ခဲ့သလို ပစ်ခတ်စမ်းသပ်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော USS Michigan ဟာလည်း ကိုးရီးယားကျွန်းဆွယ်ကို ရောက်ရှိလာပြီး အမေရိကန် လေယာဉ်တင်သင်္ဘော USS Carl Vinson နဲ့အတူ တောင်ကိုရီးယား၊ ဂျပန် စစ်သင်္ဘောတွေနဲ့ ပူးပေါင်းပြီး ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG