သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက ထွက်ပြေးလာသူတချို့ မြန်မာသူပုန်ဆီရာက်


မြောက်ကိုရီးယားခေါင်းဆောင်တွေဖြစ်ကြတဲ့ Kim Il Sung (ဝဲ) နဲ့ Kim Jong Il (ယာ) ရုပ်တုများ။
မြောက်ကိုရီးယားခေါင်းဆောင်တွေဖြစ်ကြတဲ့ Kim Il Sung (ဝဲ) နဲ့ Kim Jong Il (ယာ) ရုပ်တုများ။
မြောက်ကိုးရီးယား ပြည်ပြေး ၆၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာသူပုန်အဖွဲ့တခုက ထိန်းသိမ်းထားပြီး ငွေပေးပြီး ပြန်လည် ရွေးယူဖို့လည်း တောင်းဆိုနေတယ်လို့ တောင်ကိုးရီးယား လူ့အခွင့်အရေးသမားတဦးက ပြောဆိုလိုက်ပါတယ်။ မြောက်ကိုးရီးယားက ထွက်ပြေးလာသူ ၆၄ ဦးကို တာချီလိတ်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၈၀ လောက်အကွာမှာ ရှိတဲ့ သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြမှာ ကျွန်ပြုစေခိုင်းနေတယ်လို့ မြောက်ကိုးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူ Kim Hee-Tae က ပြောဆိုလိုက်တာပါ။ မြောက်ကိုးရီးယားကနေ ထွက်ပြေးလာသူတွေ တရုတ်ပြည်ကနေ ထိုင်းနိုင်ငံကိုသွားရာ ခရီးတထောက် ဝင်ရောက်တဲ့ ဒီဒေသမှာ နေထိုင်နေတဲ့ တောင်ကိုးရီးယား သာသနာပြု အဖွဲ့တခုဆီကနေ ဒီလို ကျွန်ပြု ခိုင်းစေမှုတွေ ကို သိရှိခဲ့ရတာလို့ ကင် ဟေတေး က ပြောပါတယ်။

“မြောက်ကိုးရီးယားတွေဟာ ထိုင်းနိုင်ငံကို သွားရာလမ်းမှာပဲ သူပုန်တွေရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတာပါ။ သူပုန်တွေက သူတို့နယ်မြေကနေ ဖြတ်သွားတဲ့ အတွက် ပိုက်ဆံတောင်းခဲ့ပေမယ့် သူတို့မှာ ပေးစရာ ပိုက်ဆံမရှိပါဘူး။ ဒါနဲ့ပဲ သူပုန်တွေက သူတို့ကို ပြန်ပေးဆွဲထားလိုက်တာပါ။”

ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသားတွေကို ဘိန်းစိုက်ခင်းတွေမှာ စိုက်ရေးပျိုးရေး အလုပ်တွေ ခိုင်းစေပြီး အမျိုးသမီးတွေကိုတော့ ဘိန်းချက်ရာမှာနဲ့ အရက်ချက် စက်ရုံတွေမှာ အဓမ္မ အလုပ်လုပ်ခိုင်းနေတယ်လို့လည်း ကင်တေဟေးက ပြောပါတယ်။ လူတယောက်ကို အမေရိကန် ဒေါ်လာ ၅ ထောင်နဲ့ ရွေးယူရမယ်လို့လည်း သူပုန်တွေက ပြောဆိုတဲ့အကြောင်း သာသနာပြု အဖွဲ့အဆိုကို ကိုးကားပြီး ကင်တေဟေးက ပြောပါတယ်။
မြောက်ကိုရီးယား ကနေ ထွက်ပြေးလာသူတွေ လွတ်မြောက်ရေး အတွက် မကြာခင်မှာ အဖွဲ့တခု ဖွဲ့ပြီး လုပ်ဆောင်သွားဖို့ စီစဉ်မယ်လို့ ပြောဆိုလိုက်ပြီး တောင်ကိုးရီးယား အစိုးရအနေနဲ့လည်း ဒီလူတွေ လွတ်မြောက်ရေးလုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။ တောင်ကိုးရီးယား အစိုးရကတော့ ကင်ဟေတေးရဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ တောင်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ ကင်ယောင်ဆုက သောကြာနေ့ အစောပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

“မြန်မာ သူပုန်တွေက မြောက်ကိုးရီးယားကနေ ထွက်ပြေးလာသူ ၆၄ ယောက်ကို ဖမ်းဆီးထားပြီး အဓမ္မ အလုပ်စေခိုင်းနေတယ်ဆိုတာကို မီဒီယာတွေကနေ တဆင့် ကျနော်တို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်။”

ဒီသတင်းကိုတော့ သောကြာနေ့မှာဘဲ တောင်ကိုးရီးယား သတင်းဌာန Yonhap က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဖိနှိပ်ချုပ်ချယ်မှု အစာရေစာ ငတ်မွတ် ခေါင်းပါးမှုတွေနဲ့ ကြုံတွေ့နေရတဲ့ မြောက်ကိုးရီးယား ပြည်သူတွေဟာ တောင်ကိုးရီးယားကို ထွက်ပြေးကြတာမှာ အရင်က တရုတ်ကို ဖြတ်သန်း သွားလာနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တရုတ်တို့က ဒီလို ဖြတ်သန်းမှုကို တရားမဝင်အဖြစ် သတ်မှတ် ဖမ်းဆီးပြီး မြောက်ကိုးရီးယားကို ပြန်ပို့နေတာပါ။ ဒါကြောင့်လည်း မြောက်ကိုးရီးယားက ထွက်ပြေးလာသူတွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေကို ကျော်ဖြတ်ဝင်ပြီး ထိုင်းနိုင်ငံဘက်ကို နောက်ပိုင်းမှာ ဦးတည်ထွက်ပြေးနေကြတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG