သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အရေအတွက်ကန်လျှော့ချမှု မြန်မာအပေါ် သက်ရောက်နိုင်


Indianapolis တွင်နေထိုင်သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ
Indianapolis တွင်နေထိုင်သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ

နောက်နှစ်ကစပြီး ဒုက္ခသည်အရေအတွက်ကို လျှော့ချပြီးလက်ခံသွားတော့မယ်လို့ အမေရိကန်အစိုးရကတနင်္လာနေ့တုန်း ကကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂကတော့ ကမ္ဘာမှာဒုက္ခသည်တွေပိုများနေလို့ ပိုပြီးလက်ခံဖို့တိုက်တွန်းနေပါတယ်။ အမေရိကန်အစိုးရရဲ့ဒုက္ခသည်အရေးဆုံးဖြတ်ချက်ဟာ အမေရိကန်ကိုလာဖို့ကြိုးစားနေကြတဲ့ မြန်မာဒုက္ခသည်တွေကို လည်းတော်တော်ထိခိုက်နိုင်တယ်လို့ ဒုက္ခသည်အရေးဆောင်ရွက်သူတွေကပြောပါတယ်။ ဒီအကြောင်း ကိုကျော်အောင် လွင် ဆက်ပြီးရှင်းပြပါလိမ့်မယ်။

အမေရိကန်သမ္မတဒေါ်နလ်ထရမ့် အစိုးရလက်ထက်မှာ ဒုက္ခသည်အရေအတွက် ကို တနှစ်ထက်တနှစ် ပိုလျှော့ပြီးလက်ခံ လာတာကိုတွေ့ရပါ တယ်။ အခု၂၀၁၈ခုနှစ်မှာ ဒုက္ခသည်ဦးရေ လေးသောင်းငါးထောင်အထိပဲ လက်ခံဖို့စီစဉ်ထားပြီး နောက်နှစ်၂၀၁၉မှာတော့ သုံးသောင်းပဲ လက်ခံတော့မှာပါ။ အရေအတွက်လျှော့ပြီးလက်ခံတယ်ဆိုပေမဲ့ အမေရိကန်ဟာ ကမ္ဘာမှာဒုက္ခသည်အရေ အတွက် အများဆုံးလက်ခံတဲ့နိုင်ငံတခုအဖြစ်ဆက်ရှိနေရုံသာမက ဒုက္ခသည်အရေး ကူညီပံ့ပိုး မှုတွေမှာလည်း အမေရိကန်က အရက်ရောဆုံးလုပ်ဆောင်နေတဲ့နိုင်ငံလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောပါတယ်။

" အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူ သုံးသိန်းတသောင်းအထိ ၂၀၁၉ ဘဏ္ဍာရေးနှစ် မှာလက်ခံသွားဖို့ရှိပါတယ်။ ဒုက္ခသည်သုံးသောင်းအထိလက်ခံသွားမှာဖြစ်ပြီး ခိုလှုံခွင့်လျှောက်ထားသူ နှစ်သိန်းရှစ်သောင်း ကျော်ကိုလည်းလက်ခံသင့်မသင့်ဆုံးဖြတ်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်သွားမှာပါ။ လောလောဆယ်အမေရိ ကန်ပြည်ထောင်စုထဲမှာ ရောက်နေပြီးဖြစ်တဲ့ ခိုလှုံခွင့်လျှောက်ထားသူပေါင်းက ရှစ်သိန်းကျော်ရှိနေပါတယ်။ သူတို့ရဲ့ခိုလှုံ ခွင့် လျှောက်ထားချက်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်"

လောလောဆယ်မှာ ခိုလှုံခွင့်လျှောက်ထားသူ ၈သိန်းကျော်အတွက် လက်ခံသင့် မသင့်ဆိုတာကိုဦးစားပေး ကိုင်တွယ်သွား ဖို့ အာရုံစိုက်ပြီးလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဝန်ကြီးပွန်ပီယို ကဆိုပါတယ်။ ဒီလောက်များတဲ့လူအရေအတွက်က တခြားဘယ်နိုင်ငံနဲ့မှမတူတဲ့ အရေအတွက် ဖြစ်ပြီး ကြီးမားတဲ့စိန်ခေါ်မှုလည်းဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုလုပ်ရတာက အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးအတွက် သာမက အမေရိကန်ရဲ့ ခိုလှုံခွင့်လျှောက်ထားမှုစနစ်ကို ပိုပြီး တည်တံ့ခိုင် မာအောင် အရေးတကြီးပြန်လည်လုပ်ဆောင်ဖို့လည်းလိုနေတာကြောင့်လို့ ဝန်ကြီးပွန်ပီယိုကပြောပါတယ်။

အဲဒီလို ဝန်ကြီးပွန်ပီယိုပြောဆိုပြီး နောက်တရက်မှာပဲ ဒုက္ခသည်တွေကို ပိုပြီးလက်ခံဖို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာမှ ာဒုက္ခသည်တွေကပိုပြီးတိုးလာနေတာကြောင့် သူတို့ကို ပိုပြီးလက်ခံဖို့တိုက်တွန်းနေ တာလို့ UNHCRရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ Willian Spindlerကဆိုပါတယ်။

"ဒီကနေ့ ကမ္ဘာမှာက ဒုက္ခသည်တွေပိုများလာနေတာပါ။ သူတို့တွေပြောင်းရွှေ့အခြေချနေထိုင်နိုင်ဖို့ အစိုးရတွေရဲ့လက်ခံ မှုတွေလိုအပ်နေပါတယ်။ ဒုက္ခသည်တွေကိုလက်ခံတဲ့နိုင်ငံတွေ အခုထက်ပိုပြီးများလာဖို့နဲ့ ဒုက္ခသည်အရေအတွက်ကိုလည်း ပိုတိုးချဲ့ပြီးလက်ခံပေးကြဖို့ UNHCRအနေနဲ့တိုက်တွန်းဆောင်ရွက်နေပါတယ်။"

အမေရိကန်အစိုးရက ဒုက္ခသည်အရေအတွက်လျှော့ပြီးလက်ခံဖို့ဆုံးဖြတ်လိုက်တာဟာ အမေရိကန်ကိုလာပြီးအခြေချဖို့ ကြိုးစားနေ ကြတဲ့ မြန်မာဒုက္ခသည်တွေအတွက် စိုးရိမ်စရာပဲလို့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်အခြေစိုက် မြန်မာ ဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေသူ ဒေါက်တာ ရိုဒင်းဂါကဆိုပါတယ်။

"သုံးသောင်းလောက်အထိပဲလက်ခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံသားတွေ အမေရိကန်ပြည်ထောင်စုကို လာဖို့ ကြိုးစားနေတဲ့လူတွေအတွက် ထိခိုက်မှု တော်တော်များများရှိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သုံးသောင်းဆိုတာ ကမ္ဘာတခုလုံးက Refugee တွေကိုလက်ခံမှာဖြစ်တယ်။ အဲဒီမှာ ဒေသအလိုက်ခွဲလိုက်တဲ့အခါကျတော့ အာဖရိက ကဘယ်လောက်၊ တောင်အာရှက ဘယ်လောက်ပေ့ါနော်။ အရှေ့တောင်အာရှက ဘယ်လောက်ဆိုရင် ဒီမြန်မာ Refugee တွေအတွက် ခွဲတမ်း ကတော်တော်လေးကို နည်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မလေးရှား ၊ အိန္ဒိယဘက်မှာ ရှိတဲ့ မြန်မာ Refugee တွေအတွက် အမေရိကမှာ ဝင်ရောက်လာဖို့ ကိစ္စက တော်တော်လေးကို အခြေအနေဆိုးသွားမှာဖြစ်ပါတယ်။"

အမေရိကန်အစိုးရရဲ့ ၂၀၁၉ခု ဘဏ္ဍာရေးနှစ်ဆိုတာက နောက်လထဲမှာ ပဲစတင်မှာပါ။ အခု၂၀၁၈ ဘဏ္ဍာရေးနှစ်ထဲမှာတော့ အမေရိကန်ကို ဒုက္ခသည်အဖြစ်ရောက်လာခွင့်ရသူတွေက ပြီးခဲ့တဲ့ သြဂုတ်လကုန်အထိ နှစ်သောင်းတောင်မပြည့်ပါဘူး။ အစိုးရကသတ်မှတ်ထားတဲ့အရည်အတွက်ထက် တဝက်လောက်ကိုပဲလက်ခံခဲ့တဲ့သဘောပါ။ အမေရိကန်ပြည်ထောင်စု ထဲကို နိုင်ငံရဲ့တောင်ပိုင်း မက္ကစီကိုနိုင်ငံဘက်ကနေ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာနေတဲ့သူတွေရဲ့ပြဿနာကလည်း အတော်ကြီးမားတဲ့လူဝင်မှုကြီးကြပ်ရေးပြဿနာတခုပါ။ သမ္မတဒေါ်နလ်ထရမ့်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့လူဝင်မှုကြီး ကြပ်ရေးစနစ်ကို ပိုပြီး တင်းတင်းကျပ်ကျပ်လုပ်ဆောင်ဖို့ သူသမ္မတမဖြစ်ခင်ကတည်းက ကြွေးကြော်ခဲ့တဲ့သူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG