သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ ဒုက္ခသည်လက်ခံမည့်အရေအတွက် ကန် လျှော့ချ


အမေရိကန် ပြည်ထောင်စုမှာ လာမယ့် ၂၀၁၉ အတွက် ဒုက္ခသည်အရေအတွက် ၃၀ ၀၀၀ ကိုပဲ လက်ခံမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တနင်္လာနေ့မှာကြေညာပါတယ်။ ဒါဟာ Trump အစိုးရအဖွဲ့ အရင် လက်ခံဖို့စီစဉ်ထားတဲ့ အရေအတွက် ၄၅ ၀၀၀ ကနေ လျှော့ချလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၉ အတွက် ဒုက္ခသည်နဲ့ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူပေါင်း ၃၁၀ ၀၀၀ အထိ လက်ခံမှာ ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်မယ့် ဘဏ္ဍာရေးနှစ်အတွင်း ၂၀၁၉ ခုနှစ်အတွက် အများဆုံး လက်ခံမယ့် ဒုက္ခသည် အရေအတွက်က ၃၀ ၀၀၀ ဖြစ်သလို နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ၂၈၀ ၀၀၀ ကို လက်ခံမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Pompeo က ပြောကြားခဲ့ပါတယ်။

အခုလက်ရှိမှာ အမေရိကန်ပြည်ထောင်စုထဲမှာ ရောက်နေတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူပေါင်းက ၈ သိန်းကျော် ရှိနေပြီး သူတို့ဟာ တရားရုံး ဆုံးဖြတ်ချက်တွေကို စောင့်ဆိုင်းနေကြကြောင်းလည်း ပြောပါတယ်။

အမေရိကန်နိုင်ငံထဲ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ အရေအတွက်ဟာ ဘယ်နိုင်ငံနဲ့မှမတူပဲ သိသိသာသာများနေတာဖြစ်ပြီး ဒီစိန်ခေါ်မှုဟာ သိပ်ကြီးမားသလို အမေရိကန်အစိုးရအနေနဲ့ အမိမြေလုံခြုံရေးကိုရော အမေရိကန်ရဲ့ နိုင်ငံရေးခိုလှုံခွင့်ပေးတဲ့ စံနစ်ကိုပါ ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီလို့လည်းပြောပါတယ်။

သမ္မတဟောင်း အိုဘားမားလက်ထက် သမ္မတသက်တမ်း နောက်ဆုံးနှစ်မှာ လက်ခံခဲ့တဲ့ ဒုက္ခသည်အရေအတွက်က ၈၅ ၀၀၀ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့အထိ မြန်မာနိုင်ငံကလာရောက်တဲ့ ဒုက္ခသည်က ၁၇၀ ၀၀၀ ကျော်ရှိပြီး အများစုက ကရင်နဲ့ ချင်းတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ကရင်က ၇၀ ၀၀၀ နဲ့ ချင်းက ၆၀ ၀၀၀ လောက် ရှိပါတယ်။ အခုအချိန်အထိ အမေရိကန်ကို မြန်မာနိုင်ငံကရောက်လာတဲ့ ဒုက္ခသည်နဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ စုစုပေါင်းက ၂၃၀ ၀၀၀ ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG