သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ခိုက်မှု အသစ်တွေကြောင့် မြန်မာဒုက္ခသည်တွေ ထိုင်းဘက် ထွက်ပြေး


တိုက်ခိုက်မှု အသစ်တွေကြောင့် မြန်မာဒုက္ခသည်တွေ ထိုင်းဘက် ထွက်ပြေး
တိုက်ခိုက်မှု အသစ်တွေကြောင့် မြန်မာဒုက္ခသည်တွေ ထိုင်းဘက် ထွက်ပြေး

ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်းက ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံမြို့နယ် ရင်ကွဲတောင်၊ မြဝတီမြို့နယ် ဖလူးကြီး ဖလူးလေး၊ မင်းလက်ပံရွာ၊ ဝါးလေမြို့နယ် မောခီးတောင် စတဲ့နေရာတွေမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ DKBA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရတပ်တွေ အကြားမှာ စနေနေ့ကစပြီး ပစ်ခတ်မှုတွေ တဖန်ပြန်လည် ဖြစ်ပွားနေတာမှာ နှစ်ဘက်စလုံး ဒဏ်ရာရမှုတွေ၊ သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဖလူးကြီး ဖလူးလေး တိုက်ပွဲတွေမှာတော့ ရွာထဲကိုပါ လက်နက်ကြီးတွေ ကျလာတာကြောင့် ရွာသားတွေ ထိခိုက်မှု ရှိနေတယ်လို့ ထွက်ပြေး လွတ်မြောက်လာတဲ့ ဒုက္ခသည်တွေက ပြောပြပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ်မှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ DKBA တို့ဟာ တလခွဲကျော်ကြာ ပစ်ခတ်မှုတွေ ဖြစ်နေပြီး နိုင်ငံရေးအရ ဖြေရှင်းမှုတွေ မရှိတာကြောင့် တင်းမာမှုတွေ ဆက်ဖြစ်နေရတယ်ဆိုပြီး DKBA က ပြောပါတယ်။ ဒီလို နှစ်ဘက် ပစ်ခတ်နေတဲ့ ပြည်တွင်းစစ်ကြောင့် ပြည်သူတွေ ထိခိုက်မှုတွေ၊ အိုးအိမ်စွန့်ခွာရမှုတွေ ဖြစ်နေပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာလည်း လုံလောက်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ မရ ဖြစ်နေပါတယ်။

တိုက်ပွဲတွေအတွင်း မြဝတီမြို့နယ် မင်းလက်ပံရွာသားတွေ ထိခိုက်မှု ဖြစ်နေရတဲ့ အကြောင်းကို ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်လာတဲ့ ဒုက္ခသည် ရွာသားတဦးက အခုလိုပြောပါတယ်။

“၈ နာရီ ၄၅ လောက်ကနေ ၁၁ နာရီ ထိုးလောက်အထိ အလုံးကြီးတွေ တောက်လျှောက်ပစ်နေတယ်။ ဖလူးကြီးနဲ့ ဖလူးလေးမှာမှ ဒီမနက် ပစ်နေတာ။ မနေ့က မြန်မာစံတော်ချိန် ၂ နာရီခွဲလောက်က ၃ လုံး မင်းလက်ပံရွာဘေးမှာ လာကျတယ်။ နောက် ၃ နာရီ စွန်းစွန်းလောက်မှာ တလုံး နှစ်လုံး လာထပ်ကျတော့ မင်းလက်ပံရွာသား ၃ ယောက်ထိသွားတာ တယောက်က ရင်ဘတ်အပေါ်နား နည်းနည်းကျတဲ့ ညှပ်ရိုးနားလောက်မှာ တချက်ထိသွားတယ်၊ ယောက်ျားတယောက်။

“နောက်တယောက်ကျတော့ လက်တဘက်က ကျွံပြီးတော့ နောက်လက်တဘက်ကို သွားထိတယ်။ နောက်တယောက် မိန်းကလေးကျတော့ အောက်ပိုင်း ခြေသလုံးလောက်မှာ တချက် ထိသွားတယ်။ တယောက်ကတော့ အခြေအနေ နည်းနည်းဆိုးတယ်။ ကျန်တဲ့တယောက်ကတော့ လက်နဲ့ခြေထောက် ထိတယ်ဆိုတော့ အဲဒီလောက်တော့ အခြေအနေ မဆိုးဘူး။ ဘယ်သူပစ်မှန်းတော့ မသိဘူး။ မင်းလက်ပံရွာထဲကိုလည်း ကျတယ်။”

ထိခိုက်မိတဲ့ ရွာသားတွေကို သတင်းပေါက်ကြားမှာ စိုးတာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို အသွားမခံဘဲ မြဝတီ ဆေးရုံဘက်ကို မြန်မာစစ်တပ်က ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်ရသလို အိုးအိမ်တွေ ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ဖြစ်ပြီး ပေါ်တာတွေ ဆွဲခံနေရ၊ အခွန်အကောက်တွေ ပေးနေရတဲ့ ရွာသားတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းက သူတို့နဲ့ နီးစပ်ရာ အိမ်လေးတွေမှာ တည်းခိုနေထိုင်ရတယ်ဆိုပြီး ဆက်ပြောပြပါတယ်။

“ထိုင်းဘက်ခြမ်းမှာ တချို့အိမ်တွေမှာဆိုရင် အိမ်ပေါ် အိမ်အောက်တွေမှာ ပြည့်နေတယ်။ ဗမာပြည်သားတွေ နေတဲ့အိမ်ပေါ့။ အဲဒါမျိုးတွေက အများကြီးပဲ။ တချို့ဆိုရင် အသိမရှိဘူး၊ ကြုံရာ ကြုံရာ လာအိပ်နေတော့ အလုပ်လည်း မရှိဘူး။ တချို့ဆို မနက် ထမင်းတနပ်ပဲ စားရတယ်၊ အလုပ်ရှိရင် ခေါ်ပါဆိုပြီး အဲဒီလိုမျိုးတွေ ဖြစ်နေတယ်။ တချို့ကျတော့ ဒီဘက်ကမ်းမှာ အသိရှိတော့ အလုပ်လည်း လုပ်လို့ရတော့၊ ပိုက်ဆံရတော့ နည်းနည်း အဆင်ပြေတာပေါ့။ တချို့ကျတော့ ဒီမှာလည်း အသိမရှိ၊ မိတ်ဆွေလည်း မရှိ၊ အလုပ်လုပ်တဲ့ နေရာတွေကိုလည်း အသိမရှိတဲ့ အခါကျတော့ တော်တော် စိတ်ညစ်နေကြတယ်။”

ထိုင်းဘက်ခြမ်းက ကယ်ဆယ်ရေး စခန်းတွေကလည်း တိုက်ပွဲတွေ ရပ်ပြီ ဆိုတာနဲ့ ပြန်ခိုင်းတာတွေ လုပ်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ချိန်မှာတော့ ကယ်ဆယ်ရေး စခန်းကို ဘယ်သူမှ မသွားကြတော့ဘူးလို့ ဆိုပါတယ်။

“အဲဒီစခန်းက မဖျက်ရသေးဘူး။ အဲဒီစခန်းမှာ တယောက်မှ မရှိဘူး။ သူတို့က ပြန်ပို့လိုက်တာကိုး။ သူတို့က ဘာမှမဖြစ်တော့ပါဘူးဆိုပြီး ပြန်ပို့လိုက်တော့ ဒီတခေါက်တော့ ဘယ်သူမှ မသွားကြတော့ဘူး။”

တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ထိခိုက်တယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက ကရင်အမျိုးသား အစည်းအရုံးကို ဖိအားပေးမှုတွေ လုပ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီတိုက်ပွဲတွေဟာ DKBA နဲ့သာ အဓိက သက်ဆိုင်ကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်သမျှ ကာလပတ်လုံး တိုက်ပွဲတွေ ဆက်ဖြစ်နေမှာ ဖြစ်သလို ထိုင်းနိုင်ငံအနေနဲ့ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ဝိုင်းဝန်း ထိန်းသိမ်းသင့်တဲ့အကြောင်း DKBA တပ်မှူးတဦးကတော့ အခုလို ပြောပါတယ်။

“ထိုင်းခေါင်းဆောင်တွေက ကျနော်တို့ လူသားတွေရဲ့ လွတ်လပ်ခွင့်၊ လက်ရှိ နအဖ လူ့အခွင့်အရေး ချိုးဖောက်တာကို သူတို့ ဝိုင်းပြီး ထိန်းသိမ်းသင့်တယ်။”

တိုက်ပွဲတွေဖြစ်နေတာဟာ နိုဝင်ဘာလ ၈ ရက်နေ့က စဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း မဲမသမာမှုတွေနဲ့ အတင်းအကျပ် မဲထည့်ခိုင်းမှုတွေ၊ နယ်ခြားစောင့်တပ်ကို တိုင်းရင်းသားတွေကို အတင်းအကျပ် လုပ်ခိုင်းနေတာတွေကို မကျေနပ်ရာက စလို့ DKBA နဲ့ မြန်မာစစ်အစိုးရ တင်းမာခဲ့တာ ဖြစ်ပါတယ်။

စနေနေ့နဲ့ တနင်္ဂနွေနေ့ကဖြစ်တဲ့ နှစ်ဘက် တိုက်ပွဲတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး ပြည်သူတွေကတော့ ဒုက္ခတွေကို ခံစားနေရဦးမှာ ဖြစ်ကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။

XS
SM
MD
LG