သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ရင်းပြန်ပို့မယ့် ထိုင်းအစိုးရအစီအစဉ် ဒုက္ခသည်တွေစိုးရိမ်


ိထိုင်-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်း (ဒီဇင်ဘာလ ၁၄၊ ၂၀၁၁)
ိထိုင်-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်း (ဒီဇင်ဘာလ ၁၄၊ ၂၀၁၁)

ထိုင်းအစိုးရက နယ်စပ်ဒေသမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ ရည်ရွယ်နေပေမယ့် မြန်မာနိုင်ငံဖက်မှာ အဆင်သင့် မဖြစ်သေးတဲ့အခြေအနေ တွေကြောင့် ဒုက္ခသည်တွေကြားမှာ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ နေရပ်ရင်းပြန်မဲ့ ဒုက္ခသည်တွေအတွက် အဆင်သင့်ဖြစ်အောင် စီစဉ်နေတယ်လို့လည်း ပြောဆိုနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းစစ်အစိုးရက ၂ နိုင်ငံ နယ်စပ်မှာ နေထိုင်နေကြတဲ့ ဒုက္ခသည် တသိန်းလောက်ကို နေရပ်ရင်း ပြန်ပို့မှာ ဖြစ်တဲ့အကြောင်း ပြောဆိုနေတဲ့အတွက် ဒုက္ခသည်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီးနောက် ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့ဖို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူတွေ စတင်စီစဉ်နေကြပေမဲ့ စိတ်ချလက်ချ ပြန်နိုင်ပါမလားဆိုပြီး ဒုက္ခသည်တွေ စိုးရိမ်နေကြတာပါ။

“ခံနိုင်ရည်မရှိတော့တဲ့ အခြေအနေတစ်ခုရဲ့ ဖိနှိပ်မှုအောက်မှာ ခံခဲ့ရလို့ လွတ်ရာကျွတ်ရာ..ဆိုပြီးတော့ ဒီ ဒုက္ခသည်စခန်းထဲမှာ ဝင်ခိုနေရတာပေါ့။ နှစ်ပေါင်း၊ လပေါင်း မြောက်များစွာ ဒုက္ခသည်ဘဝလာနေတဲ့အခါကျတော့ သွားမတတ်၊ လာမတတ်၊ သတ်မှတ်ပေးတဲ့နေရာမှာနေ၊ ပြီးတော့လည်း ပြန်မယ်ဆိုရင် လုပ်စားကိုင်စားဖို့ နေရာလေးတွေ၊ အိုးအိမ်တွေတည်ဆောက်ဖို့ နေရာတွေ၊ အဓိက က လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး ဒါတွေက အစစ အရာရာ ကိုယ့်ကိုယ် ပြန်လက်ခံမယ့် ကိုယ့် အမိနိုင်ငံ အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း ကမ္ဘာသိ ကြေညာလိုက်မယ် ဆိုရင်တော့ ကျနော်ထင်တာ ပြန်ချင်တဲ့လူတန်းစားက အခု အနှေးနဲ့အမြန်တော့ ပြန်မှာပဲ။ ဒီနေရာကြီးမှာတော့ ထောင်လောက်သာသာ နေရတဲ့ဒုက္ခသည်စခန်းမှာတော့ ဘယ်သူမှလည်း မခိုကပ်ဘူးလေ နော်။”

ထိုင်း-မြန်မာ နယ်စပ် အုန်းဖျန်ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ ဒုက္ခသည်တယောက် ပြောပြခဲ့တာပါ။ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် စခန်းပေါင်း ၉ ခုမှာ နေထိုင်နေကြတဲ့ ခန့်မှန်းချေ ဒုက္ခသည် ၁ သိန်း ၃ သောင်း လောက် ရှိနေပြီး အများစုကတော့ ကရင်တိုင်းရင်းသားတွေပါ။ ဒီအတွက်လည်း မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်း ကရင်ပြည်နယ်ထဲမှာ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်ဖို့ စီစဉ်နေတဲ့အကြောင်း ကရင်ပြည်နယ် နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က ပြောပါတယ်။

“နယ်စပ်မှာရှိတဲ့ မြို့နယ်ခွဲလေးတွေ ပြင်ထားတာရှိတယ်လေ။ ပြန်လာရင် နေရာချထားရေးတို့၊ ပညာရေး၊ ကျန်းမာရေးတို့အတွက်လည်း အဲဒီမြို့နယ်ခွဲတွေမှာ ပြင်ထားတယ်။ သို့သော်လည်း တိုင်းရင်းသားတွေက သူတို့မူရင်းဒေသတွေမှာ သူတို့သဘောနဲ့ သူတို့ ပြန်လာနေချင်တယ် ဆိုရင်လည်း ကျနော်တို့ကတော့ မတားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မူလ နေရပ်ကို ကိုယ် ခင်တွယ်ကြတာလည်း ရှိတယ်။ ခင်တွယ်ကြတာရှိတယ်ဆိုတော့ သူတို့နေချင်ကြမှာပဲ။ နေချင်တဲ့အခါကျရင် ကျနော်တို့ကတော့ အားလုံးကို ချပြထားတယ်လေ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှာ။ ပြန်လာရင် ကျနော်တို့ ပြင်ဆင်ထားတဲ့ဥစ္စာ- ပညာရေးကဏ္ဍမှာဆိုလည်း ကျောင်းတွေ တိုးချဲ့ဖို့။ နောက် ကျန်းမာရေးဆေးပေးခန်းနဲ့ ကျေးလက် ကျန်းမာရေးဌာနခွဲဖွင့်ထားတာတွေ၊ နောက် လမ်းကိုလည်း ကျေးလက်လမ်းလေး ပြင်ထားတာပေါ့နော်။ ရောက်လာတဲ့အခြေအနေပေါ် မူတည်ပြီး သူတို့ရဲ့ ဆန္ဒသဘောထားပေါ်မှာ ကျနော်တို့ ကရင်ပြည်နယ် အစိုးရအနေနဲ့ရော ပြည်ထောင်စုအနေနဲ့လည်း ကိုယ့်တိုင်းရင်းသားတွေဆိုတော့ အားလုံးနေနိုင်အောင် နေရာလေးတွေ ကျနော်တို့ ပြင်ထားပေး၊ ပံ့ပိုးပေးလိုက်တာတွေ ရှိပါတယ်။”

ထိုင်းစစ်အစိုးရကတော့ နယ်စပ်စခန်းတွေမှာ ဆယ်စုနှစ်တွေနဲ့ချီ မလွတ်မလပ် နေထိုင်နေကြရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ စီစဉ်နေတာ ဖြစ်တဲ့ အကြောင်း ပြောဆိုထားတာပါ။ ကရင်ဒုက္ခသည်ရေးရာ ကော်မတီ တာဝန်ရှိသူကတော့ အချိန်တန်ရင် နေရပ်ပြန်ရမှာ မှန်ပေမယ့် လုံခြုံစိတ်ချရမှုအတွက် အာမခံချက် မရှိဘဲ အတင်းအကျပ် ပို့တာမျိုးကိုတော့ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

“တကမ္ဘာလုံးမှာ ခံယူထားတာက ဒုက္ခသည်စခန်းတွေက တသက်လုံးရှိနေမှာတော့ မဟုတ်ဘူး။ အဲဒီအချိန်ကျရင်တော့ ဒုက္ခသည်စခန်းက သူ့နေရာနဲ့သူကတော့ ချုပ်ငြိမ်းသွားရမှာပဲ၊ အဲဒီလို ချုပ်ငြိမ်းနိုင်မယ်ဆိုရင် ဘယ်အခြေအနေပေါ်မှာ ချုပ်ငြိမ်းနိုင်မယ်ဆိုရင် အဖြေသုံးခုပေါ်မှာ - ဟုတ်လား၊ မိမိနေရာကို ပြန်မယ်၊ ထိုင်းနိုင်ငံမှာနေခဲ့မယ်၊ နိုင်ငံခြားသွားမယ်။ လက်တွေ့ အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင်တော့ အဆင်သင့်ဖြစ်ပြီးလား။ မိုင်းတွေ ရှင်းပြီးပြီလား။ နိုင်ငံရေးအခြေအနေနဲ့ ရှေ့ရေး၊ နယ်စပ်တလျှောက်မှာရှိတဲ့ ကရင် KNU ဘက်ကတွေရော၊ ခွဲထွက်တဲ့အဖွဲ့က ဘယ်နှစ်ဖွဲ့ရှိလဲ။ တိုက်ပွဲကလည်း ဖြစ်နေတယ်။ ရန်စောင်နေကြတဲ့အပေါ်မှာ ကျနော်တို့ ပြန်ရဲပါ့မလား။ ကျော်ဖြတ်မှုတွေ အများကြီး ရှိနေပါသေးတယ်။ International နဲ့ UNHCR ရဲ့ Principal အရ ကြည့်မယ်ဆိုရင် အချိန်မရောက်သေးပါဘူး။ ဒါပေမယ့် ကျနော်တို့ လူ ၁၃၀,၀၀၀ ကျော်ကို ကြက်ကလေး၊ ငှက်ကလေး ဖမ်းသလို ဖမ်းပြီးတော့ ကားပေါ်တင်မယ်ဆိုရင် ဒုက္ခသည်တွေတင် မကဘူးနော်၊ International Human Rights၊ နောက်ပြီးတော့ ဒီမိုကရေစီအင်အားစုတွေလည်း ဒီလိုဟာမျိုးကို သူတို့ လက်ပိုက်ကြည့်နေမှာတော့ မဟုတ်ဘူးပေါ့လေ။ နော်။”

ထိုင်းစစ်အစိုးရရဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာ ကတော့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ချောချောမွေ့မွေ့ဖြစ်အောင် ကူညီမယ့်အကြောင်း ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ ပြောဆိုခဲ့တာပါ။ လတ်တလောမှာတော့ နေရပ်ပြန်လိုသူတွေ ကရင်ပြည်နယ်မှာ ပြန်လည်နေရာချထားနိုင်ရေး စမ်းသပ်စီမံကိန်းအဖြစ် မြန်မာအစိုးရနဲ ၂၀၁၂ ခုနှစ်ကအပစ်အခပ်ရပ်စဲရေးလုပ်ထားတဲ့ ကေအန်ယူ ကရင်အမျိုသားအစည်းအရုံးတို့က ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

XS
SM
MD
LG