သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်စာရင်း ထိုင်းအာဏာပိုင်တွေ စတင်ကောက်ယူ


ိထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်း (ဒီဇင်ဘာလ ၁၄၊ ၂၀၁၁)
ိထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်း (ဒီဇင်ဘာလ ၁၄၊ ၂၀၁၁)

မြန်မာနိုင်ငံတွင်းက ပြည်တွင်းစစ်တွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ မြန်မာ ဒုက္ခသည်တွေကို ဆယ်စုနှစ်တွေနဲ့ချီ လက်ခံထားရှိခဲ့တဲ့ ထိုင်းနိုင်ငံက ဒီဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့တော့မယ်လို့ ကြေညာအပြီးမှာ ဒုက္ခသည် သန်ခေါင်စာရင်းကို ထိုင်းစစ်အစိုးရက စပြီး ကောက်ယူနေပါတယ်။ ပြုပြင်ပြောင်းလဲခါစ မြန်မာနိုင်ငံဟာ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်လောက်တဲ့ အခြေအနေမျိုး မရှိသေးဘူးဆိုတဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့ အချိန်မှာ ထိုင်းစစ်အစိုးရကတော့ အခု မြန်မာ ဒုက္ခသည် သန်းခေါင်စာရင်း ကောက်တာဟာ တရားမဝင် အလုပ်သမားတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့သာ ဖြစ်တယ်လို့ ပြောဆိုလာပါတယ်။ ထိုင်းနိုင်ငံတွင်းက မြန်မာ ဒုက္ခသည်စခန်းတွေထဲက အခြေအနေ အရပ်ရပ်ကိုတော့ Reuters သတင်းကို အခြေခံပြီး မသိဂီ ၤထိုက်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံတွင်းက အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းမှာ တနလာၤနေ့က စပြီး မြန်မာဒုက္ခသည်တွေ သန်းခေါင်စာရင်း ပေးသွင်းနေကြပါတယ်။ စခန်းအတွင်း နေထိုင်သူစာရင်းကို ဇူလိုင်လကုန်မှာ အပြီးသတ် ကောက်ခံသွားမှာ ဖြစ်တယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။ မြန်မာဒုက္ခသည်ပေါင်း ၄ သောင်း ၃ ထောင်ကျော်တို့ နေထိုင်ပြီး နှစ်ပေါင်း ၃၀ လောက် သက်တမ်းရှိပြီ ဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းမှာ ပထမဆုံး အကြိမ် သန်းခေါင်စာရင်း ကောက်ယူမှုလည်း ဖြစ်တယ်လို့ ထိုင်းတပ်မတော် အမှတ် ၄ ခြေလျင်တပ်က တပ်မှူးကြီး Terdsak Ngamsanong က ပြောပါတယ်။

“ပဋိပက္ခတွေကြောင့် ထွက်ပြေးလာကြရသူ အရေအတွက် အတိအကျရအောင် ကျနော်တို့ အခု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားမဝင် အလုပ်လုပ်ဖို့အတွက် ဒီကို လာခဲ့ကြသူတွေကိုတော့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာစနစ်နဲ့ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ဒီလူတွေကတော့ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha တို့ ဒုက္ခသည်တွေအရေး ဆွေးနွေးခဲ့ကြပြီး ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး သဘောတူညီမှုတခု ရရှိခဲ့တာ ဖြစ်တယ်လို့ ထိုင်းစစ်အစိုးရက ကြေညာအပြီးမှာတော့ ဒီကိစ္စ အပေါ်မှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာမို့ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ ရက် အတိအကျ မသတ်မှတ်ရသေးသလို မြန်မာနိုင်ငံတွင်းမှာလည်း ဘေးကင်းလုံခြုံပြီး သိက္ခာရှိရှိ အခြေအနေ ရှိရမှာ ဖြစ်တယ်လို့ ထိုင်းစစ်အစိုးရက ထပ်ပြီး ပြောဆိုခဲ့တာပါ။ နောက် ဒီလုပ်ငန်းစဉ်ကို ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တိုင်တိုင်ပင်ပင် လုပ်ပါမယ်လို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ထိုင်း မြန်မာ နယ်စပ်တလျှောက်က ဒုက္ခသည် စခန်းတွေမှာ မြန်မာ ဒုက္ခသည်ပေါင်း ခန့်မှန်းခြေ ၁ သိန်း ၂ သောင်းလောက် နေထိုင် နေကြတာပါ။ တိုင်းရင်းသား ဒေသတွေမှာ နှိပ်စက်ညှဉ်းပမ်းမှုတွေ၊ ပြည်တွင်း စစ်တွေနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံတွင်းမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်လည်း မရှိပါဘူး။ Ta Song Yang ခရိုင်ရဲ့ အမြဲတမ်း အတွင်းဝန် Preeda Foongtrakulchai ကတော့ ဒုက္ခသည်တွေနဲ့ တရားမဝင် အလုပ်သမားတွေ ရောထွေး မသွားအောင် ဆောင်ရွက်နေတာလို့ ပြောပါတယ်။

“ဒီလုပ်ငန်းစဉ်ကို တိတိကျကျ တင်းတင်းကျပ်ကျပ် လုပ်နေတယ်ဆိုတာကို မြန်မာလိုရော ကရင်လိုပါ ကြေညာထားပါတယ်။ ဒုက္ခသည်တွေ အနေနဲ့ စခန်းထဲမှာ မရှိဘူးဆိုရင် သူတို့ကို တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေလို့ သတ်မှတ်လိုက်မှာ ဖြစ်ပါတယ်။ သူတို့ကို တရားဥပဒေ အရ ရဲလက်ထဲကို လွှဲအပ်မှာ ဖြစ်ပြီး ဒီလူတွေကို ဌာနေ ပြန်ပို့မှာ ဖြစ်ပါတယ်။”

ထိုင်းအာဏာပိုင်တွေက တရားမဝင် အလုပ်သမားတွေကို နှိမ်နှင်းဖို့ ရည်ရွယ်ပြီး စာရင်းကောက်ယူနေတာလို့ ဆိုပေမယ့် ဒုက္ခသည် အများစုကတော့ ဌာနေပြန်ပို့ဖို့ အစပျိုး စီစဉ်နေတာ ဆိုပြီး စိုးရိမ်နေကြပါတယ်။ မယ်လ ဒုက္ခသည်စခန်းရဲ့ ရွာသူကြီး Saw A Kaing ကတော့ အခုလို ပြောပါတယ်။

ဒုက္ခသည် တသိန်းလောက်ကို နေရပ်ရင်း ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့ ဇွန်လ အတွင်းက ကြေညာလိုက်တာပါ။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံလုံးမှာ အခြေအနေတွေ လုံး၀ ပြေလည်မှု မရှိသေးတဲ့ အခုလိုအချိန်မှာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့မယ်ဆိုရင် ပရမ်းပတာ အခြေအနေ တရပ်ကို ဖန်တီးလိုက်သလို ဖြစ်သွားနိုငတယ် ဆိုပြီးလည်း အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေက ပြောဆိုကြပါတယ်ရှင်။

XS
SM
MD
LG