သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံသားပေးရေး UNHCR တိုက်တွန်း


U.N. High Commissioner for Refugees ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးFilippo Grandi
U.N. High Commissioner for Refugees ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးFilippo Grandi

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာဘက်ခြမ်း သူတို့နေရပ် ပြန်နိုင်ရေး အဓိကဆောင်ရွက်ရမယ့်အချက်ဟာ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ပြောကြားလိုက်ပါတယ်။ နိုင်ငံမဲ့တွေအဖြစ် သူတို့အပေါ် ခွဲခြားဆက်ဆံမှုနဲ့ ညှမ်းပန်းနှိပ်စက်မှုတွေ ရှိခဲ့တာကြောင့် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ချမယ်ဆိုရင်နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်တားဆီးတဲ့အချက်ကို ဖယ်ရှားပေးရေးကိစ္စ ထည့်သွင်းဖို့ လုံခြုံရေးကောင်စီကို Mr. Grandi က အလေးအနက်တိုက်တွန်းခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

ကြာသာပတေးနေ့က လုံခြုံရေးကောင်စီမှာ နိုဝင်ဘာလအတွက် အလှည့်ကျဥက္ကဌဖြစ်တဲ့ အီတလီနိုင်ငံက ကမကထပြုကျင်းပတဲ့ ကမ္ဘာ့ဒုက္ခသည်များအရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ဖို့ ကိစ္စ အလေးပေး တင်ပြသွားပါတယ်။

“ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ဖို့အတွက် မြန်မာဘက်အခြမ်းမှာ လုံခြုံရေးရှိဖို့၊ လူ့အခွင့်အရေးအချက်တွေကို လေးစားအကောင်အထည်ဖေါ်ဖို့ နဲ့ တရားဥပဒေစိုးမိုးဖို့ စတာတွေဟာ မရှိမဖြစ်ဦးစားပေးရမယ့် ကိစ္စတွေဖြစ်ပါတယ်။ နိုင်ငံမဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံသားဖြစ်ရေး အခြေအနေ တိုးတက်မှုရှိဖို့ဟာ အလွန်ကို အရေးကြီးပါတယ်။ တပြိုင်နက်တည်းမှာပဲ လူမှုအသိုင်းအဝိုင်း ပြန်လည်သင့်မြတ်ရေး နဲ့ သူတို့အားလုံး ဖွံဖြိုးမှုအကျိုးရလာဒ် တန်းတူညီမျှခံစားနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စတာတွေကိုလည်း တိုးတက်အောင် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။”

ရိုဟင်ဂျာဒုက္ခသည်အရေး သူ့အနေနဲ့ အဓိက တင်ပြရတဲ့အကြောင်းရင်းမှာ ဒီအကျပ်အတည်းဟာ လက်ရှိအချိန်မှာ အလွန်အလွန် စိုးရိမ်ဖွယ်ရာ အလားအလာဖြစ်ဖို့လမ်းကြောင်းဆီကို ဦးတည်သွားနေလို့ဖြစ်ကြောင်း Mr. Grandi ကဆိုပါတယ်။ ဒါအပြင် ဒုက္ခသည်တွေ နေရပ်ရင်းကို လိုလိုလားလား၊ လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိရှိပြန်နိုင်ဖို့ ဆွေးနွေးပွဲတွေကို UNHCR ဘက်က ကူညီပံပိုးဖို့ အသင့်ရှိကြောင်း လုံခြုံရေးကောင်စီကို သူက တင်ပြခဲ့ပါတယ်။

ဒုက္ခသည်တွေကို နိုင်ငံသားဖြစ်ခွင့် ပြုဖို့ ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Filippo Grandi က သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“ဒုက္ခသည်တွေ နေရပ်ရင်းပြန်ဖို့နဲ့ သူတို့ပြန်နိုင်အောင်အသေအချာဆောင်ရွက်ပေးဖို့ အတွက် အလွန် ရှုပ်ထွေးလှတဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ အချက်ကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါကို ဖြေရှင်းမပေးနိုင်ပဲနဲ့ ဒုက္ခသည်တွေ ပြန်ဖို့ကိစ္စဆိုတာ မသေချာ မရေရာဖြစ်နေပါလိမ့်မယ်။ ဒီ တားဆီးပိတ်ပင်ထားတဲ့ အချက်ကို ဖယ်ရှားမပေးဘူးဆိုရင် ပြန်မယ်ဆိုတဲ့ သိသာတဲ့ ဒုက္ခသည်အရေအတွက်ရှိမယ်လို့ ကျနော် မမြင်မိဘူး။ သူတို့တွေဟာ ဒုက္ခသည်တွေအဆင့်တောင်မဟုတ်ပါဘူး၊ နိုင်ငံမဲ့ ဒုက္ခသည်တွေ ဖြစ်တယ်လို့ ကျနော်တို့ မကြာခဏပြောနေတာပါ။”

အဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ထုံးလုပ်နည်းအရ လုံခြုံရေးကောင်စီ အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကိုင်တွယ်ဆောင်ရွက်ရာမှာ UNHCR နဲ့ ကွဲပြားဖို့လိုပြီး နိုင်ငံရေးအရ ဖိအားပေးဆောင်ရွက်ဖို့ လိုအပ်ကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို သူတင်ပြခဲ့တယ်လို့ Mr. Grandi ကပြောပါတယ်။

“လုံခြုံရေးကောင်စီကို ဒီကနေ့ ကျနော်တိုက်တွန်းချင်တာက အရင်ကတည်းကလည်း ပြောထားပြီးပါပြီ။ ဒုက္ခသည်ပြဿနာအတွက် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ရေး လိုအပ်ချက်ကိုပဲ အလေးထားဆောင်ရွက်ဖို့ ကျနော် တိုက်ရိုက် တင်ပြနိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက် ဟာ နိုင်ငံရေးအရ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါမှသာ ဒုက္ခသည်တွေနဲ့ အတင်းအဓမ္မအိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေဟာ သူတို့နေရပ်ရင်းကို လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိပြန်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်လည်း လိုအပ်တဲ့ အခြားနည်းလမ်းတွေကို ရှာဖွေဖို့ လုံခြုံရေးကောင်စီကို ကျနော် တိုက်တွန်းခဲ့ပါတယ်။”

ဒါအပြင် လုံခြုံရေးကောင်စီက ထိရောက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်ဖို့ ပျက်ကွယ်နေတယ်လို့လည်း သူက ဝေဖန်ပြောဆိုခဲ့ပါတယ်။ တကယ်လို့ ဆုံးဖြတ်ချက် ချမယ်ဆိုရင် အဲဒီထဲမှာ ပါဝင်သင့်တဲ့ အချက်တွေနဲ့ ပတ်သက်လို့လည်း သူက အခုလိုပြောပါတယ်။

“ကျနော် စောစောပိုင်းက ပြောခဲ့သလို နိုင်ငံသားဖြစ်ခွင့် အတားအဆီးကို ဖယ်ရှားဖို့ဖြစ်ပါတယ်။ ဒီလူတွေဟာ နိုင်ငံမဲ့တွေအဖြစ် ဆက်ပြီးရှိမနေနိုင်ပါဘူး။ ဒီလို နိုင်ငံမဲ့တွေဖြစ်နေတာကြောင့် သူတို့အပေါ် ခွဲခြားဆက်ဆံမှုနဲ့ ညှမ်းပမ်းနှိပ်စက်မှု ဖြစ်ရပ်တွေဟာ အရင်ကတည်းက ရှိနေခဲ့တာပါ။ နောက်ပြီး တပြိုင်နက်တည်းဆောင်ရွက်ရမှာက ဒုက္ခသည်တွေ နေရပ်ကိုပြန်တဲ့အခါ ရခိုင်ပြည်နယ်မှာ ပြည့်စုံကျယ်ပြန်တဲ့ ဖွံဖြိုးတိုးတက်ရေးအစီအစဉ်တွေ မဖြစ်မနေ အကောင်အထည်ဖေါ်ရမှာဖြစ်ပါတယ်။”

အခုလို သူတင်ပြခဲ့တဲ့အချက်တွေဟာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေမှာ ပါတဲ့အတိုင်းဖြစ်တယ်လို့လည်း Mr. Grandi ကဆိုပါတယ်။

လက်ရှိ UNHCR နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေကိုလည်း အပြုသဘောဆောင်တဲ့ လက္ခဏာအဖြစ် Filippo Grandi က သတင်းထောက်တွေကို ပြောသွားပါတယ်။ ဒုက္ခသည်တွေကိုမြန်မာဘက်က ပြန်ပြီးလက်ခံမယ့်အစီအစဉ်အတွက် လွန်ခဲ့တဲ့ ၂ ရက်က မြန်မာအစိုးရက UNHCR နဲ့ ပူးပေါင်း ပြီး အလုပ်ရုံဆွေးနွေး ပွဲပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံအစိုးရတွေကြား ဒုက္ခသည်တွေ နေရပ်ရင်းပြန်ဖို့ ညှိုနှိုင်းဆွေးနွေးနေတဲ့ အခြေအနေတွေကို UNHCR က စောင့်ကြည့်နေသလို အကူအညီပေးဖို့လည်း အဆင်သင့်ရှိနေကြောင်း Filippo Grandi ကပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံသားပေးရေး UNHCR တိုက်တွန်း
please wait

No media source currently available

0:00 0:04:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG