သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေအတွက် ရိက္ခာလျှော့မည်


ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေအတွက် ရိက္ခာလျှော့မည်

ထိုင်းနိုင်ငံထဲမှာ ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေအတွက် အကူအညီတွေကို လျှော့ချရတော့မယ်လို့ ကူညီထောက်ပံ့ ပေးနေတဲ့ အဖွဲ့တွေက ကြေညာလိုက်ပါတယ်။ စားသောက်ကုန် ဈေးနှုန်းတွေ တက်လာတာ၊ ငွေကြေးလဲလည်နှုန်းတွေမှာ အပြောင်းအလဲတွေ ရှိလာတဲ့အတွက် ဒီလို ရိက္ခာ ထောက်ပံ့မှုတွေကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ရတာလို့ ဒုက္ခသည် အကူအညီ ပေးနေတဲ့ TBBC အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်တွင်းက မြန်မာစစ်အစိုးရ တပ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား တိုက်ပွဲတွေဟာ နေ့စဉ်လိုလို ဖြစ်ပေါ်နေတာကြောင့် စိုးရိမ်ပူပန်မှုတွေနဲ့ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံမှာ ယာယီ ခိုလှုံနေကြသူတွေကို ဆန်ကလွဲလို့ တခြားရိက္ခာတွေ ထောက်ပံ့တော့မှာ မဟုတ်ဘူးလို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

အကူအညီ ပေးနေတဲ့ အဖွဲ့တွေရဲ့ စာရင်းဇယားအရ လူဦးရေ ၁၀,၀၀၀ နီးပါးလောက်အထိ ရှိနေတဲ့ ဒီဒုက္ခသည်တွေဟာ ၂ နိုင်ငံကြားက သောင်ရင်းမြစ် နံဘေးနဲ့ နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေကြရတာဖြစ်ပြီး သူတို့ကို ဒုက္ခသည်တွေကို အဓိက စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတာကတော့ Thailand Burma Border Consortium (TBBC) အဖွဲ့ ဖြစ်ပါတယ်။

ဒီအထဲကမှ မကြာသေးခင်ကမှ မြန်မာနိုင်ငံက ထွက်ပြေးပြီး ထိုင်းနိုင်ငံထဲမှာ ယာယီ ခိုလှုံနေသူတွေဟာလည်း အတည်တကျ မရှိတဲ့အတွက် ထောက်ပံ့မှုတွေမှာ ကန့်သတ်ရတာလို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ မဲဆောက်တာဝန်ခံ ဆရာနေဦးက အခုလို ပြောပါတယ်။

“အားလုံးပေါင်း ၉ လကျော်ပြီ။ ကိုယ်ဝန်ဆောင်က ဘယ်နှစ်ယောက်ရှိတယ်၊ ၅ နှစ်အောက်က ဘယ်လောက်ရှိတယ်၊ အဲဒါတွေ ကျနော်တို့ လုပ်ထားပါတယ်။ အခုလောလောဆယ် မဲဆောက်ခွင်ကျတော့ အခက်အခဲတော့ သိပ်မရှိဘူး။ ဟိုဘက်မှာကျတော့ အခက်အခဲရှိတယ်။”

စားသောက်ကုန် ဈေးနှုန်းတွေ တက်လာတာ၊ ငွေကြေးလဲလှယ်နှုန်းတွေမှာ အပြောင်းအလဲတွေ ရှိလာတဲ့အတွက် ထိုင်းနိုင်ငံမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေအတွက် ရိက္ခာထောက်ပံ့မှုတွေကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ရတာတွေ ရှိတယ်လို့ TBBC က ပြောပါတယ်။ နေရာဒေသ အမျိုးမျိုးကနေ ပုံစံမျိုးစုံနဲ့ ရောက်လာကြပြီး ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အခြေအနေတွေ ရှိနေတဲ့အတွက် ဒါတွေကို လုံလောက်အောင် ထောက်ပံ့ရာမှာ အခက်အခဲတွေ ရှိတယ်လို့ TBBC အဖွဲ့ရဲ့ ဒုတိယ အလုပ်အမှုဆောင် ဒါရိုက်တာ မစ်စ် ဆယ်လီ သော်မဆင်က ပြောပါတယ်။

သူပြောသွားတဲ့ အထဲမှာ ဒုက္ခသည်တွေဟာ နေရာပေါင်းစုံက လာကြတယ်၊ နေရာ တကွဲတပြားစီက လာကြတဲ့အတွက် ထိန်းချုပ်ဖို့လည်း ခက်ခဲတယ်၊ ဒါတွေကို ဝေငှပြီး နေရာချထားပေးနေရတာ ဖြစ်တယ်၊ အထောက်အပံ့ ပေးနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအထဲက ဒုက္ခသည်တွေဟာ သူတို့ရွာကို ပြန်သွားလိုက်၊ ပြန်လာလိုက်လည်း လုပ်နေတဲ့အတွက် သူတိုကို ထိန်းချုပ်ဖို့လည်း ခက်ခဲတယ်၊ သူတိုရွာတွေကတော့ ပျက်စီးနေပြီး တချို့အိမ်တွေကတော့ ကျန်နေသေးတယ်၊ ဒါပေမဲ့ သူတို့ရဲ့ အခြေခံ လိုအပ်ချက်တွေကိုတော့ ဖြည့်ဆည်းပေးနေသေးတယ်လို့ ပြောသွားပါတယ်။

အခုဆိုရင် လွန်ခဲ့တဲ့ ၂ ပတ်ခန့်က လူဦးရေ ၈,၂၀၀ ကျော်သာ ရှိပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာနဲ့အမျှ အခုဆိုရင် ကိုယ်ဝန်ဆောင် မိခင်တွေ၊ ကလေးငယ်တွေ အပါအ၀င် လူဦးရေ ၉,၉၀၀ ကျော်တောင် ရှိနေပြီလို့လည်း TBBC နဲ့ ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရှိနေပြီးသား ဒုက္ခသည် ၁၄၀,၀၀၀ ကျော် အတွက်လည်း TBBC က ဆန်ဝေငှမှုတွေကို ၂၀% လျှော့သွားမယ်လို့ ပြောပါတယ်။ နောက်ထပ်လည်း ဆီ၊ ဆား၊ ငရုတ်သီးနဲ့ သကြား စတဲ့ ရိက္ခာဝေငှမှုတွေကိုလည်း လျှော့ချမှာ ဖြစ်တယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG