မြန်မာအာဏာပိုင်တွေက မြဝတီမြို့က အခြေအနေတွေဟာ တည်ငြိမ်မှု ရှိနေတာကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံနေသူတွေကို ပြန်ပို့နိုင်ပြီလို့ ပြောခဲ့ပါတယ်။ ထိုင်းတာဝန်ရှိသူတွေကလည်း မြန်မာဒုက္ခသည်တွေကို ပြန်ပို့နေပြီဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့လည်း ထိုင်းဝန်ကြီးချုပ်ကတော့ မြန်မာနိုင်ငံဘက်မှာ အခြေအနေတွေ စိတ်ချ ယုံကြည်မှု မရှိသေးသ၍ ဒုက္ခသည်တွေကို ပြန်ပို့မှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ဒီနေ့ပဲ ပြောခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံ နယ်စပ်ဒေသမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ပြောခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ထိုင်း၊ မြန်မာ နယ်စပ်ဒေသမှာ DKBA ကရင်လက်နက်ကိုင် တပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား တနင်္ဂနွေနေ့က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး အင်္ဂါနေ့ နေ့လယ်မှာတော့ မြန်မာအာဏာပိုင်တွေက တိုက်ပွဲ ပြီးဆုံးပြီ ဖြစ်ကြောင်းနဲ့ ဒုက္ခသည်တွေကို ပြန်ပို့နိုင်ပြီလို့ ပြောခဲ့တာမို့ အခု မဲဆောက်မှာရှိတဲ့ ထိုင်းနယ်ခြားစောင့်တပ်ဝင်းထဲ ခိုလှုံနေကြသူတွေထဲက တချို့ကို မြဝတီကို စပြီး ပြန်ပို့နေပြီ ဖြစ်ပါတယ်။
အခုလို ပြန်ပို့နေပေမဲ့ အင်္ဂါနေ့ မနက်ဖက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ရွေးကောက်ပွဲမှာ မဲမသမာမှု လုပ်ခဲ့ကြသူတွေကို မကျေနပ်ကြတဲ့ ဒေသခံတွေက ရန်ပြု သတ်ဖြတ်တာတွေ လုပ်နေတာမို့ မြဝတီမြို့ရဲ့ အခြေအနေဟာ ရုတ်ရုတ်သဲသဲနဲ့ အားလုံး ထိတ်လန့်တကြား ဖြစ်နေပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်ကို ရောက်နေတဲ့ မြန်မာဒုက္ခသည် တဦးကတော့ နှစ်ဘက် အာဏာပိုင်တွေကြား ဘယ်လို သဘောတူညီချက်တွေနဲ့ အခုလို ပြန်ပို့နေတယ် ဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေတယ်လို့ ပြောပါတယ်။
“သူတို့ ဘယ်လိုသဘောတူပြီး ပြန်ပို့တယ်ဆိုတာ ကျနော်လည်း မသိရဘူး။ ဗြုန်းဒိုင်းကြီး တရက်ပဲ ရှိသေးတယ်၊ ဟိုဘက်မှာ ဘယ်လိုအခြေအနေရှိလဲ၊ လုံခြုံ စိတ်ချရပြီလား၊ စိတ်မချရသေးဘူးလား ဆိုတာ ကျနော်တို့လည်း မသိဘူး။”
အခုလို ထိုင်းတာဝန်ရှိသူတွေက မြန်မာဒုက္ခသည်တွေကို နေရပ် ပြန်ပို့နေပေမဲ့ ထိုင်းဝန်ကြီးချုပ်ကတော့ မြန်မာနိုင်ငံဘက်က အခြေအနေတွေ လုံခြုံစိတ်ချရပြီလို့ ယူဆမှ ပြန်ပို့မယ်လို့ ဆိုပါတယ်။
“တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ထိုင်းနိုင်ငံဘက်ကို ပြောင်းရွှေ့လာသူတွေ ရှိနေပါတယ်။ သူတို့ပြန်ဖို့အတွက် စိတ်ချရပြီလို့ ကျနော်တို့ ယူဆလို့ရှိရင် ပြန်ပို့သွားမှာပါ။”
ဒါ့အပြင် မြန်မာနိုင်ငံမှာ အပြောင်းအလဲ ကာလအတွင်း တိုင်းရင်းသား လူမျိုးစုတွေနဲ့ မြန်မာစစ်အစိုးရတို့အကြား တိုက်ခိုက်မှုတွေ ရှိမယ်လို့ ထိုင်းဝန်ကြီးချုပ်က နဂိုကတည်းက တွက်ဆထားကြောင်းလည်း ပြောပါတယ်။
ထိုင်း၊ မြန်မာနယ်စပ် မြဝတီမြို့မှာ ရွေးကောက်ပွဲကို မကျေနပ်တဲ့ DKBA တပ်တွေက တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်မှာ ရဲစခန်းနဲ့ စာတိုက် အပါအဝင် အစိုးရ အဆောက်အဦး အတော်များများကို သိမ်းပိုက်ခဲ့ပြီး တနင်္ဂနွေ ညပိုင်းမှာတော့ တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို သောင်းနဲ့ချီတဲ့ မြန်မာဒုက္ခသည်တွေ ထွက်ပြေးခဲ့ရပြီး ထိုင်းနိုင်ငံက အစားအသောက်နဲ့ ယာယီ နေထိုင်ဖို့အတွက် အကူအညီတွေ ပေးခဲ့ပါတယ်။
ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က စိုးရိမ် စိတ်ပူကြောင်း မစ္စတာ ဘန်ကီမွန်းရဲ့ ပြောခွင့်ရ မာတင် နက်စာကီက ပြောပါတယ်။
“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာနိုင်ငံ အတွင်းက တချို့ဒေသတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ပါဝင်ပတ်သက်နေတဲ့ အုပ်စုအားလုံးကို ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့၊ အခုလို အရေးကြီးတဲ့ ကာလမှာ တင်းမာမှုတွေကို မတိုးစေဖို့၊ မငြိမ်မသက်တွေ ဖြစ်အောင် ထပ်ပြီး မလုပ်ကြဖို့ကို တိုက်တွန်းပါတယ်။ လုံခြုံရေးအတွက် အရေးယူ ဆောင်ရွက်တဲ့ နေရာမှာ ခြိမ်းခြောက်မှုတွေနဲ့ အင်အားအသုံးပြုမှု မှန်သမျှကို ကုလသမဂ္ဂ အနေနဲ့ သိပ်ပြီးတော့ စိုးရိမ်နေရပါတယ်။”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပြောသွားတာ ဖြစ်ပါတယ်။