သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ကမ္ဘာပေါ်မှာ ပဉ္စမ အများဆုံး


ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။

ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက် ၄၀၀,၀၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အကြိမ် ၆၀ မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ UNHCR အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံကို နောက်ဆုံး ထွက်ပြေး ရောက်ရှိနေတဲ့ ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့လည်း တရုတ်အစိုးရဘက်က အကူအညီ တောင်းလာရင် ပေးဖို့ အဆင်သင့်ပဲလို့ UNHCR အဖွဲ့ရဲ့ အာရှဒေသ တာဝန်ခံက ပြောဆိုပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကနေ အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကိုသာမက မလေးရှားနဲ့ တရုတ်နိုင်ငံတွေထဲကိုပါ ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ဒီအစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြား မွေးထုတ်ပေးနေတယ်လို့ အာရှဒေသဆိုင်ရာ UNHCR ပြောခွင့်ရ ကစ်တီ မက်ကင်ဆီ (Kitty McKinsey) က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေ မွေးထုတ်ပေးနေတဲ့ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်တယ်ဆိုတာ ဒီနေ့ထုတ်ပြန်တဲ့ စာရင်းဇယားတွေကို ကြည့်ရင် သိရမှာပါ။ မြန်မာနိုင်ငံထဲကနေ ဒုက္ခသည်တွေ ထွက်လာနေတာ နှစ်ပေါင်း သိပ်ကို ကြာနေပါပြီ။ သူတို့ဟာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေထဲသာမက တခြား အိမ်နီးချင်း မဟုတ်တဲ့ ဝေးလံတဲ့ နိုင်ငံတွေဆီကိုပါ ထွက်ကြတာပါ။ ရိုဟင်ဂျာလို ဒုက္ခသည်တွေကတော့ သူတို့အသက်ကို ပဓာန မထားဘဲ မြန်မာနိုင်ငံက ထွက်သွားရ ပြီးရော အသက်စွန့်ပြီး ထွက်နေကြပါတယ်။” လို့ ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ခိုလှုံစရာ စခန်းတွေဖွင့်ပြီး UNHCR က အကူအညီတွေ ပေးနေသလို ထိုင်းနိုင်ငံထဲမှာလည်း ဒုက္ခသည်စခန်း ၉ ခုဖွင့်ပြီး အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။

“ထိုင်းနိုင်ငံက UNHCR မှာ ၉၃,၀၀၀ ကျော် တရားဝင် မှတ်ပုံတင်ပြီး အခု နေနေပါတယ်။ ၅၅,၀၀၀ လောက်ကတော့ အမှန်တကယ် ဒုက္ခသည်လို့ သတ်မှတ်နိုင်ခြင်း ရှိမရှိ စစ်ဆေးနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ထိုင်းအစိုးရရဲ့ သတ်မှတ်ထားတဲ့ ဘောင်နဲ့ ဝင်မဝင် စစ်ဆေးနေတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကုလသမဂ္ဂရုံးနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ရိုဟင်ဂျာ ဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုထားသူ ၂၉,၀၀၀ လောက် ကော့က်စ် ဘဇားမှာ ရှိနေပါတယ်။ သူတို့ဟာ ကုလသမဂ္ဂရဲ့ ကူညီ ထောက်ပံ့မှုရော၊ တခြား အဖွဲ့အစည်းတွေရဲ့ အကူအညီကိုပါ ရနေတာပါ။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ခန့်မှန်းချက်အရ စာရင်းမရှိဘဲ ရောက်နေတဲ့ ဒုက္ခသည်ပေါင်းက ၂၀၀,၀၀၀ လောက် ရှိနေပါတယ်။” လို့ ပြောသွားပါတယ်။

ဒီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေ အနေနဲ့ သူတို့ကို နှိပ်စက် သတ်ဖြတ်မယ့်သူ မရှိတာနဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေကို မကြောက်ကြရပေမဲ့ ကိုယ့်အိုးကိုယ့်အိမ် ရပ်ရွာစွန့်ခွာ ထွက်ပြေးလာကြသူတွေမို့ ပင်ပန်း ဆင်းရဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မကြာခင်ကမှ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရ စစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံရသူကလည်း သောင်းဂဏန်းအထိ ရှိနေပြီလို့ KNG ကချင်သတင်းဌာန တာဝန်ခံ ကိုနော်ဒင်းက ပြောပါတယ်။

“ဒုက္ခသည်တွေက စာရင်းအရ ဆိုရင်တော့ ၁၀,၀၀၀ ကျော် ရောက်နေပါတယ်။ အားလုံးပေါင်းလိုက်ရင်တော့ အခုချိန်မှာ ၂၀,၀၀၀ ကျော် ရှိပြီ။ အထူးသဖြင့် အစိုးရ ထိန်းချုပ်တဲ့ ရပ်ရွာကနေ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးနေတဲ့ အရေအတွက်က တိုးလာတာကို တွေ့ရတယ်။ တရုတ်နယ်စပ်ဘက်မှာ ဆိုရင်တော့ နိုင်ငံတကာရဲ့ ကူညီ စောင့်ရှောက်မှုတွေလည်း ကောင်းကောင်းမရဘဲ အခုဆိုရင် စစ်ပွဲတွေက ပိုပြီး ပြင်းထန်လာတဲ့ အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် အတော်လေး ဒုက္ခရောက်မယ့် အခြေအနေတွေ ရောက်နေတယ်။

“အကောင်းဆုံးကတော့ မြန်မာပြည် နိုင်ငံရေး ပြေလည်မှုသာ မရှိရင် ဒုက္ခသည် စခန်းတွေကို တရုတ်နယ်စပ်ဘက်မှာ တရုတ်အစိုးရ ခွင့်ပြုပြီး ဒုက္ခသည်စခန်း ဖွင့်ပြီးမှ ဒုက္ခသည်တွေကို နေရာချထားခြင်း အားဖြင့်သာလျှင် သူတို့ကို ကူညီလို့ရမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

အခုနောက်ဆုံး မြန်မာနိုင်ငံထဲက ထွက်လာတဲ့ ဒုက္ခသည်တွေကို တရုတ်အစိုးရက အသိအမှတ်ပြုပြီး ဒုက္ခသည်စခန်းတွေ ဖွင့်ပေးဖို့ ကချင်တိုင်းရင်းသားတွေဘက်က လိုလားနေသလို ကုလသမဂ္ဂဘက်ကလည်း အကူအညီတွေ ပေးဖို့ အသင့်ပဲလို့ မစ်စ် မက်ကင်ဆီက ပြောပါတယ်။

“ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး ဘယ်အစိုးရကပဲ အကူအညီတောင်းတောင်း ကျမတို့က ပေးဖို့ အမြဲအသင့်ပါ။ တကယ်လို့ တရုတ်နိုင်ငံက သူ့နယ်စပ်မှာ အကူအညီပေးဖို့ တောင်းလာရင် ပေးဖို့ အသင့်ပါ။ ဒါပေမဲ့ သိပ်မကြာခင်တုန်းက နယ်စပ်မှာ ဝနဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သူ့နိုင်ငံထဲ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ထွက်ပြေးလာခဲ့တုန်းကတော့ အကူအညီ မတောင်းခဲ့သလို အဲဒီနေရာတွေကို ကျမတို့ကို သွားခွင့်လည်း မပေးခဲ့ပါဘူး။” လို့ မစ်စ် မက်ကင်ဆီက ပြောသွားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့ဟာ ၂၀၀၅ ခုနှစ်ကနေ အခုချိန်အထိ မြန်မာဒုက္ခသည်ပေါင်း ၇၀,၀၀၀ ကျော်ကို တတိယနိုင်ငံတွေမှာ အခြေချပြီး နေနိုင်အောင်အတွက် အကူအညီတွေ ပေးခဲ့ပါတယ်။

XS
SM
MD
LG