သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပြေးဒုက္ခသည်တွေကို UNHCR ဝင်ရောက်ကူညီ


ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသည့် မြန်မာ စစ်ပြေးဒုက္ခသည်များ။ နိုဝင်ဘာ ၉၊ ၂၀၁၀။
ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသည့် မြန်မာ စစ်ပြေးဒုက္ခသည်များ။ နိုဝင်ဘာ ၉၊ ၂၀၁၀။

မြန်မာအစိုးရ တပ်တွေနဲ့ DKBA တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက တခြား NGO တွေနဲ့ ညှိနှိုင်းပြီး အကူအညီ ပေးနေပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ မြဝတီမြို့ဘက်မှာ အခြေအနေတွေ တည်ငြိမ်နေပြီမို့ ထိုင်းဘက် ထွက်ပြေးနေကြသူတွေကို ပြန်ပို့လို့ ရပါပြီလို့ မြန်မာအစိုးရက ပြောပါတယ်။ ကုလသမဂ္ဂကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ကြတယ် ဆိုရင်လည်း သူတို့သဘောနဲ့ သူတု့ိ ပြန်သင့်တယ်လို့ ပြောပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲနေ့ ကတည်းက စတင်နေတဲ့ မြန်မာအစိုးရ တပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲကြောင့် မြန်မာနိုင်ငံဘက်ကနေ ရောက်လာကြတဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ တနင်္လာနေ့ကတည်းက စတင်ပြီး ကုလသမဂ္ဂက အကူအညီ ပေးနေတာကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရသူ ဖာရင် ဟပ်က် (Farhan Haq) က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ထိုင်းအာဏာပိုင်တွေရဲ့ အကူအညီ တောင်းချက်အရ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) ကနေ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ၊ တခြားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကူအညီ ပေးနေပါတယ်။ မဲဆောက်မြို့ကို ရောက်လာကြတဲ့ ဒုက္ခသည်တွေအတွက် နေစရာနဲ့ အစားအသောက် အကူအညီတွေ ပေးနေပါတယ်။”

တနင်္လာနေ့ အစောပိုင်းကစပြီး ဒုက္ခသည်တွေဟာ ထိုင်း၊ မြန်မာ နယ်စပ်ကြားက သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ရောက်လာခဲ့ကြတာပါ။ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးလာကြပုံကို UNHCR ပြောခွင့်ရသူ အွန်ဒရေ မဟဲချစ် (Andrej Mahecic) ပြောပြတာက…

“တော်တော်များများက ကျောင်းတက်နေကြတဲ့ သူတို့ကလေးတွေကို လက်ဆွဲခေါ်ပြီး အဝတ်တထည် ကိုယ်တခုနဲ့ကို ထွက်ပြေးလာကြတာပါ။ တချို့ဆို ဖိနပ်တောင် မပါကြပါဘူး။ ပထမပိုင်းကတော့ အမျိုးသမီးနဲ့ ကလေးတွေပဲ ရောက်လာကြတာ များပါတယ်။ နောက်ပိုင်းကျတော့ အမျိုးသားတွေပါ ပိုပိုပြီး ရောက်လာကြပါတယ်။ နောက်ထပ် ရောက်လာကြတဲ့ ဒုက္ခသည်တွေထဲမှာ မီးဖွားပြီးစ အမျိုးသမီးတွေ၊ မွေးကင်းစ ကလေးတွေ၊ ၅ ရက်သားကနေ ၁၅ ရက်သားအထိကို ပါကြပါတယ်။”

ထိုင်းဘက်ရောက်လာကြတဲ့ ဒုက္ခသည်တွေကို မဲဆောက်မြို့ လေဆိပ်နားမှာ ယာယီ ခိုလှုံခွင့် ပေးထားပါတယ်။ သောင်းနဲ့ချီ ရောက်လာနေတဲ့ ဒုက္ခသည် အရေအတွက်က များလာနေတဲ့အတွက် နောက်ထပ် နေရာတွေဆီ ရွှေ့ပြောင်းရမယ့် အခြေအနေလည်း ဖြစ်နေပါတယ်။ UNHCR ကလည်း မဲဆောက်မြို့က သူတို့ ဂိုဒေါင်တွေထဲမှာ ရှိသမျှ ယာယီရွက်ဖျင်တဲတွေ၊ ပလတ်စတစ် အမိုးအကာတွေကို အားလုံး ဝေပေးလိုက်ပြီလို့ ဆိုပါတယ်။

ထိုင်းနယ်စပ်လုံခြုံရေး တပ်ဖွဲ့တွေက ဒုက္ခသည်တွေအတွက် ဆေးဝါးကုသမှုတွေ လုပ်ပေးနေသလို ထိုင်း၊ မြန်မာ နယ်စပ်မှာ မြန်မာဒုက္ခသည်တွေကို အကူအညီ ပေးနေတဲ့ TBBC အဖွဲ့ကလည်း အစားအသောက်၊ အကူအညီတွေ ပေးနေပါတယ်။ ပြင်သစ်အခြေစိုက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးတဲ့ အဖွဲ့တဖွဲ့ကတော့ သောက်ရေလှောင်ကန်တွေ၊ အိမ်သာတွေ ဆောက်လုပ်ပေးနေတဲ့အတွက် အားလုံးပေါင်းပြီး မြန်မာဘက်က ဒုက္ခသည်တွေကို အကူအညီ ပေးနေကြတယ်လို့ မစ္စတာ မဟဲချစ်က ပြောပါတယ်။

“ဒေသခံ ပြည်သူတွေကလည်း တတ်အားသလောက် ဝိုင်းကူညီကြပါတယ်။ ကျနော်တို့နဲ့ပေါင်းပြီး အကူအညီ ပေးဖို့ကိုလည်း ကျနော်တို့က ပြောပါတယ်။ အကူအညီ အလိုဆုံးသူတွေ အရင် အကူအညီရအောင် ဦးစားပေး လုပ်ပေးကြဖို့လည်း ပြောထားပါတယ်။ လူ ၁ ယောက်ဆိုရင် စောင်အထည် ၁,၀၀၀ ဒုက္ခသည်စခန်းဆီကို ယူလာပါတယ်။ မဲဆောက်မြို့မှာ ရှိနေတဲ့ UNHCR ဝန်ထမ်းတွေကလည်း နောက်ရောက်လာကြတဲ့ ဒုက္ခသည်တွေကို သူတို့ ယာယီခိုလှုံနေတဲ့ နေရာတွေဆီ သွားပြီး လိုတာတွေကို ကူညီပေးနေပါတယ်။ ထိုင်းအစိုးရနဲ့ NGO တွေကလည်း ကျနော်တို့နဲ့ ဝိုင်းပြီး ညှိနှိုင်း လုပ်နေကြတော့ အလုပ်ဖြစ်ပါတယ်။”

ဒါကတော့ မဲဆောက်မြို့ဘက်ကို ရောက်လာကြတဲ့ ဒုက္ခတွေကို အကူအညီ ပေးနေတဲ့ အပိုင်း ဖြစ်ပါတယ်။

ဘုရားသုံးဆူ နယ်စပ်ဂိတ်ဘက်ကနေ ထိုင်းဘက်ကို ရောက်လာနေကြတဲ့ ဒုက္ခသည် ၃,၀၀၀ လောက်ကိုလည်း ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့အတူ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) ဝန်ထမ်းတွေက အကူအညီပေးဖို့ လုပ်နေတယ်လို့ UNHCR ဌာနချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တော်မှာ ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် လီဆာ ရှလိုင်း (Lisa Shlein) က ပြောပြပါတယ်။

အင်္ဂါနေ့ကတော့ မြန်မာအစိုးရက အခြေအနေ တည်ငြိမ်ပြီမို့ ထိုင်းဘက် ထွက်ပြေး ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ပြန်ပို့လို့ ရပါတယ်လို့ ထိုင်းအစိုးရကို ပြောခဲ့ပါတယ်။ တချို့ ဒုက္ခသည်တွေလည်း ပြန်ကုန်ကြတာ ရှိသလို တချို့လည်း သူတို့လုံခြုံရေးကို စိတ်မချကြလို့ မပြန်ချင်ကြပါဘူး။ ကုလသမဂ္ဂကတော့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်ချင်တယ် ဆိုရင်လည်း သူတို့သဘောနဲ့ သူတို့သာ ပြန်သင့်တယ်လို့ အတွင်းရေးမှူးချုပ် ပြောခွင့်ရသူ ဖာရင် ဟပ်က်က ပြောပါတယ်။

“ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အနေနဲ့ ဒုက္ခသည်တွေကို အတင်းအကျပ် နေရပ်ပြန်ပို့တာကို လုံးဝ လက်မခံနိုင်တဲ့မူ ရှိပါတယ်။ တကယ်လို့ ပြန်ကြတယ် ဆိုရင်လည်း သူတို့သဘောနဲ့ သူတို့ ပြန်ကြတာပဲ ဖြစ်သင့်ပါတယ်။”

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝ (Abhisit Vejjajiva) ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံဘက်က အခြေအနေတွေ လုံခြုံစိတ်ချမှု မရှိသေးသရွေ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံထဲမှာ လက်ခံထားမယ်လို့ ပြောပါတယ်။

XS
SM
MD
LG