သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်တိုင်းအသီးသီး NLD ပါတီတာဝန်ရှိသူတွေကိုပါ ဖမ်းဆီး


ရခိုင်ပြည်နယ်လွှတ်တော် (ဓာတ်ပုံ-ဦးညီပု fb)
ရခိုင်ပြည်နယ်လွှတ်တော် (ဓာတ်ပုံ-ဦးညီပု fb)

(Zawgyi/Unicode)


ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် အားလုံးကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဗွီအိုအေက နောက်ထပ်စုံစမ်း သိရှိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရတဖွဲ့လုံးကို တနင်္လာနေ့ မနက်လင်းအားကြီးအချိန်မှာ နေအိမ်အသီးသီးကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အကြောင်း တနင်္သာရီတိုင်း အစိုးရ စီမံဘဏ္ဍာ ဝန်ကြီး ဒေါ်ရီရီချို ရဲ့ သားဖြစ်သူ ကိုကောင်းထက်က ဗွီအိုအေကို အခုလို အတည်ပြုပြောပါတယ်။

“တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကနေ စပြီးတော့ တဖွဲ့လုံးကို ဖမ်းလိုက်ပြီ။ ဝန်ကြီးချုပ်ကနေ စပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေပါတယ်။ တက်ကြွလှုပ်ရှားသူတွေ လည်းပဲ ဖမ်းသွားတယ်လို့ ကြားတယ်။ စီမံဘဏ္ဍာဝန်ကြီးကို သူ့အိမ်မှာပဲ မြိတ်က သူနေတဲ့ အိမ်မှာပဲ ၅ နာရီခွဲလောက်က ရဲတွေက လာပြီးတော့ ခေါ်သွားတယ်။ ရဲကားတွေနဲ့။ မြိတ်မြို့မှာတော့ စစ်သားတွေ တွေ့တယ်။ ဒါပေမယ့် အများကြီး ချထားတာတော့ မရှိဘူး။ စစ်ကားတွေ ဘာတွေနဲ့လည်း လှည့်နေတာ မရှိဘူး။”

အလားတူ အခြား ပြည်နယ်နဲ့တိုင်းလွှတ်တော်တွေက လွှတ်တော်အမတ်တွေကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ပတ်သက်လို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကလည်း ဗွီအိုအေကို အခုလို အတည်ပြုပြောကြားခဲ့ပါတယ်။

“ဧရာဝတီတိုင်းကဆိုရင် ဘိုကလေး၊ ကြံခင်း၊ လပ်ပွတ္တာ အဲဒီက လွှတ်တော် ကိုယ်စားလှယ်တွေ ခေါ်သွားပြီ။ လေးမျက်နှာက ကိုယ်စားလှယ် တွေတော့ လိုက် ဖမ်းနေတယ်တော့ ကြားတယ်။”

ဒီကနေ့ မှာ ပြည်သူ့လွှတ်တော်ခေါ်ယူဖို့ မူလက စီစဉ်ထားပေမယ့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်တဲ့ နေပြည်တော်စည်ပင်ရိပ်သာကိုလည်း စစ်တပ်က ဝိုင်းထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးမှုတွေကိုတော့ စစ်တပ်က လုပ်နေတာဖြစ်ပေမယ့်၊ တပ်မတော်အနေနဲ့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ဒါအပြင် မြဝတီရုပ်သံကလွဲလို့ မြန်မာ့အသံ ၊ MRTV၊ DVB စတဲ့ ရုပ်သံလိုင်းတွေလည်း အကုန်လိုင်းပြတ်တောက်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။

(Unicode)








XS
SM
MD
LG