သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC ဆုံးဖြတ်ချက် လက်မခံကြောင်း ကုလမှာ မြန်မာပြော


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ၇၃ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောစဉ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ၇၃ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောစဉ်။

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးအစီအရင်ခံစာနဲ့ နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ ဆုံးဖြတ်ချက် ကို လက်မခံဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သောကြာနေ့က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ အစီရင်ခံ စာဟာ ခိုင်လုံတဲ့သက်သေ အထောက်အထားတွေအပေါ်မှာ အခြေခံတာမဟုတ်ဘူးလို့ ပြောကြား လိုက်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ လည်း ၂ နိုင်ငံသဘောတူညီချက်တွေအတိုင်း လုပ်ဆောင်ဖို့ ကို တိုက်တွန်းလိုက်ပါတယ်။ AP နဲ့ ရိုက်တာ သတင်းဌာန တွေရဲ့ သတင်းတွေကို အခြေခံပြီး အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မြန်မာအစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ညီလာခံအတွင်း မိန့်ခွန်းပြောကြားခဲ့တာမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့ တာနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာရာဇဝတ် တရားရုံး (ICC) ရဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေနဲ့ လက်မခံဘူးလို့ ဝန်ကြီးဦးကျော်တင့်ဆွေက ပြောကြားလိုက်ပါ တယ်။

“အပြည်ပြည်ဆိုင်ရာတရားရုံးအပေါ် ယုံကြည်စိတ်ချမှုကင်းမဲတာ မိမိတို့တနိုင်ငံတည်းမဟုတ်ဘူး ဆိုတာ သိရလို့ အားတက်မိပါတယ်။ ဒါပေမဲ့လည်း ကျနော်အနေနဲ့ ထပ်ပြီး ရှင်းရှင်းလင်းလင်း ပြောလိုတာက နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ အခုလို ဥပဒေကြောင်းအရ သံသယဖြစ်ဖွယ် ဝင်ရောက်စွက်ဖက်မှုကို မြန်မာအစိုးရအနေနဲ့ လက်ခံနိုင်မှာမဟုတ်သော်လည်း ၊ ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိမယ်ဆိုရယ်ဆိုရင် တာဝန်ခံမှုရှိစေဖို့အတွက် ကျနော်တို့အနေနဲ့ အပြည့်အ၀ ကတိပြုပါတယ်။”

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကတော့ - မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လက အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့ ပါတယ်။ ကုလသမဂ္ဂရဲ့ ဒီအစီရင်ခံစာဟာ ခိုင်လုံတဲ့ သက်သေအထောက်အထား တွေအပေါ်မှာ အခြေခံထားတာ မဟုတ်ဘူးလို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ လက်တွေ့မြေပြင်အနေအထားမှာ လူမှုအသိုက်အဝန်းတွေကြား သဟဇာတ ရှိစေဖို့ ကြိုးပမ်း နေတဲ့ အချိန်မှာပဲ ခိုင်လုံတဲ့ သက်သေအထောက်အထားမပြနိုင်ဘဲ ဖြစ်ရပ်ဇာတ် ကြောင်းတွေကို အခြေခံထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာဟာ တင်းမာမှုကို ဆက်လက် ဖြစ်ပေါ်စေပြီး၊ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှု အသိုက်အဝန်းကြား အလွန်လိုအပ်နေတဲ့ လူမှု ပေါင်းစည်း နေထိုင်မှုတည်ဆောက်ရေးအတွက် လုပ်ဆောင်ကြိုးပမ်း နေတာတွေကို အဟန့်အတား ဖြစ်လာမှာ စိုးရိမ်မိပါတယ်။”

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးကင်းစခန်းတွေကို ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာ စစ်တပ် ဘက်က ဒေသ တွင်း နယ်မြေရှင်းလင်းရေးတွေလုပ်ခဲ့ပြီး အဲဒီကနေ ရိုဟင်ဂျာမွတ်စလင်တွေ သိန်းနဲ့ ချီ ဘင်္ဂလားဒေ့်ရှ် နိုင်ငံ ဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ကြား ဒုက္ခသည်တွေ ပြန်လက်ခံ ရေးအတွက် ၂ နိုင်ငံ သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်ပါတယ်။ မြန်မာအစိုးရဘက် ကတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါဝင် နေရပ် စွန့်ခွာထွက်ပြေးသွားသူတွေအားလုံးကို ပြန်လက်ခံ နိုင်ဖို့အတွက် လုပ်ဆောင်ထားပေမယ့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတော့ ဒီသဘောတူညီချက်တွေအတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ် လို့ ဦးကျော်တင့်ဆွေက ပြောလိုက်ပါတယ်။

“၂ နိုင်ငံသဘောတူညီချက်တွေအတိုင်း ကတိကဝတ်တွေကို လိုက်နာဖို့ နဲ့ စီစစ်ပြီးသူတွေကို သူတို့ ဆန္ဒအလျှောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ဖို့အတွက် အချိန်မဆွဲဘဲ ခွင့်ပြုပေးဖု့ိ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျနော်တို့အနေနဲ့ တိုက်တွန်းလိုပါတယ်။”

ရခိုင်ပြည်နယ်အကျပ်အတည်းကို ဖြေရှင်းတာမှာ အကြံပေးခဲ့တဲ့ ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်း ရေးမှူး ချုပ်ဟောင်း ကိုဖီ အာနန်ကို ချီးကျုူး ဂုဏ်ပြုစကားပြောသွားသလို ကိုဖီ အာနန် ကော်မရှင်ရဲ့ အကြံပြုချက် ၈၈ ချက်အနက် ၈၁ ချက်ကို အကောင်အထည်ဖော်နေပြီ ဆိုတာကိုလည်း ထည့်ပြော သွားပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ အဆုံး သတ်နိုင်မယ်လို့ ခံယူထားတယ် လို့လည်း ဝန်ကြီး ဦးကျော်တင့်ဆွေကပြောပါတယ်။

နှစ်စဉ်ကျင်းပတဲ့ကုလသမဂ္ဂအထွေထွေညီလာခံကိုတော့ မြန်မာအစိုးရဘက်က ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခြင်းမရှိဘဲ မြန်မာအစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် နဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG