သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ICC စုံစမ်းမယ့်ကိစ္စ မြန်မာပယ်ချ


Myanmar Rohingya
Myanmar Rohingya

နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (ICC) က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှု လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက အခိုင်အမာ ပယ်ချလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ချို့ယွင်းအားနည်းချက်တွေပြည့်နေတဲ့ လုပ်ငန်းစဉ်ကနေ ထွက်လာတဲ့ ရလဒ် ဖြစ်ပြီး ဥပဒေကြောင်းအရ ခိုင်လုံမှုအပေါ် သံသယဖြစ်စရာရှိတယ်လို့ စက်တင်ဘာလ ၇ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ တရားရုံးရဲ့ လုပ်ဆောင်ပုံတွေမှာ ချို့ယွင်းအားနည်းချက်တွေလို့ဆိုတာတွေကိုလည်း ထုတ်ပြန်ချက်မှာ အသေးစိတ် ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ Rome Statue ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတခုမဟုတ်တာကြောင့် ICC ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာလုပ်ဆောင်ဖို့ လုံးဝ တာဝန်မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

ပြန်မောင်းထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ လုံးဝမှားယွင်းကြောင်း၊ သက်ဆိုင်ရာဒေသတွေ ကနေ ဘယ်သူတဦးတယောက်ကို မှ နှင်မထုတ်ဘူးဆိုတာကို မြန်မာနိုင်ငံအနေနဲ့ ထပ်မံပြောဆို ပါကြောင်း၊ အမှန်တကယ်ဆိုရင် သူတို့နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးသွားသူတွေကို ပြန်လည် ခေါ်ယူရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းပြီး အပြင်းအထန် လုပ်ဆောင်ထားကြောင်း စသည်အားဖြင့် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာအစိုးရဟာ တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ကို အားပေး အကောင်အထည် ဖော်ဖို့ ဆိုတဲ့ ရည်တည်ချက် အခြေခံမူကို ထပ်ခါတလဲလဲ ပြောဆိုထားပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်နဲ့စပ်လျဉ်းပြီး လူ့အခွင့်အရေးနဲ့ တခြားဆက်စပ်ကိစ္စရပ်တွေမှာ ချိုးဖောက်မှုတွေကို စုံစမ်းဖို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းထားတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံဟာ ကိုယ့်နယ်မြေထဲက ဘယ်လို ရာဇဝတ်မှုမျိုး၊ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးကိုမဆို စုံစမ်းစစ်ဆေးဖို့ လုပ်ချင်စိတ်ရော လုပ်နိုင်စွမ်းပါရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရိုဟင်ဂျာမွတ်ဆလင်အများအပြား ထွက်ပြေးသွားရအောင် အတင်းအဓမ္မ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ဖြစ်ရပ်ကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ခြေရှိသလားဆိုတာ စုံစမ်းစစ်ဆေးဖို့ကိစ္စ ဟာ ICC ရဲ့ လုပ်ပိုင်ခွင့်ထဲမှာရှိတယ်လို့ ICC က ကြာသပတေးနေ့မှာ ဆုံးဖြတ်ထားတာပါ။

မြန်မာသမ္မတရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ရိုဟင်ဂျာ ဒါမှမဟုတ် ရခိုင်ပြည်နယ်က မွတ်ဆလင် အသိုင်းအဝိုင်း စသည်အားဖြင့် တိတိကျကျ ရည်ညွှန်းဖော်ပြထားတာမပါဝင်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG