သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက် ရန်သူများစာရင်း မြန်မာ ပါဝင်


ကမ္ဘာပေါ်မှာ အင်တာနက်ကနေ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ အင်တာနက်ကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့်မရှိတဲ့ နိုင်ငံတွေရဲ့စာရင်းကို ၂၀၁၂ ခုနှစ်အတွက် အင်တာနက်ရဲ့ ရန်သူများ ဆိုပြီးတော့ ကမ္ဘာ့မီဒီယာ စောင့်ကြည့်ရေး အဖွဲ့တစ်ခုက ထုတ်ပြန်လိုက်ပါတယ်။

အာရပ်နွေဦး တော်လှန်ရေးက အင်တာနက်ရဲ့ လွတ်လပ်ခွင့် အသွင်အပြင်ကို ပြောင်းလဲ ပေးလိုက်တယ်လို့ နယ်စည်းမခြား သတင်းထောက်များက မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဘာရိန်းနိုင်ငံမှာဆိုရင် ဆန္ဒပြပွဲတွေကို တားဆီးဖို့အတွက် သတင်းကို အမှောင်ချနိုင်အောင်အတွက် ဖိနှိပ်တဲ့ နည်းမျိုးစုံနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်ခဲ့ကြတယ်လို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ပြောပါတယ်။

အာရပ်နွေဦး တော်လှန်ရေးကြောင့်ပဲ လစ်ဗျားလို တချို့အစိုးရတွေ ပိုပြီးတော့ ပွင့်လင်းလာကြတယ်လို့ ဆိုပါတယ်။ အာရပ်ကမ္ဘာတလွှား တစ်နိုင်ငံကနေ တစ်နိုင်ငံ ကူးဆက် ပျံ့နှံ့ခဲ့တဲ့ အစိုးရတွေကို ဆန့်ကျင်ဖို့ အာရပ်နွေဦး တော်လှန်ရေးမှာ အောင်မြင်မှုတွေ ရှိတာက တွစ်တာ (twitter) လို လူမှု ကွန်ယက်တွေနဲ့ အင်တာနက်ကြောင့် ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ ဘာရိန်းနိုင်ငံအပြင် ၂၀၁၂ ခုနှစ် အင်တာနက်ရဲ့ရန်သူများဟာ မြန်မာ၊ တရုတ်၊ မြောက်ကိုးရီးယား၊ ဗီယက်နမ်၊ တာမန်နစ္စတန်၊ ဥဇ်ဘက်ကစ္စတန်၊ ဆော်ဒီ အာရေးဗီးယား၊ ဆီးရီးယားနဲ့ ဘေလာရုနိုင်ငံတို့ ပါဝင်ပါတယ်။

စောင့်ကြည့်ရမယ့် နိုင်ငံများစာရင်းကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တချို့ အင်တာနက် ပေါ်က အကြောင်းအရာတွေကို တည်းဖြတ်တာ၊ အင်တာနက်ပေါ်ကနေ တရားမဝင် ကူးယူမှုတွေ အတွက် အပြစ်ပေးတာတွေ လုပ်ဆောင်တဲ့ နိုင်ငံတွေအတွက် စာရင်းထဲမှာ သွင်းထားတာပါ။ အဲဒီ နိုင်ငံတွေ စာရင်းမှာတော့ သြစတြေးလျ၊ အီဂျစ်၊ ပြင်သစ်၊ အိန္ဒိယနဲ့ တောင်ကိုးရီးယားနိုင်ငံတို့ ပါဝင်ပါတယ်။

XS
SM
MD
LG