သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေး မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


မြန်မာ့မိတ်ဆွေများနိုင်ငံများအဖွဲ့ကို ဦးဆောင်ပြီး နယူးယောက်မြို့မှာဆွေးနွေးပွဲတရပ် ကျင်းပခဲ့သော ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
မြန်မာ့မိတ်ဆွေများနိုင်ငံများအဖွဲ့ကို ဦးဆောင်ပြီး နယူးယောက်မြို့မှာဆွေးနွေးပွဲတရပ် ကျင်းပခဲ့သော ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
မြန်မာနိုင်ငံနေရာတော်တော်များများမှာ လူမှုအသိုင်းအဝိုင်းကြား ပျံနှံ့ဖြစ်ပွား ခဲ့တဲ့ ပြဿနာရဲ့ဇစ်မြစ်ကို ဖြေရှင်းဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့က အလေးအနက် ပြောလိုက်ပါတယ်။

ဒီပြဿနာကို မဖြေရှင်းရင် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ ထိခိုက်နိုင်တဲ့အလားအလာရှိတယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ ခုလိုထပ်ပြောခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်ပြီး မြန်မာ့မိတ်ဆွေနိုင်ငံများ ဝန်ကြီးအဆင့် ဆွေးနွေးကြတဲ့ ပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း ပထမဆုံး အကြိမ်တက်ရောက်ပါတယ်။

ရိုဟင်ဂျာတွေရဲ့နိုင်ငံရေးနဲ့ စီးပွားရေးအရ နစ်နာမှုတွေအတွက် အဖြေရှာပေးဖို့ အရေးကြီးတယ်ဆိုတာကိုလည်း မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ထောက်ပံ့ ကူညီမှုတွေဟာ ထိရောက်မှုရှိရမယ်၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အားပေးရာရောက်အောင်
ညှိုနှိုင်းဆောင်ရွက်သင့်တာကိုလည်း ဆွေးနွေးပွဲအပြီးထုတ်ပြန်ချက်မှာ အသားပေးပြောထားပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီပေါ်ထွန်းဖို့ လက်တွဲလုပ်နေကြတဲ့ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ကူညီနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပြန်သုံးသပ်ဖို့လိုတာကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အကြီးအကျယ်ပြောင်းလဲမှုတွေ မရှိသေးပေမဲ့
လူထုအခြေပြုအဖွဲ့တွေ ပါဝင်တဲ့ ခိုင်မာတဲ့ဒီမိုကရေစီစနစ်ဆီ ဆက်ပြီးဦးတည်သွားမယ်လို့ ယုံကြည်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ရဲ့ ကြေညာချက်မှာ
ဖော်ပြထားပါတယ်။

အရေးကြီးတဲ့ အပြောင်းအလဲကာလမှာ အစိုးရကိုရော မြန်မာပြည်သူတွေကိုပါ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့လည်း ဆက်ပြီး အားပေးကူညီသွားမယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ထပ်ပြီးပြောကြားခဲ့ပါတယ်ရှင်။
XS
SM
MD
LG