မြန်မာနိုင်ငံမှာ ပြည်ပ ဆန်တင်ပို့ခွင့်ကို ပိတ်ထားရာကနေ အခု ပြည်လည်ခွင့်ပြုပေးတော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းစားသုံးမှုကနေ ပိုလျှံတဲ့ ဆန်ပမာဏကို နိုင်ငံခြား ဈေးကွက်တွေဆီ တင်ပို့ခွင့်ပေးမှာ ဖြစ်သလို ပြည်တွင်းမှာလည်း ဆန်ဈေးတွေ မတက်အောင် ဆန်စပါး လုပ်ငန်းရှင်တွေက အာမခံ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆန်ကုန်သည်ကြီးများ အသင်းက ဆိုပါတယ်။ ပြည်ပကို ဆန်တင်ပို့ခွင့် ရလာတဲ့ အခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
ပြည်ပ ဆန်တင်ပို့ခွင့်တွေ ပိတ်ပင်ထားရာကနေ အခု နိုင်ငံခြား ဆန်တင်ပို့တဲ့ ဈေးကွက် ပြန်ဖွင့်မယ်လို့ စီးပွားကူးသန်း ၀န်ကြီးဌာနက ပြောလိုက်တာဖြစ်ပြီး ပြည်တွင်း စားသုံးမှုတွေကနေ ပိုလျှံတဲ့ ဆန်တွေကို ပြည်ပကို တင်ပို့ခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ပြည်ပ ဆန်တင်ပို့ခွင့် ပြန်ရလာတဲ့အတွက် နိုင်ငံအတွင်းမှာ ဆန်ဈေးမတက်အောင် ဆန်ကုန်သည်ကြီးတွေ အာမခံ ညှိနှိုင်းဆောင်ရွက်နေရတာ ရှိတယ်လို့ အထက်မြန်မာပြည် ဆန်ကုန်သည်ကြီးများ အသင်းက မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးဌေးလွင်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဆန်နဲ့ပတ်သက်လို့ အားလုံး အဆင်ပြေအောင်၊ ဆန်ဈေးနှုန်း မတက်အောင် ကျနော်တို့က အာမခံပြီးမှ နိုင်ငံခြားပို့ဖို့ လုပ်ရတာကိုး။ Data လေးတွေနဲ့ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာကို ကျနော်တို့အားလုံး စုစုစည်းစည်းနဲ့ ဆန်ဈေးမတက်အောင် လုပ်ပြီးမှ Export ပို့ရမှာပေါ့။ ဆန်ဈေးကွက်တွေရဲ့ နှုန်းထားကို ကျနော်တို့က အမြဲတမ်း Report တင်ရတာပေါ့ဗျာ။”
နိုင်ငံအတွင်းက ထွက်ရှိနေတဲ့ ဆန်စပါး ထုတ်လုပ်မှု ပမာဏနဲ့ အဲဒီထဲကနေ စားသုံးမှုနှုန်းနဲ့အတူ ပိုလျှံတဲ့ ပမာဏတွေကို ဆန်စပါး လုပ်ငန်းရှင်အသင်း ဗဟိုနဲ့ တိုင်းနဲ့ ပြည်နယ်က ဆန်စပါး ကုန်သည်ကြီးတွေ အပြန်အလှန် တွက်ချက်ကြပြီးမှ ပိုလျှံတဲ့ ပမာဏကို စီးပွားကူးသန်းဌာနကို တင်ပြရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းဘက်တွေက ဆန်ပိုလျှံမှု ရှိတာမို့ အဲဒီ တိုင်းဒေသတွေကနေ အများဆုံး တင်ပို့သွားနိုင်မယ့် အနေအထား ရှိပါတယ်။
“ပုံစံလေးတွေ အမျိုးမျိုးပေါ့၊ ဘယ်လိုတင်တယ်၊ ဥပမာ မန္တလေးတိုင်းဆို ဆန် ဘယ်လိုထွက်နိုင်တယ် ဆိုတဲ့ဟာလေးတွေ ရှိတာပေါ့ဗျာ၊ အဲဒါကို တင်ပြတယ်။ ကျနော်တို့ မန္တလေးတိုင်းကတော့ ဆန်လိုနယ်မြေဒေသပေါ့။ တကယ်လို့ Export ပို့ချင်ရင် လောလောဆယ် ပို့နိုင်တဲ့ သူတွေက စစ်ကိုင်းတိုင်းတို့၊ ရန်ကုန်တိုင်းတို့၊ ဧရာဝတီတိုင်းတို့က လူတွေ အရင် ဦးစားပေးမှာပေါ့။
“ကျနော်တို့ မန္တလေးတိုင်းကတော့ စားသုံးမှုအား အမြဲတမ်း လိုနေတဲ့ ဒေသလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မန္တလေးဒေသက သိပ်ပြီးတော့ စိုက်ပျိုးထုတ်လုပ်မှုက နည်းနည်း နည်းတယ်။ စားသုံးမှုက များတယ်လေ။ များတော့ ကျနော်တို့က ဧရာဝတီတိုင်းတို့၊ ရန်ကုန်တိုင်းတို့၊ ပဲခူးတိုင်းတို့ကို အဓိက ထားနေရတာကိုး။”
အထက်မြန်မာပြည် ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဌေးလွင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်း ဆန်ဈေးကွက် တအားမြင့်လာတဲ့အတွက် ဖေဖော်ဝါရီ နောက်ဆုံးပတ်လောက်က စပြီး ပြည်ပ ဆန်တင်ပို့မှုတွေ ယာယီ ရပ်ဆိုင်းထားပြီး အခု ကုမ္ပဏီတွေကို ပြန်ခွင့်ပြုမှာ ဖြစ်ပါတယ်။ အခုလို ဆန်တင်ပို့ခွင့်ကို ပြန်လည် ခွင့်ပြုလိုက်တဲ့အတွက် တောင်သူလယ်သမားတွေရဲ့ လုပ်ငန်းတွေအဖို့ ကောင်းတဲ့ အလားအလာတွေ ရှိနေပေမဲ့ ဈေးကွက်တိုးပြီး လုပ်ငန်းတွေ အောင်အောင်မြင်မြင်ဖြစ်ဖို့ အစိုးရဘက်ကလည်း အခွန်အကောက်တွေကို လျှော့ချဖို့နဲ့အတူ နည်းပညာပိုင်း ဆိုင်ရာတွေ အထူးပံ့ပိုးဖို့ လိုတယ်လို့ စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးတွေ ရေးနေတဲ့ သတင်းထောက်တဦးက ဆိုပါတယ်။
“တောင်သူတွေရော Exporter တွေအတွက်ရော ကောင်းနိုင်ပါတယ်။ နောက်တခုက ကောင်းတယ်ဆိုတာကလည်း အမျိုးမျိုးပေါ့လေ။ အစိုးရဘက်ကလည်း ပြုပြင်ပေးရမယ့် ဟာလေးတွေတော့ လိုအပ်တာပေါ့ဗျာ။ ဥပမာ ဆန်တင်ပို့မှုကို ပို့ကုန်အခွန်တွေ ဘာတွေ လျှော့ချပေးနိုင်မှ ပိုပြီးတော့ အဆင်ပြေမှာ။ သစ်လိုဟာမျိုးဆို အခွန်ကို အများကြီး ယူပြီးတော့ ဒီလိုမျိုး စားသုံးမှုနဲ့ ပတ်သက်တဲ့ ဆန်လိုဟာမျိုးတွေ ပို့မယ်ဆိုရင်တော့ ပို့ကုန်ခွန်တွေ လျှော့ချပေးနိုင်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ အဲဒီတော့မှလည်း ဆန်တင်ပို့မှုက တော်တော်လေး အောင်မြင်နိုင်မယ်။ ပို့ကုန် လုပ်ငန်းရှင်တွေရော တောင်သူတွေအတွက်ရော အကျိုးဖြစ်နိုင်မယ်လို့ ထင်ပါတယ်။
“စိုက်ပျိုးမှု နည်းပညာပိုင်း ဆိုင်ရာတွေမှာရော၊ စိုက်ပျိုးမြေနဲ့လည်း ဆိုင်တယ်။ နောက်တခုက ထွက်လာတဲ့ဆန်၊ Quality မြင့်ပါတယ်ဆိုတဲ့ ဆန်ကိုလည်း ကြိတ်ခွဲတဲ့အခါမှာ ကြိတ်ခွဲမှုကြောင့်လည်း ဆန်က ပျက်သွားတဲ့ ဟာမျိုးတွေ ရှိတယ်၊ ပို့ဖို့အတွက် စံချိန်မီအောင်ပေါ့။ အခု ကျနော်တို့ဆီမှာရှိတဲ့ ဆန်စက်တွေက အခုချိန်ထိ ရေနွေးငွေ့သုံးတဲ့ အင်္ဂလိပ် လက်ထက်တုန်းက ဆန်စက်တွေ။ ဆန်စက်တွေက ပိုပြီးတော့ များနေတဲ့အချိန်မှာ ကျနော်တို့မှာ ခေတ်မီတဲ့ ဆန်စက်မျိုး မရှိဘူး။ Running Condition အကုန်လုံးက ရေနွေးငွေ့သုံး ဆန်စက်တွေ အများစုပါပဲ။”
ပြည်တွင်း သတင်းထောက်တဦး သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ ထွက်တဲ့ ဆန်တွေကို အနောက်အာဖရိက နိုင်ငံတွေ၊ ဘင်္ဂလားဒေ့ရှ်နဲ့အတူ ဖိလစ်ပိုင်အပြင် မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကိုလည်း တင်ပို့တာ ရှိသလို ၂၀၀၉ ခုနှစ်မှာ ဆန်တန်ချိန် ၁,၀၀၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပေမဲ့ ၂၀၁၀ မှာတော့ ဆန်တန်ချိန် ၃၀၀,၀၀၀ ကျော်ပဲ မြန်မာနိုင်ငံကနေ တင်ပို့နိုင်ခဲ့ပါတယ်။