သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဆန်တင်ပို့မှု ယာယီဆိုင်းဖို့ ကြိုးပမ်း


ကျိုက်လတ်ဆန်ရောင်းဝယ်ရေးဂိုဒေါင်တခုက ကုန်တင်ကုန်ချအလုပ်သမားတွေ အနားယူချိန် (မေ ၂၀၁၂)
ကျိုက်လတ်ဆန်ရောင်းဝယ်ရေးဂိုဒေါင်တခုက ကုန်တင်ကုန်ချအလုပ်သမားတွေ အနားယူချိန် (မေ ၂၀၁၂)

လက်ရှိမှာ တနိုင်ငံလုံးနီးပါး ရေဘေးသင့်နေတာကြောင့် ပြည်တွင်းဆန်ပြတ်လပ်မှု၊ ဆန်ရှားပါးမှုမဖြစ်စေဖို့ စက်တင်ဘာ ၁၅ အထိ နိုင်ငံခြား ဆန်စပါးတင်ပို့မှုကို ရပ်ဆိုင်းထားဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။ ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက်လည်း ရေကျချိန်မှာ ပြန်လည်စိုက်ပျိုးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပြီး မျိုးစေ့တွေအတွက်လည်း အချိန်မီဝေငှသွားမှာ ဖြစ်တယ်လို့လည်း လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဗွီအိုအေမြန်ပိုင်းသတင်းထောက် မေခ-က သတင်းပေးပို့ထားပါတယ်။

လက်ရှိတနိုင်ငံလုံးနီးပါးမှာ ရေဘေးသင့်မှုတွေကြောင့် ပြည်တွင်းဆန်ပြတ်လပ်မှု၊ ဆန်ရှားပါးမှု မဖြစ်လာနိုင်ကြောင်း၊ အခုအချိန်ထိ ပြည်တွင်းမှာ ဆန်စပါးဖူလုံနေဆဲဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်ရှိန်က ပြောပါတယ်။ ရေလွှမ်းနေတဲ့ လယ် ယာမြေတွေကို အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ဖို့နဲ့ မျိုးစပါးတွေ ပြန်လည်ဝေငှဖို့အတွက် ပြင်ဆင်နေပြီလို့ သူက အခုလို ပြောပါတယ်။

“စစ်ကိုင်းတိုင်းမှာ သူတို့လိုအပ်သမျှမျိုးကို စစ်ကိုင်းတိုင်းထဲမှာ တို့ရဲ စိုက်ပျိုးရေးခြံတွေရှိတယ်။ တောင်သူတွေရဲ့ ထိန်းသိမ်းထားတဲ့မျိုးတွေ ရှိတယ်။ အဲဒါတွေကနေ တို့တွေ အချိန်မရွေး ဖြန့်ဖြူးပေးနိုင်ပါတယ်။ ရခိုင်ကလိုတဲ့မျိုးကိုလည်း သူတို့က မျိုး (၃) သောင်း တောင်းတယ်သမီးရယ်၊ (၃) သောင်းကိုလည်း တို့ဌာနကနေ အချိန်မရွေး ပို့ပေးလို့ရပါတယ်။ ဒါပေမယ့် အခု လယ်တွေက အကွက် ပြန်မပေါ်သေးဘူးပေါ့နော်။ ပြန်မပေါ်သေးတော့ သက်တမ်းတိုတဲ့မျိုးတွေကို ကြိုပြီးရှာထားပါတယ်။ ပြီးတော့မှ ရေပေါ်လာတာနဲ့ ဘယ်ဟာက ပျက်စီးသွားလဲ၊ ဘယ်ဟာက မပျက်စီးဘူးလဲ၊ ဘယ်ဟာက လုံး၀ ပြန်စိုက်ရမလဲ၊ ဘယ်ဟာကတော့ ပြန်သုံးလို့ရလဲ၊ အဲလို ခွဲခြားပြီးတော့မှ ချက်ခြင်းပြန်စိုက်နိုင်အောင် သက်တမ်းတိုတဲ့ မျိုးကို အဆင်သင့်စုဆောင်းထားပါတယ်။ အဲဒီအတွက်လည်း အရံမျိုးတွေက သက်ဆိုင်ရာဒေသအသီးသီးမှာ အကုန်ရှိပါတယ်။ မျိုးအခက်အခဲမရှိဘူး သမီး၊ မျိုးအခက်အခဲမရှိဘူး။”

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း ပြည်တွင်းဆန်ပြတ်လပ်မှု၊ ဆန်ရှားပါးမှုမဖြစ်နိုင်ဖို့ ပြည်ပဆန်တင်ပို့မှုကို လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့အထိ ရပ်ဆိုင်းထားဖို့ စီးပွားကူးသန်းဝန်ကြီးဌာနကို စာတင်ထားပါတယ်။ ပြည်တွင်းဆန်စပါးအခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောပါတယ်။

“ဖူလုံမှု၊ ပိုလျှံမှုဆိုတဲ့အနေအထားက အခုအချိန်မှာ ပြောဖို့စောပါသေးတယ်။ ဒီနေ့အထိ ပြောမယ်ဆိုရင်တော့ ဆန်ပြတ်မှာ လုံးဝစိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် ကျနော်တို့က နောက်ပိုင်း ဘာဖြစ်အုံးမလဲဆိုတာ ခန့်မှန်းလို့မရသေးဘူး။ ဒါပေမယ့် အခုချိန်အထိ ပြောမယ်ဆိုရင်တော့ ဆန်ပြတ်လပ်စရာအကြောင်းမရှိဘူးပေါ့နော်။ အဓိက-ကတော့ ရေလွှမ်းမိုးသွားတဲ့အခါမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပျက်ခဲ့တော့ ဆန်ဈေးကြီးသွားတဲ့သဘောပါ။ ဒါပေမယ့် ဒါကိုလည်းမဖြစ်အောင် ကျနော်တို့မှာရှိတဲ့ ဆန်တွေကို ကျနော်တို့ ရောင်းပေးနေပါတယ်။ လုံလုံလောက်လောက် ရှိပါတယ်။”

ဒီလိုပြောဆိုမှုတွေ ရှိနေပေမယ့် လက်ရှိရေဘေးသင့်ဒေသဖြစ်တဲ့ ကလေးမြို့နယ်မှာတော့ ဆန်တအိတ်ကို ကျပ် (၆) သောင်းနီးပါး အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကောလင်း၊ ပွင့်ဖြူ စတဲ့ မြို့နယ်တွေမှာလည်း ဆန်တစ်အိတ်ကို သာမန်ဈေးထက် ၂၀,၀၀၀ နီးပါးမြင့်ပြီး ဝယ်နေရတယ်လို့ ဒေသခံတွေကပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ မိုးစပါးကို နှစ်စဉ် ဧက ၁၅သန်းခန့် စိုက်ပျိုးလျက်ရှိပါတယ်။ မိုးစပါးကို စက်တင်ဘာ နောက်ဆုံးပတ်အထိ စိုက်ပျိုးနိုင်တယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီလိုစိုက်ပျိုးနိုင်တာကြောင့် လက်ရှိ ရေကြီးနစ်မြုပ်နေတဲ့အချိန်သိပ်မကြာဘဲ ရေပြန်ကျသွားရင် ပြန်ပြီး စိုက်ပျိုးနိုင်လိမ့်မယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်မြင့်မောင်က ပြောပါတယ်။

ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လဆန်းပိုင်းတွေမှာ ရေကြီးမှုတွေကြောင့် သီးနှံမျိုးစုံစိုက်ဧကပေါင်း ၁ သန်းကျော် ရေနစ်မြုပ်ခဲ့ရပါတယ်။ ဒီမှာ ဧက ၂ သိန်းကျော်သာရေပြန်ပေါ်ခဲ့ပါတယ်။ သီးနှံတချို့ ထိခိုက်ပျက်စီးခဲ့တဲ့ စိုက်ဧက-ကတော့ ဧက ၄ သိန်းကျော်ရှိပါတယ်။ သီးနှံကောမြေပါပျက်ဆီးတဲ့ဧကကတော့ ၅ သောင်း ကျော်ရှိတယ်လို့ လယ်ယာစိုက်ပျိုး ရေးဝန်ကြီးဌာနကပြောပါတယ်။ ဒီမှာ ပြန်စိုက်နိုင်တဲ့ ဧကကတော့ ဧက ၉၀၀ နီးပါးသာရှိပါသေးတယ်။ ဒီလိုသီးနှံပျက်စီးမှု တွေကြောင့် ဆန်စပါးရှားပါးမှုတွေနဲ့ ကြုံတွေ့နိုင်တယ်လို့ သုံးသပ်နေမှုအပေါ် လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်မြင့်မောင်က သီးနှံမျိုးစုံ ပျက်စီးမှုထဲက လယ်စပါးပျက်ဆီးမှုအခြေအနေကို အခုလိုပြောပါတယ်။

“…သုံးသပ်ပြီးပြောရမယ်ဆိုလို့ရှိရင် အခု ပျက်စီးနစ်မြုပ်သွားတဲ့မြေပေါင်း ၁ သန်းကျော်မှာ မိုးရာသီစိုက်တဲ့စပါး မြုပ်သွားတာက အားလုံးပေါင်း ဘယ်လောက်ရှိလဲဆိုတော့ ၈ သိန်း၊ ၉ သောင်းပေါ့။ ရေပြန်ကျသွားတဲ့အချိန်မှာ ဆိုလို့ရှိရင် အနည်းဆုံး ၅၀ % ထွက်သွားတာပေါ့။ ပြန်စိုက်ဖို့က ရာသီချိန် မီသေးတဲ့အနေအထားရှိတယ်။ အခု နွေစပါးကတော့ ရေမြုပ်သွားပြီဆိုတော့ လုံးလုံးပျက်ပြီပေါ့။ ဒါပေမယ့် အဲဒီဥစ္စာတွေ အားလုံးပေါင်း ဘယ်လောက်ပဲရှိလဲဆိုလို့ရှိရင် ၁ သောင်း၊ ၃ ထောင်၊ ၂ ရာ၊ ၇၈ ဧကပဲ ရှိတယ်။ ဒါက ရေမြုပ်သွားတဲ့အပေါ်မှာ။ ဒီအပေါ်မှာ လုံးလုံးကို တဇင်လွတ်ပျက်သွားတဲ့အပေါ်မှာ (၆၈၇) ဧကပဲရှိတယ်။ (၇၀၀) လောက်ပဲ ရှိတာပေါ့။ ဆိုတော့-ဦးတို့အနေနဲ့ကတော့ ဆိုးဆိုးဝါးဝါးကြီး ပြတ်လပ်သွားစရာအကြောင်းတော့ မရှိနိုင်ပါဘူး။ ပြန်စိုက်ဖို့အတွက်လည်း စိုက်ပျိုးရေးဦးစီးဌာနက. .စပါးတွေ၊ မြေသြဇာတွေ ကြိုပြီးတော့မှ စုပေးနေတယ်။ ရေပြန်ကျကျချင်း စိုက်နိုင်အောင်လို့။”

မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့မှု အနေနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇူလိုင် ၁၇ ရက်အထိ ဆန်တန်ချိန် ၄ သိန်းနီးပါးနဲ့ ဆန်ကွဲတန်ချိန် ၂ သိန်းနီးပါးတင်ပို့ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ဆန် တန်ချိန် ၁၈ သိန်းကျော်စံချိန် တင် တင်ပို့နိုင်ခဲ့ပါတယ်။

XS
SM
MD
LG