သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး


မိထ္ထီလာအကြမ်းဖက်မှုအတွင်း အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်များကိုတွေ့ရစဉ်။
မိထ္ထီလာအကြမ်းဖက်မှုအတွင်း အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်များကိုတွေ့ရစဉ်။
အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိထ္ထီလာမြို့နဲ့ ပဲခူးတိုင်းအနောက်ခြမ်းကမြို့နယ်တွေမှာ အခြေအနေတွေဟာ အနည်းငယ်ငြိမ်သက်သွားပြီလို့ ဆိုနိုင်ပေမဲ့ လုံခြုံရေးအခြေအနေကတော့ စိုးရိမ်နေရဆဲ အနေအထားမှာရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည်တွေအတွက် အရေးတကြီးလိုအပ်တဲ့အကူအညီတွေပေးနိုင်အောင်အတွက်လည်း လူမှုရေးအသင်းအဖွဲ့တွေနဲ့ နိုင်ငံရေးအင်အားစုတွေက ကူညီဆောင်ရွက်ပေးနေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရဆဲဖြစ်တဲ့ မိထ္ထီလာမြို့မှာတော့ စစ်တပ်နဲ့ရဲလုံခြုံရေးအဖွဲ့တွေက လုံခြုံရေးယူထားပြီး အခြေအနေဟာ တည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့ ရပ်မိရပ်ဖတွေနဲ့ မြို့ခံတွေက ကိုယ့်ရဲ့ အိုးအိမ်လုံခြုံရေးအခြေအနေကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေရဆဲပဲဖြစ်တယ်လို့ မိထ္ထိလာမြို့ခံတွေက ပြောပါတယ်။ ရပ်ကွက်မြို့ရွာတွေထဲမှာလည်း ကောလဟာလသတင်းတွေထွက်ပေါ်နေပြီး လုံခြုံရေးအခြေအနေက ပုံမှန်အနေအထားအတိုင်းမဖြစ်ဘဲ စိုးရိမ်နေရဆဲပဲလို့ မိထ္ထီလာမြို့ခံဒေါ်မြင့်မြင့်အေး က ပြောပါတယ်။

“ လုံခြုံရေးကတော့ ရပ်ကွက်တွေထဲမှာ ကျမတို့လမ်းတွေမှာတော့ ကိုယ့်ဘာသာကို စောင့်နေရတယ်။ ရွာတွေမှာလည်း ကိုယ့်ရွာလုံခြုံရေး ကိုယ်စောင့်နေရတယ်။ ပြီးခဲ့ရက်တွေကလည်း လက်ပံကော့တို့၊ ဟုတ်တာမဟုတ်တာမသိဘူးနော်။ ဂတုံ့ဂုံးတို့ ဇကော့တို့ဘက်မှာ၊ ဘေးနားက တဲလေးတွေ မီးရှို့ခံရတယ်ပေါ့နော် ရှိတယ်။ အဲ့ဒီ့တော့ လုံခြုံရေးကတော့ ပြည်သူလူထုက စိတ်အေးလက်အေးနဲ့ နေရတာမျိုးတော့ မရှိသေးဘူး။ အဲ့တာ အမှန်ပဲ စိတ်တော့ပူနေရတာပေါ့လေ။”

မိထ္ထီလာမြို့ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ပဲခူးတိုင်းအနောက်ဘက်ခြမ်းဘက်ကို ဆက်သွားပြီး ပဲခူးတိုင်းတွင်း တချို့မြို့နယ်တွေမှာလည်း အရေးပေါ်အခြေအနေပုဒ်မ ၁၄၄ထုတ်ပြန်ထားပါတယ်။ ဒီပဲခူးတိုင်းအတွင်းက လုံခြုံရေးအခြေအနေတွေဟာ စိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်နေပြီးတော့ အာဏာပိုင်တွေဘက်က ထိရောက်အောင် ကိုင်တွယ်ဖြေရှင်းမှုမရှိဘူးလို့ စာပေဟောပြောပွဲအတွက် သွားရောက်ရင်း ကိုယ်တိုင်ကြုံလိုက်ရတဲ့ နာရေးကူညီမှုအသင်းရန်ကုန်က ဦးကျော်သူကပြောပါတယ်။

“ကြို့ပင်ကောက်နဲ့ ဇီးကုန်း နှစ်မြို့နယ်ပေါ့လေ။ ကျနော်တို့ကြုံခဲ့တယ်။ မြို့ခံမဟုတ်ပဲ သူစိမ်းတွေက လာပြီးတော့ သွေးထိုးပြီးတော့ အဲ့လိုမျိုး လုပ်သွားတာတွေ မြင်ရတယ်။ လုံခြုံရေးအပိုင်းက ဘာမှ လုပ်ပေးတာမရှိဘူး။ ကြို့ပင်ကောက်ဆို အိမ်ငါးအိမ်ဖျက်တယ်။ ဖျက်တဲ့ဟာကလည်း အကုန်လုံးက လက်ပိုက်ကြည့်နေတယ်။ ဗလီဖျက်တော့လည်း လက်ပိုက်ပြီး ကြည့်နေကြတယ်။ လုံခြုံရေးက ပြည်သူတစ်ယောက်အနေနဲ့ အားကိုးလို့မရဘူး။ ကိုယ့်လုံခြုံရေးပဲ ကိုယ်လုပ်ရတော့မှာပဲ။ လုံခြုံရေးအားနည်းတဲ့အတွက် လုံခြုံရေးကိုပြောတော့လည်း အထက်က အမိန့်မရလို့ ဘာမှ လုပ်ပိုင်ခွင့်မရဘူး။ ဒီအတိုင်းပဲ ကြည့်နေရတယ်။ ဒါတွေကတော့ မဖြစ်သင့်ဘူး။”

အခုလိုမျိုး ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားလာနေတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ သေကျေပျက်စီးရပြီး အခြေခံလူတန်းစားတွေဘဝပျက်ရတာမို့ မီးရှို့အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန်းက ရပ်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်လို့ ဦးကျော်သူက ဆက်ပြောပါတယ်။

“ပြည်သူလူထုတွေကလည်း ကိုယ့်အိုးကိုယ့်အိမ်ကိုပဲ အဓိကစောင့်ရှောက်ရမယ်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့နယ်ကိုပဲ စောင့်ရှောက်ရမယ်။ ချင့်ချင့်ချိန်ချိန်လေး လုပ်ကြဖို့ ကျနော် ဒါပဲ တိုက်တွန်းချင်တယ်။”

မိထ္ထီလာမြို့မှာဖြစ်ပွားခဲ့တဲ့ လူသတ်၊ မီးရှို့အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေနဲ့ သောက်သုံးရေ အရေးတကြီးလိုအပ်နေပါတယ်လို့လည်း မိထ္ထီလာမြို့ခံဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“ဟုတ်ကဲ့။ ဗမာတွေအနေနဲ့ကတော့ မကျီးကုန်း ဘုန်းကြီးကျောင်းမှာ ဗမာ ၄၇၀လောက်ရှိတယ်။ သမွန်ပုံးဘုန်းကြီးကျောင်းမှာ ဗမာလူမျိုး ၅၀၀ကျော်ရှိတယ်။ ဥတ္တရဇေရုံမှာ လူ ၂၀၀ကျော်ရှိတယ်။ မာတင်ပုလဲ လမ်းဆုံမှာလည်း ဗမာလူမျိုး ၂၀၀ကျော်လောက်ရှိတယ်။ ကိုးနဝင်းကျောင်းမှာလည်းရှိတယ်။ ဒါကတော့ ဗမာဘုန်းကြီးကျောင်းတွေမှာ ဆရာတော်တွေရဲ့ အုပ်ချုပ်မှုလက်အောက်မှာ တိုက်ရိုက်တန်းလှူလို့ရတယ်။ မူစလင်ဘာသာဝင်တွေကတော့ အမှတ် ၁ကျောင်းတို့၊ အမှတ် ၃ကျောင်းတို့၊ အမှတ် ၅ အထက၊ အားကစားကွင်းပေါ့။ ကမ့်တွေထဲမှာ ခြောက်နေရာလောက်ရှိတယ်။ ဆက်သွယ်ရေးကတဆင့်ပဲ လှူလို့ရတယ်။ သူတို့ကို တိုက်ရိုက်လှူလို့မရဘူး။ အဲ့ဒီ့ဟာလေးတွေရှိတယ်။ တချို့အမှတ်၃ကျောင်း က ရေအခက်အခဲ ရှိလို့ ကျမတို့ကို အကူအညီတောင်းလို့ ကျမတို့က ဆက်သွယ်ပြီးတော့ မီးသတ်ဌာနကို ရေပို့ပေးဖို့ ပြောထားတာတွေရှိတယ်။”

မိထ္ထီလာမြို့က ဒုက္ခသည်တွေအတွက်တော့ မန္တလေးတိုင်းတွင်းက လူမှုအဖွဲ့အစည်းတွေ အပါအဝင် ရန်ကုန်နာရေးကူညီမှုအသင်းရန်ကုန်ကပါ ဝင်ရောက်ကူညီဆောင်ရွက်ပေးနေပြီး ဒုက္ခသည်တွေအတွက် အရေးအကြီးဆုံး နေစရာအခက်အခဲဖြစ်ပြီး လုံခြုံရေးကလည်း အထူးလိုအပ်နေတယ်လို့ ဦးကျော်သူကပြောပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ရသူတွေကို အရေးပေါ်အကူညီတွေပေးဖို့ ဝိုင်းဝန်းဆောင်ရွက်နေချိန်မှာပဲ အခုလက်ရှိလုံခြုံရေး အနေအထားကတော့ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မိထ္ထီလာခရိုင်နဲ့ ပဲခူးတိုင်း အနောက်ခြမ်းတွေမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားဆဲဖြစ်ပြီးတော့ ဆူပူအကြမ်းဖက်မီးရှို့သူလို့ သံသယရှိသူ တော်တော်များများကိုလည်း ဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်နေပါတယ်။ စစ်တပ်နဲ့ရဲလုံခြုံရေးအင်အားတွေ တိုးချဲ့ချထားပေမဲ့ ဒေသခံတွေအနေနဲ့ကတော့ လုံခြုံရေးကို အထူးစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။
XS
SM
MD
LG