သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကဆက် ဂီတပွဲတော်ရောက် မြန်မာရော့ခ်အဖွဲ့


Side Effect ရော့ခ် ဂီတဝိုင်းတော်သားများ။
Side Effect ရော့ခ် ဂီတဝိုင်းတော်သားများ။
မကြာသေးခင်နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေနဲ့အတူ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံလာရာက အနုပညာ အသိုင်းအဝိုင်းအတွက်လည်း လမ်းပွင့်လာရာမှာ အခုဆိုရင် အမေရိကန် ပြည်ထောင်စုက နိုင်ငံတကာ အနုပညာပွဲတော် တခုမှာ မြန်မာနိုင်ငံက ရော့ခ်ဂီတအဖွဲ့ ပါဝင်ဆင်နွှဲခွင့် ရလာတဲ့အထိ ဖြစ်ပါတယ်။ တက္ကဆက် ပြည်နယ်က နာမည်ကျော် South By Southwest ပွဲတော်မှာ မြန်မာရော့ခ်ဂီတအဖွဲ့ Side Effect ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဖျော်ဖြေခွင့် ရခဲ့တာပါ။ မြန်မာနိုင်ငံက ခေတ်ပေါ် ရော့ခ်ဂီတအဖွဲ့ရဲ့ အမေရိကန် ဂီတပွဲတော် အတွေ့အကြုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ South by Southwest အနုပညာပွဲတော်မှာ မြန်မာနိုင်ငံက Side Effect အဖွဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပါဝင်ဆင်နွှဲနိုင်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ နိုင်ငံရေးအရ အထီးကျန်ဖြစ်နေတဲ့ တိုင်းပြည် အခြေအနေအရ အခွင့်မသာခဲ့ပါဘူး။ ဒါပေမဲ့လည်း မကြာသေးခင် နှစ်တွေအတွင်း အပြောင်းအလဲတွေနဲ့အတူ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးခဲ့ရာကာ နိုင်ငံတကာက ပရိသတ်တွေရဲ့အကူအညီနဲ့ သူတို့ အိပ်မက်တွေလည်း အကောင်အထည် ပေါ်လာရတဲ့အကြောင်း Side Effect အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် Darko C က ပြောပါတယ်။

“South By South West ဂီတပွဲကို သွားဖို့ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ အဓိက-ကတော့ ငွေကြေးအခက်အခဲပါ၊ ကျနော်တို့မှာ ပိုက်ဆံမရှိပါဘူး။ ဒါပေမဲ့လည်း သိတဲ့အတိုင်း Pledge Music ဆိုတဲ့ လှုပ်ရှားမှုနဲ့ ပရိသတ်တွေဆီက ကျနော်တို့ ရန်ပုံငွေ ရှာခဲ့ပါတယ်။ ဒါတောင်မှ တဝက်လောက်ပဲ ရပါတယ်။”

၁၉၉၄ ခုနှစ်ကတည်း စတင်ထူထောင်ခဲ့တဲ့ Side Effect အဖွဲ့ဟာ မြန်မာနိုင်ငံက တင်းကြပ်လှတဲ့ ဆင်ဆာဖြတ်တောက်မှုအောက် အနုပညာတွေ ဖန်တီးရင်း ရုန်းကန်ခဲ့ရတာပါ။ ဒါပေမဲ့လည်း နှစ်ပေါင်း ၅ဝ လောက် ပိတ်ထားခဲ့တဲ့ တံခါးတွေ ပွင့်လာရာက ကမ္ဘာကို ခြေဆန့်ဖို့ အသင့်ဖြစ်နေပြီလို့လည်း Side Effect ရော့ခ်ဂီတ အဖွဲ့က Facebook စာမျက်နှာမှာ ကြွေးကြော်ထားပါတယ်။ ဒါကြောင့်လည်း South By Southwest ဂီတပွဲတော်မှာ ဆင်နွှဲခွင့် ရတာဟာ မဟာအောင်မြင်မှု တခုလို့ ပင်တိုင်ဂီတပညာရှင် ဒရမ်မာ ဆာထူးက ပြောပါတယ်။

“ကျနော်တို့အဖွဲ့ဟာ မြန်မာပြည်ကလာတာလို့ တွေ့တဲ့လူတွေကို ပြောပြတဲ့အခါ ‘ဟာ၊ ဟုတ်လား’ ဆိုပြီး တကယ့်ကို စိတ်ဝင်စားကြပါတယ်။”

SXSW ကုမ္ပဏီက ကမကထလုပ်ပြီး ၁ဝ ရက်ကြာ ကျင်းပတဲ့ အနုပညာ ပွဲတော်မှာတော့ ညီလာခံတွေ၊ ကုန်စည်ပြခန်းတွေနဲ့ နိုင်ငံတကာက လုပ်ငန်းရှင်တွေလည်း လာရောက်ကြတာမို့ အနုပညာ လုပ်ငန်းတွေ၊ စီးပွားရေး အဆက်အသွယ်တွေ ချဲ့ထွင်နိုင်မယ့် အခွင့်အလန်းကောင်း တခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အော်စတင်မြို့ တနေရာမှာ ဖျော်ဖြေခွင့်ရတဲ့ အချိန်မှာ တွေးတောင် မတွေးမိခဲ့တဲ့အဖြစ်မျိုးလို့ Side Effect အဖွဲ့က ဖွင့်ဟပြောဆိုခဲ့တာပါ။
…..


အခန်းအနားပေါင်း ၁ဝဝ ကျော်၊ ဂီတပညာရှင်ပေါင်း ၂ ထောင်ကျော်နဲ့ ကမ္ဘာမှာ အကြီးဆုံး ဂီတပွဲတော်တစ်ခုမှာ မြန်မာနိုင်ငံကနေ ထူးထူးခြားခြား ရောက်လာတဲ့ Side Effect အဖွဲ့ကိုတော့ အဝေးရောက် မြန်မာနိုင်ငံသားတွေလည်း ဝမ်းသာအားရ အားပေးခဲ့ကြတာပါ။

“ရိုးရိုးပဲပြောရရင် အင်မတန်မှ ပျော်မိပါတယ်။ စိတ်လှုပ်ရှားလောက်အောင် ပျော်စရာလည်း ကောင်းပါတယ်။”

၁၉၈၇ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပတဲ့ ပွဲတော်မှာတော့ ဂီတ၊ ရုပ်ရှင် စတဲ့ အနုပညာ ပြပွဲတွေ၊ ဖြေဖျော်ပွဲတွေသာမက ဆန်းသစ်တီထွင် ဖန်တီးမှုနဲ့ဆိုင်တဲ့ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံတွေလည်း ကျင်းပလေ့ ရှိပါတယ်။ ပွဲတော်ကာလမှာ ဆွေးနွေးတာ၊ အာရုံစိုက်တာခံရတဲ့ ဂီတဝိုင်းတွေ၊ ရုပ်ရှင်ဇာတ်ကားတွေဟာ ဆိုရင်လည်း အောင်မြင်မှုအတွက် ခြေလှမ်းတရပ် ဖြစ်လာနိုင်တာကြောင့် ကမ္ဘာတလွှားက အနုပညာ လောကသားတွေအတွက် South By Southwest ပွဲတော်ဟာ အရေးပါလေ့ ရှိတတ်ပါတယ်။
XS
SM
MD
LG