သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သားသမီး အရေအတွက် ကန့်သတ်ချက် ကုလဆန့်ကျင်


ရခိုင်ပြည်နယ် စစ်တွေ့မြို့က ဒုက္ခသည်စခန်းတွင်းမြင်ကွင်း
ရခိုင်ပြည်နယ် စစ်တွေ့မြို့က ဒုက္ခသည်စခန်းတွင်းမြင်ကွင်း
မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်တွင်းက အစ္စလာမ်ဘာသာဝင်တွေ အများစု ရှိရာ မြို့၂ မြို့မှာ တအိမ်ထောင် ကလေး ၂ ယောက်ပဲ ယူဖို့ သတ်မှတ် လိုက်တဲ့ အစီအစဉ်ကို လက်မခံနိုင်တဲ့အကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက မူဆလင်မိသားစုတွေ အနေနဲ့ သားသမီး ၂ ယောက်ထက် ပိုမယူကြဖို့ ဒေသခံ အာဏာပိုင်တွေက အမိန့်ထုတ်ပြန် ထားတယ်လို့ သိရတဲ့အကြောင်းနဲ့ ဒီမူဝါဒကို ဥပဒေအဖြစ် ပြဋ္ဌာန်းကျင့်သုံးမယ် ဆိုရင်တော့ ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်အဖြစ် သဘောထားရလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Eduardo del Buey က ကြာသပတေးနေ့ နယူးယောက်မြို့က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

ဒီမူဝါဒဟာ ဒေသခံ မူဆလင် ရိုဟင်ဂျာတွေရဲ့ အခြေခံ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့လည်း သတိပေးလိုက်ပါတယ်။ ကြာသပတေးနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ရိုဟင်ဂျာ မူဆလင်တွေအတွက် ရည်ရွယ်ပြီး ကျင့်သုံးမယ့် မူဝါဒဟာ ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ဆန့်ကျင်တဲ့အကြောင်း ထပ်မံပြောဆိုသွားပါတယ်။

ဒီမူဝါဒကို ပယ်ဖျက်ဖို့အတွက် မြန်မာအစိုးရရဲ့ အဆင့်မြင့် တာဝန်ရှိသူတွေကို ဖိအားပေး တိုက်တွန်း ထားတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ Jen Psaki ကပြောခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တချို့တို့ကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာ ဒေသမှာ အဆမတန် ကြီးထွားလာနေတဲ့ လူဦးရေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ မူဆလင် အိမ်ထောင်စု တခုမှာ ဇနီးမယား တယောက်ထက် ပိုမယူဖို့နဲ့ ကလေး ၂ ယောက်ထက် ပိုမမွေးဖို့ ရခိုင်ပြည်နယ် အစိုးရက မကြာသေးခင်ကပဲ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာသမ္မတရဲ့ ပြောခွင့်ရသူ ဒုတိယပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကတော့ ဒေသန္တရ အစိုးရရဲ့အစီအစဉ်နဲ့ ပတ်သက်လို့ ပြည်ထောင်စု အစိုးရက ကြိုတင်သိရှိထားတာမျိုး မရှိခဲ့တဲ့ အကြောင်းနဲ့ ဒီမူဝါဒကို လက်တွေ့ ကျင့်သုံးသင့်မသင့် ပြန်လည်သုံးသပ်ဖို့ ရှိတဲ့အကြောင်း ဒီသီတင်းပတ် အစောပိုင်းကပဲ ဗွီအိုအေကို ပြောဆိုထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG