သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်ပြန်သွားရေး UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် MoU ထိုးမည်


ဒေါက်တာ ဝင်းမြတ်အေး ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းကို ရောက်ရှိစဉ်
ဒေါက်တာ ဝင်းမြတ်အေး ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းကို ရောက်ရှိစဉ်

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ကိုယ့်သဘောနဲ့ကိုယ်ပြန်နိုင်ရေး လုပ်ငန်းမူဘောင်တွေ ချမှတ်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ MoU တရပ်ကို လက်မှတ်ရေးထိုးကြမယ်လို့ UNHCR ပြောခွင့်ရတဦးက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။

“နေရပ်ပြန်ဖို့အတွက် အခြေအနေတွေ သင့်တင့်လျောက်ပတ်ပြီဆိုရင် ဒုက္ခသည်တွေအနေနဲ့ ဘေးရန်ကင်းပြီး ဂုဏ်သိက္ခာရှိစွာ ကိုယ့်သဘောနဲ့ကိုယ် နိုင်ငံတကာစံနှုန်းစံံထားတွေနဲ့အညီ ပြန်နိုင်ကြရေး” UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ဖို့ရည်ရွယ်ချက်နဲ့ ဒီ MoU ကို လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့ UNHCR ပြောခွင့်ရ Andrej Mahecic က ပြောပါတယ်။ သောကြာနေ့မနက်ပိုင်းကျရင် ဂျီနီဗာမှာ လက်မှတ်ရေးထိုးကြမှာဖြစ်တယ်လို့လည်း ပြောခွင့်ရ Mehcic နဲ့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် Mohammad Shahidul Haque တို့ကပြောပါတယ်။

ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်တွင်းက ပြန်လည်အခြေချနေထိုင်ရေး ယာယီစခန်းတွေကို လွှဲပြောင်းမပေးခင် ထားဖို့အတွက် နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ ကြားစခန်းတွေဖွင့်သွားဖို့ UNHCR က မျှော်လင့်ထားတယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေကို တရားဝင်ပြောဆိုခွင့်မရှိတဲ့အတွက် အမည်ထည့်မပြောဖို့ ပန်ကြားထားတဲ့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ရေးဟာ ဦးစားပေးလုပ်ငန်းတခုဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ကပဲ ပြော ပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ Salman ဘုရင် လူသားစာနာမှုအကူအညီပေးရေးနဲ့ ကယ်ဆယ်ရေးဌာန KSrelief ရဲ့ ကြီးကြပ်ရေး မှူးချုပ် ဒေါက်တာ Abdullah bin Abdulaziz ဟာလည်း ဧပြီလ ၁၁ ရက်နေ့က Cox’s Bazar ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဖွင့်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာအဖွဲ့ IOM ရဲ့ အကူအညီပေးလုပ်ငန်းတွေကို သွားကြည့်ပါတယ်။

ဒါ့အပြင် KSrelief ဌာနက လှူဒါန်းထားတဲ့ ဆန်တွေအပါအဝင် ဒုက္ခသည်တွေကို WFP က ဆန်ပေးဝေတာကိုလည်း ဒေါက်တာ Abdullah နဲ့အဖွဲ့ သွားရောက်ကြည့်ရှုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG