သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအဖွဲ့တွေနဲ့ မြန်မာအကြား ရခိုင်အရေးသဘောတူညီချက်နဲ့ အညီ လုပ်ဆောင်ဖို့ ကုလတိုက်တွန်း


ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရကြား နားလည်မှု စာချွန်လွှာပါ သဘောတူညီချက်တွေ အတိုင်း ရခိုင်အရေးမှာ ထင်သာမြင်သာ တိုးတက်မှုတွေ ဖော်ဆောင်ဖို့ မြန်မာ အစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့ ရခိုင်ဒေသတွင်း ထိထိရောက်ရောက် ဝင်ရောက်ခွင့်ရဖို့၊ ရခိုင်ဒေသတွင်းက မူဆလင်တွေ လွတ်လပ်စွာ သွားလာခွင့်နဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာ အစိုးရကို တိုက်တွန်းတာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်း အခြေအနေတွေ လက်တွေ့ တိုးတက်ရေး မြန်မာ အစိုးရဘက်က ဆောင်ရွက်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးရုံး UNDP တို့က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာ အစိုးရဘက်က ဆောင်ရွက်ဖို့ အဓိက အချက်သုံးခုကို ထောက်ပြတဲ့ အထဲမှာတော့ ရခိုင်ပြည်နယ်ထဲကို ထိထိရောက်ရောက် ဝင်ရောက်ခွင့် အာမခံပေးဖို့၊ လူမှုအသိုင်းအဝိုင်း အားလုံး လွတ်လပ်စွာ သွားလာခွင့် အသေအချာပေးဖို့၊ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့တို့ ဖြစ်ပါတယ်လို့ UNHCR ရဲ့ မြန်မာဆိုင်ရာရုံး ပြောခွင့်ရ Paul Vrieze က ဗွီအိုအေကို အခုလို ပြောပါတယ်။

"ရခိုင်ပြသနာကို ဖြေရှင်းဖို့ကတော့ မလွယ်ကူပါဘူး။ ကျနော်တို့ အနေနဲ့ နားလည်မှု စာချွန်လွှာအရ ရခိုင်ပြည်နယ်ထဲကို တကယ်တန်း ဝင်ရောက်ခွင့်ရဖို့ တောင်းဆိုပါတယ်။ ဒါကလည်း သုံးဘက်စလုံးက သဘောတူထားတဲ့ အချက်ပါ။ MOU သဘောတူညီချက် အရ ကုလ အဖွဲ့အစည်းတွေကို စီမံကိန်း ဒေသတွေကို ဝင်ရောက်ခွင့်ပေးထားတာပါ။ ဒါက အရေးကြီးတဲ့ အချက်ပါ။ MOU ထဲက နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ လွတ်လပ်စွာ သွားလာခွင့်ပါ။ ဒါက ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင်က အကြံပြုထားတဲ့ အချက်လည်း ဖြစ်ပါတယ်။ ရခိုင် အကြံပေး ကော်မရှင်က အကြံပြုထားတဲ့ အချက်တွေကို မြန်မာ အစိုးရဘက်က အကောင်အထည်ဖော်ဖို့လည်း MOU မှာ ပါပါတယ်။ အဓိက ကျတဲ့ အကြံပြုချက်ကတော့ မူဆလင် လူထုကို လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ ဖြစ်ပါတယ်။ တခြား အရင်းခံ အကြောင်းတွေလည်း ပါပါတယ်။ ရခိုင် အကြံပေး ကော်မရှင်က ဖော်ထုတ်ထားတဲ့ အရင်းခံ အကြောင်းရင်းတွေထဲမှာ တခုကတော့ ရခိုင်ပြည်နယ်ထဲက နိုင်ငံသား ဖြစ်ခွင့် ပြည့်မီသူ အားလုံး အတွက် ရှင်းလင်း လွယ်ကူစွာ နိုင်ငံသား ဖြစ်ခွင့်ပေးဖို့လည်း ပါဝင်ပါတယ်။"

UNHCR နဲ့ UNDP တို့က နိုင်ငံတကာ ဝန်ထမ်းတွေ မောင်တောမြို့မှာ အခြေစိုက်ပြီး ရခိုင်မြောက်ပိုင်းမှာ လုပ်ငန်းတွေ စတင်ဖို့ ဇွန်လ ၁၄ ရက်နေ့ကတည်းက ခရီးသွားလာခွင့် တင်ထားပေမယ့် အခုအချိန်ထိ မြန်မာ အစိုးရဘက်က အကြောင်းမပြန်သေးတဲ့ အကြောင်းလည်း ဒီကနေ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြပါတယ်။ UNHCR ၊ UNDP တို့နဲ့ မြန်မာ အစိုးရကြား ရခိုင် ပဋိပက္ခအရေး ဖြေရှင်းဖို့ အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ၂ လအကြာမှာ အခုလို တိုက်တွန်းတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှု ရှိရှိ ဆန္ဒ အလျောက် ဌာနေပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးနိုင်ရေးမှာ မြန်မာ အစိုးရဘက်က သဘောတူညီချက်တွေကို ဦးဆောင် အကောင်အထည်ဖော်လိုမှုက အရေးကြီးတယ်လို့လည်း ထောက်ပြကြပါတယ်။ ရခိုင်ပဋိပက္ခကြောင့် ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ အစိုးရကို တစိုက်မတ်မတ် တွန်းအားပေး ဆောင်ရွက်နေတာပါ။ တကယ်တန်း မြန်မာ အစိုးရဘက်က လက်တွေ့ ဆောင်ရွက်လိုတဲ့ ဆန္ဒ ရှိပါသလားဆိုတာကိုတော့ မြန်မာဆိုင်ရာ UNHCR ပြောခွင့်ရ Paul Verize က အခုလို ပြောပါတယ်။

"အနာဂတ် အရေးကိုတော့ ခန့်မှန်းပြောဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကုလ အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရကြားမှာ ဆွေးနွေးမှုတွေ ရှိပါတယ်။ ဒါက အရေးကြီးပြီး ဒါက တိုးတက်မှုလည်း ဖြစ်ပါတယ်။ အခု နောက်တဆင့်ကတော့ အရေးကြီးတဲ့ အဆင့်ပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းကို လွတ်လပ်စွာ ဝင်ရောက်ခွင့်ရဖို့ ဒါမှမဟုတ်လည်း ထိထိရောက်ရောက် ဝင်ရောက်ခွင့် ရဖို့ပါ။ လူမှု အသိုင်းအဝိုင်းတွေနဲ့ တွေ့ပြီး သူတို့ ဘာတွေ လိုအပ်နေသလဲ ဆိုတာ သိရဖို့ ကုလ ဝန်ထမ်းတွေ လွတ်လပ်စွာ ဝင်ရောက်ခွင့် ရဖို့ ဖြစ်ပါတယ်။ ကုလ ဝန်ထမ်းတွေ အနေနဲ့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ရမယ်ဆိုရင် အကူအညီပေးနိုင်ဖို့ အတွက် လူမှု အသိုင်းအဝိုင်း အားလုံးနဲ့ သွားရောက် တွေ့ဆုံ နိုင်မှာ ဖြစ်ပါတယ်။"

ရိုဟင်ဂျာ သိန်းချီ ထွက်ပြေးရတဲ့ ရခိုင်မြောက်ပိုင်း ပဋိပက္ခက ၁ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။ ရိုဟင်ဂျာတွေက သူတို့ကို နိုင်ငံသားဖြစ်ခွင့် အာမခံဖို့၊ ဘေးကင်းလုံခြုံရေး အာမခံချက်ပေးဖို့ တောင်းဆိုနေကြတာပါ။ မြန်မာ အစိုးရဘက်ကတော့ ထွက်ပြေးရသူ အားလုံးကို လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို နိုင်ငံသား ဖြစ်ခွင့်ကလည်း ဥပဒေ အတိုင်းသာ ဆောင်ရွက်ရမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ လွတ်လပ်စွာ သွားလာခွင့်ကိုလည်း အာမခံထားတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG